စစ် အတ္ထုပ္ပတ္တိ ဂွကျကျ ၊ အနှစ်နှစ် အလလ အထက်က ဂုတ်ခွစီးပြီး
စစ်သူတောင်းစားများ ၊ တင့်တောင့်တင့်တယ် မလိမ်မိုးမလိမ်မာ လိမ် တင်တောင်းမဲ့
လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်မရှိတဲ့ အမင်္ဂလာပွဲ သီတင်းကျွတ်ရင် ကျင်းပမယ် ၊
တိုင်းပြည် သတိုးသမီးက ကိုယ့်ကိုကိုယ် ကြိုးဆွဲချသေချင်စိတ် ဖြစ်သလိုမျိုး
နာဂစ်ထက်ဆိုးတဲ့ သတိုးသားယောင်ဆောင်ထားတဲ့ စစ်ဝရမ်းပြေး ဖွဲ့စည်းပုံ က
ဘ၀တွေကို ပေါ်တာလို ဖမ်းချုပ်ဖို့အကွက်ဆင် အမိဖမ်းနေတယ်။
**စစ်ကိုအတူတူ ဆင်းဆင်းရဲရဲ ထမင်းရည်ပူယက်သလို မယက်နိုင်တော့
ချစ်သူတွေနဲ့ သဘောထားမကွဲပဲ ခွဲခဲ့ရတဲ့ခေတ်မှာ
အန္တရာယ် နဲ့ ဒုက္ခတွေ ပူးတွဲ ခြေစွမ်းပြကြလို့
သက္ကရာဇ် နှစ်သစ် နေ့ရက်တွေ နှာခေါင်းရှုံ့ချိန်မရခင်
ဒဏ်ရာအဟောင်းမှာ ဘ၀ နှာခေါင်းသွေး လျှံခဲ့ပြီ ၊
စစ်စနစ် ခွဲစိတ်မှား ၊၀ါဒ ဆေးထိုးမှား ၊ဒဿန ဆေးသောက်မှားလို့
တိတိကျကျ မပြတ်သားတဲ့ အတွေးအခေါ်များလဲ သေဆုံးခဲ့ဘူးတယ် ၊
အနွေးထည်မလိုအောင် ပူပြင်းတဲ့ ဘ၀ မာရသွန် ခရီးရှည်မှာ
အအေးမိ တွေဝေစိတ်နဲ့ အမှားကို လက်ပိုက်ကြည့်ပြီး မိုက်ရူးရဲမဆန်ချင်ကြနဲ့ ။
**လက်မရွံသမားတွေရဲ့ သွေးရူးသွေးတန်း ကြော်ငြာ စစ်ကြွေးကြော်သံများက
ရောင်းအားမကောင်းတဲ့ သွင်းကုန် ထုတ်ကုန်လို အတ္တအကျိုးစီးပွားကို မျှော်ကိုးတယ် ၊
ကြော်ငြာဆိုင်းဘုတ်တွေနဲ့အပြိုင် ဆိုင်းဘုတ်ကြီးကြီးပေါ်မှာ
သဘောထား သေးသိမ်တဲ့ သမားတုလို လက်စွဲဆောင်ပုဒ်တွေနဲ့
စစ်ယစ်ထုတ်များ အာဏာဝမ်းချုပ်နေတယ် ။
**စစ်ခါးပတ်နဲ့ အရိုက်ခံရလို့ ခေတ်ရဲ့ဘ၀ကျောပြင်မှာ
မြင်မကောင်းအောင် နာကျည်းချက် အရှိုးရာတွေပြည့်နှက်နေတယ်၊
စစ်ဖိနပ်နဲ့ အကန်ခံရလို့ တိုင်းပြည် ရဲ့ စီးပွားရေး နံရိုးလဲ အပြိုင်းပြိုင်းကျိုးနေတယ် ၊
တနိုင်ငံလုံး စစ်မြေပြင်အသွင်ဆောင်ပြီး
အဓမ္မ ပြည့်တန်ဆာလို စစ်အတ္တတွေ ဖရိုဖရဲ ၀ုန်းဒိုင်းကြဲနေတယ် ။
**စည်းစနစ်မရှိတဲ့ ကမောက်ကမ ဖြစ်စဉ်များထဲ
ပရမ်းပတာ ကြမ်းကြမ်းတမ်းတမ်း စီးမျောဆဲမှာ
ညစ်ညမ်းလေထုကို ပြန်ရှုရိုက်သလို နှလုံးသားများ မောဟိုက်နေတယ် ၊
ဒွိဟဖြစ်စရာမလိုတဲ့ ပြဿနာများ အလုံးအရင်းတိုက်ခိုက်နေတယ် ၊
အဆိုးကြုံလို့ အရိုးတွေ တောင်လိုပုံနေတယ် ။
**ဖယ်ဒရယ်ဆိုတာ ခွဲထွက်ရေး မဟုတ်ပဲ
ပေါင်းစည်းရေးမှန်း ကောင်းကောင်းမှန်းဆ မတွေးတောကြဘူး၊
အမိမြေ ရင်ကွဲ ပက်လက်မဖြစ်ဖို့
ရင်ကြားစေ့ရေးကိုလဲ လစ်လျှူရှုကြပြန်တယ်။
**လူမစည်ကားအပ်တဲ့ နေရာတွေဖြစ်တဲ့
ထောင် ၊ ဆေးရုံ ၊ တရားရုံးမှာ လူတွေ စုရုံး ၀ရုန်းသုံးကားဖြစ်နေကြတယ်
ငွေတွေနဲ့အတူ ဒဏ်ရာများ ဖောင်းပွ
သောကများ တအုံနွေးနွေးမှ တဟုန်းဟုန်း တောက်လောင်နေပြီ ။
**ခြေလှမ်းဖွဖွ ၀င်လာတဲ့ ကျယ်ကျယ်လောင်လောင် မတရား ရွေးကောက်ပွဲသတင်းများ
မပီမပြင် ပြတ်ပြတ်သားသားရုပ်မြင်သံကြားလို အရုပ်ထင်
အမှန်တရားပြောရင် ရွာပြင်ထုတ်ယုံမက
နှစ်ရှည် ပြည်နှင်ဒဏ်ပါထိတဲ့ ဥပဒေမဲ့ခေတ်မှာ
သတင်းထောက်တွေရဲ့ အနာဂတ်အိမ်ယာဟာ ထောင်ဖြစ်တော့မယ်။
**အမှောင်အကျဉ်းထောင်တွေ တောင်များလိုကာရံထားလဲ
ယုံကြည်ချက်များ ဓားသွားလို ထက်မြက်
ခံယူချက်များ သံမဏိလို မာကြော
တရားလိုတွေ တရားခံဖြစ်တဲ့ မိုက်ရိုင်းတဲ့ တစ်ခါသုံး စစ်စနစ်ကို စစ်ကြေငြာပြီး
၂၀၁၀ အမင်္ဂလာပွဲ သီတင်းကျွတ်ရက် မရောက်ခင်
ကမ္ဘာ့မြေအပြင်ဖက်ကို အမိမြေက ၀ိုင်းဝန်း လွှင့်ပစ်လိုက်ချင်ပြီ ။
***အောင်ခိုင်မြင့်***
**ကောင်းကွက်တွေ တစ်ကွက်တလေမှ ၊ ဟုတ်တိပတ်တိ မရှိတဲ့

No comments:
Post a Comment