မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်- လှပစွာ ပြင်ဆင်ထားသည့် မိန်းမလှတစ်ယောက်ကို မြင်၍ စွဲလမ်းသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အတိတ်ဇာတ်ကို ဟောကြားတော်မူသည်ကား-
***အတိတ်ဇာတ်***
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်-
ဘုရားလောင်းတော်သည် နိဂုံးရွာတွင် ကုဋေရှစ်ဆယ် ကြွယ်ဝသော အမျိုး၌ဖြစ်၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိ၍ `ဟုရိတစ´အမည်ရ၏။ တက္ကသိုလ်တွင် ပညာသင်ကြားပြီးနောက် မိဘများက ပစ္စည်းများ လွှဲအပ်ပေး၏။ မကြာမီ မိဘနှစ်ပါး ကွယ်လွန်သွားကြ၏။
ဟုရိတစသည် ဥစ္စာပုံကြီးကိုကြည့်၍ ဤပစ္စည်းပုံကြီးသာ ကျန်တော့သည်။ ရှာဖွေစုဆောင်းခဲ့ကြသော ဥစ္စာရှင်များ မရှိကြတော့။ ငါသည်လည်း သေမင်းခံတွင်းသို့ ရောက်ရမည်သာတည်းဟု သံဝေဂဖြစ်၍ သေဘေးမှကြောက်သဖြင့် ရှိရှိသမျှ ပေးလှူစွန့်ကြဲပြီးလျှင် ဟိမန္တာသို့ဝင်၍ အားထုတ်ရာ ဈာန်အဘိညာဉ်ကို ရလေသည်။
**ဗြဟ္မဒတ်မင်းပင်လျှောက်ခြင်း.**
ဘုရားလောင်းရသေ့သည် သစ်ဥ သစ်ဖု တို့ကိုသာ သုံးဆောင်မှီဝဲရပြီး ချဉ်ဆားမှီဝဲအံ့သောငှာ ဗာရာဏသီမြို့တွင် သို့ကြွသွား၏။
ဗြဟ္မဒတ်မင်းကြီးသည် ဘုရားလောင်း ရသေ့၏။ ဣနြေ္ဒသိက္ခာ ရင့်ကျက်သည်တို့ကို ဖူးမြော်ရ၍ လွန်စွာကြည်ညိုပြီး နန်းတော်သို့ပင့်၍ ဆွမ်းဘောဇဉ်တို့ဖြင့် လုပ်ကျွေးပြုစု၏။
မင်းကြီးက ဘုရားလောင်းရသေ့အား နေ့စဉ် နန်းတော်သို့ ကြွရောက် ဘုဉ်းပေးရန် လျှောက်ထား၏။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး လေးပါးသော ပစ္စည်းတို့ကို လိုလေသေးမရှိ တာဝန်ယူပါမည်ဟု လျှောက်ထား၏။ ဘုရားလောင်းရသေ့လည်း ဆိတ်ဆိတ်နေ၍ ခွင့်ပြု၏။
မင်းကြီးသည် သူ့ဥယျာဉ်တော်ထဲတွင် ကျောင်းသင်္ခမ်း ဆောက်လုပ်၍လှူဒါန်း၏။ ရသေ့သည် နေ့စဉ်ပင် နန်းတော်သို့ ကြွရောက်၍ ဆွမ်းဘုဉ်းပေးလေသည်။
တစ်နေ့တွင် သူခိုးဓားပြများ ထကြွသောင်းကျန်း၍ မင်းကြီးကိုယ်တိုင် ဦးစီးကွပ်ကဲကာ သွားရောက် နှိမ်နင်းရ၏။ ဘုရားလောင်း ရသေ့အား ပြုစုစောင့်ရှောက်ရန် မိဖုရားကြီးအား မှာကြားခဲ့၏။ မိဖုရားကြီးသည် မင်းကြီးမှာကြားသည့်အတိုင်း နေ့စဉ်ပင် ဆွမ်းဘောဇဉ်ကို စီစဉ်လှူဒါန်း၏။
တစ်နေ့တွင် မိဖုရားကြီးသည် ဆွမ်းဘောဇဉ်တို့ကို ကောင်းမွန်စွာစီရင်ပြီး ရေမိုးချိုး၊ နံ့သာပျောင်းလိမ်းကျံ၊ ကောင်းမွန်သောအ၀တ်များ ၀တ်ဆင်ကာ ညောင်စောင်းပေါ်အိပ်နေ၏။
ဘုရားလောင်းရသေ့သည် ဆွမ်းစားချိန်ရောက်၍ ကောင်းကင်ခရီးဖြင့် နန်းတော်သို့ကြွ၏။
မိဖုရားကြီးသည် ရသေ့၏ လျှော်တေ သင်္ကန်းသံကြား၍ ညောင်စောင်းထက်မှ ရုတ်တရက် ထလိုက်ရာ နူညံ့ပြေပြစ်သော ကိုယ်ဝတ်သည် ကျွတ်ကျသွား၏။ ဘုရားလောင်း ရသေ့သည် မိဖုရားကြီး၏ ၀ိသဘာဂအာရုံကိုမြင်လိုက်ရာ အစဉ်ကိန်းခဲ့သည့် အတွင်း အနုသယကိလေသာတို့သည် ထကြွလှုပ်ရှားလာပြီး သတိကိုဖြစ်စေခြင်းငှာ မတတ်နိုင်ဘဲ မိဖုရားကြီး၏ လက်ကို ဆွဲကိုင်ကာ အတွင်းခန်းသို့ဝ၍ မိဖုရားကြီးနှင့် မှားတော့သည်။
မိဖုရားကြီးသည် ဆွမ်းကိစ္စကို အမြန်စီစဉ်ဆောင်ရွက်၏။ ရသေ့သည် ဈာန်အဘိညာဉ်များလျော့ကျကာ ဆွမ်းဘုဉ်းပေးပြီး ဥယျာဉ်တော်သို့ ပြန်လေ၏။ နေ့စဉ်ပင် ဆွမ်းစားကြွရင်း မိဖုရားနှင့် မှားမြဲမှား၏။ ထိုအကြောင်းသည် နန်းတော်တစ်ခုလုံးပျံ့နှံ့၏။ မှူးမတ်များက မင်းပြန်လာလျှင် လျှောက်ထားကြ၏။
မင်းကြီးသည် မိဖုရားကြီးအား တိုက်ရိုက်မေး၏။ မိဖုရားကြီးက ဟုတ်မှန်ကြောင်း ၀န်ခံ၏။ မင်းကြီးက မယုံနိုင်၊ မင်းကြီးလည်း ဥယျာဉ်တော်ရှိ ရသေ့ကျောင်းသို့ ရောက်ပြီး လျောက်ပတ်သောနေရာ၌ နေပြီး...
`ဗြဟ္မာကြီးသဖွယ် ဣနြေ္ဒရလှသော အရှင်ဘုရား... သင်ဟရိတစရသေ့သည် စင်ကြယ်စွာ နေပါ၏လော၊ ကာမဂုဏ်တို့ကို ခံစားစ၏ဟူသော စကားကို အကျွန်ုပ်ကြားအပ်ပါ၏။ ထိုစကားမှန်ပါသလော´ဟု ရသေ့အား တိုက်ရိုက် လျှောက်ထားမေးမြန်း၏။
ထိုအခါ ဟရိတစရသေ့သည် စဉ်းစား၏။ ငါကာမဂုဏ်ကို မခံစားပါဟု ပြောလျှင် ဤမင်းသည် ငါ့အပေါ်ကြည်ညိုစိတ်တို့ဖြင့် မုချယုံကြည်မည်။ သို့သော်လည်း လောက၌ သစ္စာအမှန်တရားသည် အရေးကြီး၏။ သစ္စာနှင့်တူသော ကိုးကွယ်ရာမရှိ။ သစ္စာကို စွန့်သောသူတို့သည် ဗောဓိပင်ရင်း၌ နေသော်လည်း ဘုရားမဖြစ်နိုင်။ ငါ မှန်သောစကားကိုသာ ပြောဆိုမည်ဟု စဉ်းစားကြံစည်၏။
`မြတ်သောမင်းကြီး သင်မင်းကြီး ကြားအပ်သောစကားသည် ကြားတိုင်းမသွေမှန်ပေ၏။ ငါသည် မိုက်စေတတ်သော ကာမဂုဏ်တို့၌ မက်မော၍ ခရီးမှား၌ သွားမိချေပြီ´ဟု ဘရားအလောင်းက အမှန်အတိုင်း ၀န်ခံပြောဆိုလေ၏။
မင်းကြီးသည် ရသေ့၏ စကားကိုကြားလျှင်... `အရှင်ဘုရားသည် ဖြစ်ပေါ်လာသော ရာဂစိတ်ကို ပညာဖြင့် အဘယ်ကြောင့် မထိန်းသိမ်းနိုင်ရသနည်း။ ဤသို့ မထိန်းနိုင်လျှင် ကောင်းသောအကျုးကို ကြံစည်တတ်သော ပညာကား အဘယ်အကျိုးရှိတော့မည်နည်း´ဟု မင်းကြီးက ရသေ့အားလျှောက်ထားပြန်၏။
`မြတ်သောမင်းကြီး လောက၌ ရာဂ၊ ဒေါသ၊ မာန၊ မောဟ၊ ဤလေးပါသော တရားတို့သည် အလွန်အားကြီးကုန်၏။ ပြင်းထန်ကုန်၏။ ထိုတရား လေးပါး၌ ပညာဥာဏ်သည် ဆောက်တည်ရာ မရနိုင်´ဟု ပညာဥာဏ် မဖြစ်နိုင်ခြင်းအကြောင်း ပြောကြား၏။
မင်းကြီးက ထပ်၍ မေးလျှောက်ပြန်သည်မှာ.... `အရှင်ဘုရား အရှင်ဘုရားသည် ပစ္စည်းလေးပါးကို ခံထိုက်၏။ သီလနှင့်ပြည့်စုံ၏။ စင်ကြယ်စွာ ကျင့်၏။ ကိလေသာကို ဖျက်ဆီးတတ်သောပညာရှိ၏။ အကျိုးအကြောင်း သိသောပညာလည်းရှိ၏ ဟု အရှင်ဘုရားကို ယုံကြည်အပ်ပါ၏´ဟု ရသေ့၏ ဂုဏ်ကိုချီးကျူး၍ လျှောက်၏။
ဘုရားလောင်းရသေ့က `မြတ်သောမင်းကြီး ယုတ်မာသဖြင့် တင့်တယ်သောအာရုံဟု ယူဆသည့် ရာဂနှင့် စပ်သည့် ၀ိပါတ်တို့သည် တရား၌ မွေ့လျော်သော ပညာရှိတို့အား ညှဉ်းဆဲကုန်၏။ဟု ညှဉ်းဆဲတတ်သောတရားကို ညွှန်ပြ၏။
မင်းကြီးသည် ရသေ့အားထပ်မံ၍... `အရှင်ဘုရား အရှင်ဘုရားအား ကိုယ်မှဖြစ်သောအဆင်းကြောင့် ဤရာဂတရားသည် ဖြစ်ပေါ်လာ၏။ ထိုရာဂတရားကို အရှင်ဘုရားသည် ပယ်ပါလော့၊ အရှင်ဘုရားအား ကောင်းခြင်း မင်္ဂလာ ဖြစ်ပါစေ။ အရှင်ဘုရားကို လူအပေါင်းတို့က ပညာရှိဟု သမုတ်အပ်ပါ၏´ဟု ရာဂကို စွန့်ပယ်ရန် လျှောက်ထား၏။
ထိုအခါ ဘုရားလောင်း ရသေ့သည် သတိသံဝေဂပြန်လည် ရရှိရာ မင်းကြီးအား... `မြတ်သောမင်းကြီး ကန်းအောင် ပြုလုပ်တတ်၍ ဆင်းရဲပေါင်းများစွာရှိပြီး အဆိပ်ပြန့်သော ကာမဂုဏ်တို့ကို စွန့်ပယ်ပါတော့အံ့၊ ထိုကာမဂုဏ်တို့၏ မသင့်မတင့် နှလုံးသွင်းခြင်းဟူသော အရင်းအမြစ်ကိုလည်း ရှာဖွေပါတော့အံ့၊ အနှောင်အဖွဲ့နှင့်တကွဖြစ်သော ရာဂတရားကို ဖြတ်ပယ်ပါတော့မည်´ ဟု ကာမဂုဏ်တို့၏ အပြစ်ကို သတိရကာ ၀န်ခံကတိပေး၏။ ရသေ့သည် မင်းကြီးနှင့် ပြောဆိုရင်းမှ ကျောင်းခန်းတွင်းသို့ ၀င်၍ ကသိုဏ်းဝန်းကို ဆင်ခြင် ရှုပွားသော် ကွယ်ပျောက်သွားသည့် ဈာန်အဘိညာဉ်တို့သည် ပြန်လည်၍ ပေါ်လာကုန်၏။
ဘုရားလောင်းရသေ့သည် မင်းကြီးအား နှုတ်ဆက်လို၍ ကျောင်းအပြင်ထွက်ကာ `မင်းကြီး ငါအား ခွင့်ပြုဦးလော့´ဟု နှုတ်ဆက်၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေလျက်- `မြတ်သောမင်းကြီး ငါသည် မနေအပ်သော နေရာ၌ နေမိ၍ ယခုကဲ့သို့ လူတို့အကဲ့ရဲ့ ခံခဲ့ရ၏။ သင်မင်းကြီးတို့လည်း ကုသိုလ်ကောင်းမှုတို့ကို မမေ့ကြနှင့်၊ ငါကား မိန်းမတို့နှင့် ဝေးသော တောအရပ်သို့ သွားတော့မည်´ဟု ပြောဆိုဆုံးမ၍ ကြွလေ၏။
မင်းကြီးကား ငိုယိုပြီး မကြွရန် တားလျက် ကျန်ရစ်ခဲ့၏။ ဘုရားလောင်း ရသေ့သည် ဟိမ၀န္တာ၌ မယုတ်သော ဈာန်အဘိညာဉ်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာပြည်သို့ လားလေ၏။
**ဇာတ်ပေါင်းသော်**
ဗာရာဏသီမင်းသည် - အာနန္ဒာ
ဟရိတစရသေ့သည် - ငါဘုရားဖြစ်လာ၏ဟု ဇာတ်တော်ကို ပေါင်:း၏။
*** ဦးလှခင်- ဆန်းညွန့်ဦး***
***(န၀ကနိပါတ် ၄၃၁-ဟရိတစဇာတ်) ပစ္စုပ္ပန်ဝတ္ထု***

No comments:
Post a Comment