စာရှုသူများခင်ဗျား…။ ကျနော်တို့ မြန်မာအလုပ်သမားတွေရဲ့ ဘ၀ဟာ အလိုလိုနေရင်း လူစင်စစ်ကနေ `ဘိန်း မုန့်လိုလို´ `ဆနွင်းမကင်း လိုလို´ ဖြစ်ကုန်ပါပြီ။ ဆိုလိုတာက အပေါ်ပူ၊ အောက်ပူနဲ့ ပူနေရတဲ့ အဲဒီဆနွင်း မကင်းနဲ့ ဘိန်းမုန့်တို့ရဲ့ ဘ၀ထက်တောင် ဆိုးချင် ဆိုးနေပါဦးမယ်။ မြန်မာပြည်မှာ အလုပ်အကိုင်ရှားပါးပြီး ငတ်မွတ်ခေါင်းပါး ကြတာကြောင့် ထိုင်းနိုင်ငံထဲကို ၀င်ပေါက်အမျိုးမျိုးကနေ ၀င်ရောက်လာကြပြီး နည်းပါးတဲ့ လုပ်ခနဲ့ များပြားတဲ့ အလုပ်ချိန်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း လုပ်ကိုင်စားသောက်ကြရတာပါ။ ဟော… အခုကြည့်။ ထိုင်း အာဏာပိုင်တွေက စစ်ရဟတ်ယာဉ်နဲ့ ကင်းလှည့်ရင်း သူတို့ရဲ့
(၄၄)ကီလိုမီတာကျေးရွာက နယ်ခြားစောင့်တပ်ရင်းနဲ့ မနီးမဝေးကပ်လျက်ရှိနေတဲ့ `ခရမ်းချဉ်သီ်းစိုက်ခင်း´ကို ဖျက်သိမ်းရွှေ့ပြောင်းစေခိုင်းလိုက်ပါပြီ။ မုံလူမျိုး(ခေါ်)မျှော့လူမျိုး အလုပ်ရှင်ဆီမှာ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ် မြို့နယ်တွေထဲက မြန်မာလယ်သမားတွေ(၀ါ) ထိုင်းနိုင်ငံရောက်တော့ မြန်မာစိုက်ပျိုးရေးလုပ်သားအဖြစ် ၀င်ရောက်လုပ်ကိုင်ကြရတာပေါ့။ အဲဒီလို… (၉၊ ၁၀)နှစ်လောက် ဟောဒီဖုတ်ဖရားမြို့နယ်၊ ၄၄-ကီလိုမီတာကျေးရွာအနီးမှာ `တနှစ်ပတ်လုံး ခရမ်းချဉ် သီးစိုက်ခင်း´အနေနဲ့ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြတာကို (အခု ဒီဇင်ဘာ ၁၃-ရက်နေ့ကျမှ (၃)ရက်အတွင်း ဒီနေရာက ပြောင်းပေးရမယ်တဲ့။ ကိုယ့်အိမ်ကိုယ်ဖျက်ပြီး ပြောင်းကြရမယ်တဲ့)။ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရမလား။ ဒါမှမဟုတ် ကျားကိုလည်း ကြောက်ရ၊ ကျားချေးလည်းကြောက်ရ၊ ယုတ်စွအဆုံး… ကျားချေးထဲက လောက်ကိုပါ ကြောက်ကြရတာမို့ (အားလုံးကို ကြောက်ပါတယ်ခင်ဗျား/ ရှင့်)ရယ်လို့ လက်မြှောက်အရှုံးပေးကြရမှာလား။ ရိုးရိုးသားသားနဲ့ တစ်နေ့လုပ်အားခ (၇၀)ဘတ်၊ အလုပ်ကြပ် (၀န်န)က ၈၀-ဘတ်နဲ့ လုပ်ကိုင်စားသောက်နေကြတာ၊ အော်ဟစ်ဆူပူနေကြတာလည်း မကြားကြရပါဘူး။ ပြဿနာကြီးကြီးမားမားဖြစ်တာ၊ ခုတ်ကြ၊ သတ်ကြတာလည်း ဒီနေရာမှာ မရှိကြပါဘူး။ ဒါနဲ့တောင်မှ ထိုင်းနိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တယ်ဆိုရင်တော့ `အမြီးကိုင်ပြီးသာ တောင်းပန်လိုက်ချင်ပါရဲ့ဗျာ´။ ဟောဒီခရမ်းချဉ်စိုက်ခင်းက လူတွေ ဘယ်ရောက်ကုန်ပြီလဲ။ ဖုတ်ဖရားမြို့နယ်က လူထုစည်းရုံးရေးမှူး-ကိုဓူဝံပြောတာက `သူတို့ မိသားစုတွေ (ခန့်မှန်းခြေ- လူ ၁၅၀)လောက်ဟာ ပါခယ်ကျေးရွာဘက်ကို ရွှေ့ပြောင်းသွားကြပြီဗျ။ တချို့လည်း ဟိုမှာက မူလအလုပ်သမား (၁၀၀၀)ကျော်ရှိတာဆိုတော့ အလုပ်အကိုင်ကို မြန်မာအချင်းချင်း လုလုပ်သလို ဖြစ်မှာ စိုးလို့ထင်ပါရဲ့။ တခြားရွာတွေဘက်မှာ အလုပ်လိုက်ရှာနေကြတယ်လို့ သိရတယ်ဗျ။ ဒီခရမ်းချဉ်သီးစိုက်ခင်းက လျှပ်စစ်မီးတောင် သူဌေးက မပေးဘူးဗျ။ အလုပ်သမားတွေ ရှိတာကို ထိုင်းအာဏာပိုင်တွေ သိမှာစိုးလို့။ သူတို့ ဒီလိုပဲ ၉-နှစ်၊ ၁၀-နှစ်လုံးလုံး မီးမှောင်မှောင်နဲ့ပဲ နေ့စားခ (၇၀၊ ၈၀)ဘတ်လောက်ရဖို့အရေး ချွေးတစ်လုံးလုံးနဲ့ လုပ်သွားကြရတာပါပဲ။ အခုတော့ ထိုင်းနိုင်ငံ လုံခြုံရေးကို ခြမ်းခြောက်တယ်တဲ့ဗျာ။ ကျနော်တော့ ဘယ်လိုမှ ခံစားလို့မရတဲ့ (လုံခြုံရေး)ဆိုတဲ့ စကားလုံးပါပဲ´လို့ ရှင်းပြပါတယ်။
ဒါတင်ပဲလား ဆိုတော့ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တောင်ဖက်က ဖုတ်ဖရားမြို့နယ်အတွင်းမှာ အခုအချိန် အခါငြုပ်သီးဆွတ်ကြ၊ ကြံခုတ်ကြ၊ အာလူးစိုက်ခင်းနဲ့ လွေ့စိုက်ခင်းကို ပျိုးထောင်ကြ၊ ရွှေဒင်္ဂါးနဲ့ နှင်းဆီစိုက်ခင်းကို ယုယကြနဲ့ မြန်မာပြည်သား လယ်သမားတွေ(၀ါ) ထိုင်းနိုင်ငံရောက် မြန်မာစိုက်ပျိုးရေးလုပ်သားတွေရဲ့ နေ့စားခ (၅၅၊ ၆၀၊ ၆၅၊ ၇၀၊ ၈၀၊ ၁၀၀)စသဖြင့် ဒေသအလိုက် လုပ်အားခစံနှုန်းမတူညီပုံတွေ၊ တနင်္ဂနွေနေ့နဲ့ ထိုင်းနိုင်ငံ နေ့ကြီးရက်ကြီးတွေကို အလုပ်ပိတ်မပေးပုံတွေ၊ နေထိုင်မကောင်းရင် မဲဆောက်ဆေးရုံကြီးကို ဖြစ်စေ၊ မယ်တော်ဆေးခန်းကိုဖြစ်စေ၊ ဖုတ်ဖရားမြို့နယ် ဘက်ကနေ လိုင်းကားစီးပြီးလာရင် (လိုင်းကားခက ဂိတ်အစ- ဂိတ်အဆုံးဆို (၆၀-ဘတ်)ဖုတ်ဖရားမြို့နယ် ဧရိယာထဲက အလာလမ်းမှာ မဲဆောက်မြို့အ၀င် မယ်ကုကျေးရွာ ပုလိပ်ဂိတ်တစ်ဂိတ်ကိုပဲ ဘတ် (၁၀၀)ပေးရမယ်ထားတော့။ မဲဆောက်ဆေးရုံကြီးကို ဘာသာစကား မပေါက်ရောက်မှုနဲ့ အလုပ်သမားလက်မှတ်နဲ့ ဘာလက်မှတ်မှ မရှိလို့ မသွားရဲဘူးဆိုရင် မယ်တော်ဆေးခန်း(ခေါ်)ကျောင်းသားဆေးခန်းဆီကို သွားကြရမှာပါ။ အဲဒီမှာ လမ်းမှာ ပတ်တရောင်လှည့်တဲ့ ရွှေခေါင်း (ခေါ်) ပတ်တရောင်ရဲနဲ့ နှစ်ခါလောက်တိုးရင် (တစ်ခါတွေ့ရင် ဘတ် ၁၀၀-နှုန်းလေ)။ ဟော… အပြန်လမ်းကို ရှုစားပါဦး။ အပြန်လမ်းက ပိုပြီး ပိုက်ဆံဆောင်ထားမှ ရမယ်။ မဲဆောက်မြို့ကအထွက် ၇-ကီလိုမီတာက (၁) မယ်ကုပုလိပ်ဂိတ်၊ (၁၀၀)ဘတ် ပေးလိုက်၊ (၂) ၂၅-ကီလိုမီတာအကွာက ကြယ်ဒီိခို့ကျေးရွာကြီး ပုလိပ်ဂိတ် (၁၀၀-ဘတ်)ပေးလိုက်၊ မပေးရင် အဲဒီပုလိပ်ဂိတ်အချုပ်ခန်းထဲကို ခေါ်သွားမယ်၊ မိန်းကလေးတွေဆို ဟိုကိုင်ဒီစမ်းအနေအထားကနေ ဘ၀လုံးလုံးပျက်ရသူတွေရှိခဲ့တယ်။ (၃) ၃၁-ကီလိုမီတာအကွာမှာရှိတဲ့ `ဝှေ့နူကလီကျေးရွာ´ပုလိပ်ဂိတ်၊ ဒီဂိတ်ကတော့ ပုံမှန်ဆိုရင် မတားဆီး၊ မစစ်ဆေးဘူး၊ အထူးစီမံချက်ဆိုရင် ရှာတတ်တယ်။ အထူးစီမံချက်ဆိုရင် ရဲကားပေါ်သာတက်လိုက်သွားပေရော့။ သဟာဆိုရင် ဖုတ်ဖရားမြို့နယ်ထဲကနေ မဲဆောက်မြို့ပေါ်တက်ပြီး ကျန်းမာရေးအရ၊ ဈေးဝယ်ချင်တဲ့ စိတ်ဆန္ဒအရ၊ မြန်မာပြည်ကို ပြန်ချင်တဲ့ ဆန္ဒအရ… စသဖြင့် အလုပ်သမားလက်မှတ် (Workpermit) မရှိပဲ တက်လာရင် မြန်မာအလုပ်သမားတစ်ဦးဟာ အနည်းဆုံး ဘတ်(၆၀၀)လောက်သာ အိတ်ထဲဆောင်ထားပေတော့။ ကိုင်း… ဒါဆိုရင် ဒီလောက်ထိုင်းရဲတွေ၊ ထိုင်းလ၀က၊ ထိုင်းနယ်ခြားစောင့် စသဖြင့် အဖမ်းအဆီး အစစ်အဆေး ထူပြောလှတဲ့ ကြားထဲက မြန်မာအလုပ်သမားတွေ ဘာဖြစ်လို့ထိုင်းနိုင်ငံထဲကို ၀င်လာမစဲ- တသဲသဲ ဖြစ်နေတာပါလိမ့်။ မြန်မာပြည်က တချို့ဆိုရင် ကိုယ့်လယ်သိမ်းခံ၊ ယာသိမ်းခံ၊ အိမ်ဖျက် အိမ်သိမ်းခံ၊ စသဖြင့် ခံနည်းပေါင်းစုံနဲ့ ခံလာကြပြီးမှ ဘာကြောင့်များ ထိုင်းနိုင်ငံထဲမှာ ထိုင်းအလုပ်သမားတွေ မလုပ်ချင်တဲ့ ညစ်ပတ်တဲ့အလုပ်၊ ခက်ခဲကြမ်းတမ်းတဲ့အလုပ်၊ အန္တရာယ်ရှိတဲ့အလုပ်တွေကို ထိုင်းအလုပ်သမားတွေ မလုပ်နိုင်တဲ့ နေ့စားခတွေနဲ့ မြန်မာအလုပ်သမားတွေ လုပ်နေကြပါလိမ့်။ ဒီမေးခွန်းရဲ့အဖြေကို ဟောဒီလင်္ကာလေးနဲ့ လိုရင်းတိုရှင်းပဲ ခင်ဗျားကို ဖြေလိုက်မယ်။ `ဒီမင်း ဒီစိုး၊ ဒီသူခိုးနဲ့… ဒီလူ ဒီခေတ် ဒီစနစ်ကြောင့်´ရယ်လို့ ခင်ဗျားလည်းပဲ ကျနော်မပြောလည်း သိနေမှာပါဗျာ။ ကဲ… ဖုတ်ဖရားမြို့နယ်အတွင်းက မြန်မာလယ်သမား(၀ါ) ထိုင်းနိုင်ငံရောက် မြန်မာစိုက်ပျိုးရေးအလုပ်သမားတွေရဲ့ လုပ်ငန်းခွင်အသီးသီးကို ရှုစားလိုက်ပါဦး…။
***ခံစားတင်ပြသူ-သောင်ရင်းနဂါး (မြန်မာပြည်သား)***

No comments:
Post a Comment