(လန်ဒန်၊ ဒီဇင်ဘာလ ၁-ရက်)
၂၀၀၉-ခုနှစ် ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို အာဂျင်တီးနားနိုင်ငံ လက်ရွေးစင်နှင့် ဘာစီလိုနာက လပ်အသင်းမှ တိုက်စစ်မှူးဖြစ်သူ `လီယွန်နယ်မက်ဆီ´ကို ပြင်သစ်နိုင်ငံ ဘောလုံးမဂ္ဂဇင်းမှ ကမကထပြုလုပ် သော အားကစား ကလောင်ရှင်များက ဒီဇင်ဘာလ ၁-ရက်နေ့၌ ရွေးချယ်လိုက်သည်။ မက်ဆီသည် ဤဆုကို ၂၀၀၈-ခုနှစ်က ဥရောပအကောင်းဆုံးနှင့် ကမ္ဘာ့အကောင်းဆုံးဆုရှင်ဖြစ်သူ `စီရိုနယ်ဒို´အား ကျော်ဖြတ်ကာ ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ဥရောပအကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီ ရရှိခြင်းသည် အာဂျင်တီးနားနိုင်ငံ ဘောလုံးသမားများထဲတွင် ပထမဆုံးဖြစ်သည်။ ဘာစီလိုနာကလပ်အသင်း သည် မက်ဆီကို (၂၀၁၆)ခုနှစ်အထိ စာချုပ်ချုပ်ထားပြီး `မက်ဆီကို ၀ယ်ယူလိုပါလျှင် ပြောင်းရွှေ့ကြေးပေါင် (၂၂၈)သန်းပေးရမည်´ဟု ဆိုနေပါသည်။
ယခုနှစ် ဥရောပ အကောင်းဆုံးဘောလုံးသမားဆုကို မဲပေးကြရာတွင် မက်ဆီက (၄၇၃)မဲ၊ ရီးရဲယ်မက်ဒရစ်ကလပ်မှ စီရိုနယ်လ်ဒိုက (၂၃၃)မဲ၊ ဘာစီလိုနာအသင်းမှ ဇာဗီက (၁၇၀)မဲ၊ ဘာစီလိုနာအသင်းမှ အင်နီယေစတာက (၁၄၉)မဲ စသဖြင့် အသီးသီးရရှိခဲ့ကြသည်။ ၂၀၀၉-ခုနှစ် ဥရောပ အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီ ရရှိခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ `၂၀၀၉-ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု´ကိုလည်း မက်ဆီပင် ရရှိရန် သေချာလုနီးပါးဖြစ်နေကြောင်း ဥရောပ အားကစားကလောင်ရှင်များက ပြောကြားနေကြသည်။ (အင်တာနက်)
*** ကမ္ဘာ့တင်းနစ်ချန်ပီယံပြိုင်ပွဲတွင် ရုရှားနိုင်ငံသား `ဒေဗီဒန်ကို´ဖလားဆွတ်ခူး***
(လန်ဒန်၊ ဒီဇင်ဘာလ ၁-ရက်)
`နီကိုလေဒေဗီဒန်ကို´သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ ကျင်းပသော ကမ္ဘာ့တင်းနစ်ချန်ပီယံပြိုင်ပွဲ ဗိုလ်လုပွဲတွင် နာမည်ရသော အာဂျင်တီးနားနိုင်ငံသား တင်းနစ်ကစားသမား `ဒီပိုထရို´အား အနိုင်ရရှိပြီးနောက် ပထမဦးဆုံးသော `အေတီပီ ကမ္ဘာ့ချန်ပီယံတင်းနစ်ဖလား´ကို ဆွတ်ခူးနိုင်သည့် ရုရှားနိုင်ငံသား ဖြစ်လာသည်။ အသက် ၂၈-နှစ်ရှိ ရုရှားတင်းနစ်ကစားသမား ဒေဗီဒန်ကို သည် ယူအက်စ်အိုးပင်း ချန်ပီယံဖြစ်သူ ဒီပိုထရိုအား (၆-၃၊ ၆-၄)ဖြင့် အနိုင်ရရှိပြီးနောက်ဆုဖလားနှင့်အတူ ဆုကြေငွေ (ပေါင်- ၉-သိန်း)ဆွတ်ခူးရရှိသွားသည်။ (အင်တာနက်)
*** ပီအက်စ်ဗွီ အသင်းမှ တိုက်စစ်မှူး ဒန်ကိုလာဇိုဗစ်အား အဲဗာတန်နည်းပြက ခေါ်ယူရန်ကြိုးစား***
အင်္ဂလိပ်ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် အဲဗာတန်ကလပ် အသင်းနည်းပြ ဒေးဗစ်မိုယက်စ်သည် နယ်သာလန်နိုငငံ ပီအက်စ်ဗွီအင်ဟိုဗန်ကလပ်အသင်းမှ တိုက်စစ်မှူးဖြစ်သူ-`ဒန်ကိုလာဇိုဗစ်´အား ခေါ်ယူရန်ကြိုးပမ်းနေကြောင်း သိရသည်။ (အင်တာနက်)
*** လာမည့်အပြောင်းရွှေ့ရာသီတွင် ကစားသမား အသစ်များ ခေါ်ယူမည်ဟု ပို့စ်မောက်နည်းပြသစ် ဂရန့်က ပြောကြား***
ပို့စ်မောက်ကလပ်အသင်းကို အင်အားတောင့်တင်းစေရန်အတွက် လာမည့်(၂၀၁၀)ခုနှစ် ဇန်န၀ါရီလ အပြောင်အရွှေ့ရာသီတွင် ကစားသမားသစ်များကို ခေါ်ယသသွားမည်ဖြစ်ကြောင်း၊ ယခုရာသီတွင်လည်း တန်းမဆင်းရရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပို့စ်မောက်အသင်းနည်းပြသစ်ဖြစ်သူ-အေဗရန်ဂရန့်(ချဲလ်ဆီးအသင်းနည်းပြဟောင်း)က ပြောဆိုလိုက်သည်။ (အင်တာနက်)
*** ဂိုးသမားရောဘတ်ဂရီးအား ပေါင် ၅-သန်းရလျှင် ရောင်းမည်ဟု ၀က်စ်ဟမ်းအသင်းက ပြောဆို***
ငွေကြေးအကျပ်အတည်းနှင့် တွေ့ကြုံနေရသော ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ၀က်စ်ဟမ်းကလပ်အသင်းသည် မိမိတို့အသင်းမှ အင်္ဂလန်နိုင်ငံလက်ရွေးစင်နှင့် ကလပ်အသင်း ဂိုးသမားဖြစ်သူ-`ရောဘတ်ဂရီး´အား ပေါင် ၅-သန်းဝန်းကျင်ခန့် ရရှိမည်ဆိုပါက ရောင်းထုတ်မည်ဖြစ်ကြောင်း ပြောဆိုသည်။ (အင်တာနက်)
*** လာမည့် အပြောင်းအရွှေ့ရာသီဈေးကွက်တွင် ကစားသမားအသစ်များကို ချဲလ်ဆီးအသင်းက ခေါ်မည်မဟုတ်***
ချဲလ်ဆီးကလပ်အသင်းတွင် ဒဏ်ရာရရှိမှုများ မရှိပါက လာမည့် (၂၀၁၀)ခုနှစ်၊ ဇန်န၀ါရီလ အပြောင်းအရွှေ့ ရာသီဈေးကွက်၌ ကစားသမားအသစ်များကို ခေါ်ယူစာချုပ်ချုပ်ရန် အစီအစဉ်မရှိကြောင်း ချဲလ်ဆီးအသင်းနည်းပြ-အန်ဆယ်လော့တီက ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
*** ၂၀၀၉-ခုနှစ် ဥရောပအကောင်းဆု့း ဘောလုံးသမားဆုကို မက်ဆီ ဆွတ်ခူး***

No comments:
Post a Comment