ပစ္စုပ္ပန် ၀တ္ထု
(မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်- မလ္လိကာ မိဖုရားအပေါ် ကောသလမင်းကြီး ငြိုငြင်ခြင်းကို အကြောင်းပြု၍ သင့်တင့်ညီညွတ်အောင် ပြုခဲ့သည်နှင့် ပတ်သက်၍ ဟောကြားတော်မူသည်။)
ကောသလမင်းကြီးသည် တူတော်မောင်အဇောတသတ်နှင့် စစ်ရှုံးး၍ တစ်ပါးတည်း မြင်းစီး၍ ပြန်လာခိုက် တောတွင်းမှ မလ္လကာ၏ သီချင်းသံကြားမှ နှစ်ပါးကြည်ကြပြီး မိဖုရားကြီး အဖြစ်တင်မြှောက်ခဲ့သော် အလွန်အရေးပေးထား၏။ တစ်နေ့တွင် မင်းကြီးနှင့် မိဖုရားကြီးတို့ စကားနိုင်လုရာမှ စိတ်ဆိုးပြီး စကားမပြောဘဲ နေကြရာ မြတ်စွာဘုရား နန်းတော်သို့ ဆွမ်းစားကြွစဉ် မိဖုရားကြီးကို မမြင်၍ မေးရာမှ မင်းကြီးက မိဖုရားအပေါ် စိတ်ဆိုးနေကြောင်းသိရ၏။ ထိုအခါ မြတ်စွာဘုရားက `မင်းကြီး… မိဖုရားကို သင်ကိုယ်တိုင် စည်းစိမ်ပေး၍ ချီးမြှောက်ခဲ့ပါလျက် သူပြုအပ်သော အမူကို အဘယ်ကြောင့် သည်းမခံနိုင်သနည်း´ဟု မေးမြန်းတော်မူ၍ မင်းနှင့် မိဖုရားတို့ ပြန်လည် ညီညွတ်သွားသည်ကို အကြောင်းပြု၍ ဟောကြားတော်မူလေသည်။
အတိတ်ဇာတ်
ဗာရာဏသီ၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်… ဘုရားလောင်းသည် ပညာရှိအမတ်ဖြစ်လေ၏။
တစ်နေ့တွင် မင်းကြီးသည် လေသာပြတင်းပေါက်မှ ကြည့်စဉ် အ၀တ်အထည်နွမ်းပါးသော်လည်း အလှပန်းပွင့်နေသော ဆီးသီးသည်မလေးကို မြင်လိုက်သည်နှင့် တပ်မက်သဖြင့် ခေါ်ယူသိမ်းပိုက်ပြီး သုဇာတာ မိဖုရားအဖြစ် ချီးမြှင့်မြှောက်စား၍ အမြတ်တနိုး ထားခဲ့လေသည်။
နှစ်ပေါင်းအတော်ကြာခဲ့လေသော် မင်းကြီးသည် နေ့လယ်နေ့ခင်း ပွဲတော်အုပ်အတွင်း၌ ဆီးသီးကိုထည့်၍ စားနေစဉ် သုဇာတာမိဖုရားကြီး ရောက်လာပြီး `အရှင်မင်းမြတ်စားသုံးနေသည့် နီနီလုံးလုံးကလေးတွေဟာ ဘာသီးလဲ ဘုရား´ဟု ကျီစယ်လိုသည့်သဘောဖြင့် မေးမြန်းရာ မင်းကြီး၏ စိတ်အခန့်မသင့်ခိုက် ကြုံကြိုက်သဖြင့် ဆီးသီးရောင်းပြီး စားနေရသော ဆီးသီးသည်မက ဆီးသီးကို မမှတ်မိလေရော့သလားဟု ရုတ်ခနဲ ဒေါသထွက်ကာ `ဆီးသီးသည်မကို ဆီးသီးသည် အိမ်ပြန်ပို့လိုက်ပေတော့´ဟု အမိန့်ချမှတ်လိုက်၏။
ထိုအခါ အနီးတွင် ရှိသော ပညာရှိအမတ်က `မင်းကြီး… မိန်းမတို့သည် အခြံအရံ ကျော်စောခြင်းတို့နှင့် ပြည့်စုံလာလေလျှင် ဘ၀ကိုမေ့တတ်မြဲ ဓမ္မတာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သုဇာတာမိဖုရားအား ခွင့်လွတ်တော်မူပါ´ဟု ကြားဝင်လျှောက်ထားသည့်အခါ မင်းကြီးသည် သတိတရားရ၍ မိဖုရားအား အပြစ်မှ ခွင့်လွတ်လိုက်ပြီး မင်းနှင့် မိဖုရားနှစ်ပါးတို့ သင့်မြတ်၍ သွားကြလေသည်။
ဇာတ်ပေါင်းသော်
ရှေးဗာရာဏသီ မင်းသည်- ယခု ကောသလမင်း၊
သုဇာတာသည်- ယခု မလ္လိကာမိဖုရားကြီး၊
ပညာရှိသည်- ငါဘုရား၊ ဟု ဇာတ်တော်ကို ပေါင်း၏။
***ဦးလှခင်-ဆန်းညွန့်ဦး***
(စတုက္ကနိပါတ် ၃၀၆၊ သုဇာတာဇာတ်)

No comments:
Post a Comment