တစ်ခါတုန်းက မောင်အာကာဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ သူဟာ ငယ်ငယ်လေးနဲ့ ဗဟုတုတကို သိပ်ပြီးလိုလားသတဲ့။ သူ အခု စိတ်ဝင်စားနေတာက ခွေး၊ ကြောင်၊ ငှက်၊ လင်းနို့ အစရှိတဲ့ တိရစ္ဆာန်လေး တွေရဲ့ ထူးခြားတဲ့ သဘာဝကိုပဲ။ တစ်နေ့တော့…. မောင်အာကာ ခြံထဲမှာစောင့်နေတုန်း လင်းနို့ တစ် ကောင်ဟာ သူ့အနားက ဖြတ်ပြေးသွားတယ်။ ပြီးတော့ သစ်ပင်ကြီးတစ်ပင်ပေါ်က သစ်သီးတစ်လုံးကို ခူးခြွေပြီး ကိုက်ယူသွားသတဲ့။ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရဲ့ ကျောင်းဝန်းကြီးထဲမှာလည်း လင်းနို့ တွေကို မောင်အာကာ မြင်ဖူးခဲ့တယ်။
သူတို့ဟာ ဟိုးအမြင့်က သစ်ကိုင်းကြီးတွေပေါ်မှာ ခြေထောက်တွေကို ချိတ်ပြီး ဇောက်ထိုးနေနေကြတယ်။ ညဘက်မှာမှ အစာရှာထွက်ကြတဲ့ လင်းနို့တွေကို သူစိတ်ဝင်စားသွားတယ်။ ညဘက်မှာ မောင်အာကာလေး အိပ်ပျော်နေတုန်း လင်းနို့ကြီးတစ်ကောင်ဟာ ပြတင်းပေါက်ကနေ သူ့အခန်းထဲကို ပျံသန်းပြီး ၀င်လာခဲ့တယ်။
`ဟေ့… မောင်အာကာလေး၊ ထ… ထ´
အခုလို အနှိုးခံလိုက်ရတော့ နိုးသွားတယ် လေထဲမှာ အတောင် တစ်ဖျပ်ဖျပ် ခတ်ရင်း ပျံဝဲနေတဲ့ လင်းနို့ကြီးကို တွေ့သွားတယ်။
`ဟင်း… လင်းနို့ကြီးပါလား၊ ကျနော်တို့ ခေါ်လိုက်တာ ခင်ဗျားလား´
`ဟုတ်တယ်။ မင်း ငါတို့ရဲ့အကြောင်းကို စိတ်ဝင်စားနေတယ် မဟုတ်လား ဒါကြောင့်မို့ တို့ရဲ့ သဘာဝကို သိရအောင် မင်းကို ခေါ်သွားပြီးပြမလို့´
`ဟာ… သိပ်ကောင်းတာပေါ့ ဟင်… ကျနော့်မှာ ခင်ဗျားလို အတောင်မှမရှိဘဲ၊ ဘယ်လိုလိုက်လို့ ရမှာလဲ´
`လွယ်ပါတယ် ငါမင်းအတွက် အတောင် တစ်စုံယူလာခဲ့တယ်´
လင်းနို့ကြီးက မောင်အာကာလေးရဲ့ ကိုယ်ပေါ်မှာ အတောင်ကလေးတွေ တပ်ပေးလိုက်တယ်။
`ဟာ… တယ်ဟုတ်ပါလား´
`ကိုင်း… မင်း ငါနဲ့လိုက်ခဲ့ပေတော့´
လင်းနို့ကြီးက ရှေ့က ပျံသန်းပြီး ထွက်သွားတယ်။ မောင်အာကာကလေးလည်း စမ်းပြီး ပျံကြည့်တာ ပျံလို့ရသွားတယ်။ ဝေဟင်မှာ ပျံသန်းလို့ရလို့ သိပ်ပြီး ပျော်သွားတာ့ပေါ့။
သစ်ပင်ကြီးတွေပေါ်က ပျံသန်းသွားတဲ့အခါ အသည်းတစ်အေးအေးနဲ့ ခံစားရသတဲ့။ လင်းနို့ဟာ မောင်အာကာလေးကို ပိန်းပိတ်အောင်မှောင်နေတဲ့အခန်းတစ်ခုထဲကို ခေါ်လာတယ်။ လူတစ်ယောက်က တွေ့သွားပြီး….
`ဟာ… ဟိုမှာ လင်းနို့ကြီး´
လင်းနို့ကြီးကိုဖမ်းဖို့ အမှောင်ထဲမှာ တမင်စောင့်ဆိုင်းနေတဲ့သူဖြစ်တယ်။ သူဟာ လက်ထဲမှာရှိတဲ့ တုတ်ချောင်းနဲ့ ပစ်ပေါက်လိုက်တယ်။ အမှောင်ထဲကနေ ရောက်လာတဲ့ တုတ်ချောင်းကို လင်းနို့ကြီးဟာ သီသီကလေး လွဲသွားအောင် ရှောင်လိုက်နိုင်တယ်။ ဒါပေမယ့် မောင်အာကာလေးရဲ့ နားရွက်ကို မတော်တဆပွတ်ပြီးထိသွားလို့…
`အောင်မယ်လေး´လို့ အော်လိုက်သတဲ့။ အဲသည်အခန်းကြီးထဲက ပျံထွက်လာတဲ့အခါမှာ…. `ကံကောင်းလို့ ပေါ့ဗျာ၊ တုတ်ချက်မိတော့မလို့၊ ခင်ဗျားက ဘာဖြစ်လို့ ရှောင်လိုက်နိုင်တာလဲ´
`ငါတို့ဟာ အမှောင်ထဲမှာမမြင်ရပေမယ့် နားကိုမျက်စီအစား အသုံးချလို့ရတယ်။ အသံကိုကြားလိုက်ရုံနဲ့ အရာဝတ္ထုပစ္စည်းတွေကို ရှာဖွေနိုင်စွမ်း ရှိတယ်လေ´
`တယ်ဟုတ်ပါလား´
`ငါတို့ဟာ ပျံသန်းနေရင်းက ကိုယ့်အသံကို အမှောင်ထဲလွှင့်ထုတ်လိုက်တယ်။ အဲဒီအသံဟာ ပစ္စည်းတစ်ခုနဲ့ ထိတွေ့သွားတယ်။ အဲဒီပစ္စည်းဆီက ပြန်လာတဲ့ပဲ့တင်သံဟာ ငါတို့သွားရမယ့်လမ်းကြောင်းကိုပြတဲ့ လမ်းပြပဲ´ ထိုစဉ်…. ပိုးကောင်လေးတစ်ကောင်က သူတို့နားက ဖြတ်ပြေးသွားတယ်။ ဘယ်ရောက်သွားမှန်းတောင် မသိတော့ဘူး။
`ကြည့် မောင်အာကာ အဲ့ဒီပိုးကောင်လေးကို ငါလိုက်ဖမ်းပြမယ်´
`ပိုးကောင်လေးက ဘယ်ရောက်သွားမှန်းမသိဘဲနဲ့ ဘယ်လို မိအောင်ဖမ်းနိုင်မှာလဲ´
`လာ၊ ငါနဲ့လိုက်ခဲ့´
လင်းနို့ကြီးဟာ မောင်အာကာကိုခေါ်သွားရင်း သူတို့ရဲ့ သဘာဝကို ရှင်းပြသွားတယ်။
ပိုးကောင်လေးရဲ့ နောက်ကို လိုက်နေတဲ့ လင်းနို့ကြီးဆီက တစ်စက္ကန့်အတွင်းမှာ အသံ အကြိမ်ပေါင်း (၂၀၀)ထွက်လာတယ်။ ဒါပေမယ့် အဲဒီအသံတွေကို မကြားနိုင်ဘူး၊ အသံက အာခေါင်ခြစ်သံမျိုးလို စူးရှတယ်။ တ၀ီဝီနဲ့မြည်နေတယ်။
လင်းနို့ကြီးဆီက ထွက်လာတဲ့ အသံတွေဟာ ပိုးကောင်လေးဆီကိုရောက်သွားတယ်။ ပဲ့တင်သံအဖြစ် ပြန်လာတဲ့အခါ အဲဒါကို ခွဲခြမ်းစိတ်ဖြာပြီး ပိုးကောင်လေးရဲ့ လှုပ်ရှားမှုကို သိနိုင်တာပေါ့။
တစ်ခဏအတွင်းမှာပဲ လင်းနို့ကြီးဟာ ပိုးကောင်လေးကို အမီလိုက်နိုင်ပြီး ဖမ်းမိတော့တယ်။
`ခင်ဗျားတို့ လင်းနို့တွေဟာ တော်တော့ကို ထူးခြားတဲ့ သတ္တ၀ါတွေပဲနော်´
`အေး… ဟုတ်တယ်။ ငါတို့ဟာ အသံရဲ့ပဲ့တင်သံနဲ့ အဝေးမှာရှိနေတဲ့ ပိုးဖလံကောင်နဲ့ သစ်ရွက်ကို ခွဲခြားပြီး သိနိုင်တယ်။ ပိုးကောင်လေးတစ်ကောင်ရဲ့ ပျံသန်းနှုန်းကိုလဲ ငါတို့က တွက်ချက်ပြီး သိနိုင်တယ်´
လင်းနို့ကြီးနဲ့ မောင်အာကာတို့ဟာ ညကာလအမှောင်မှာ အတူပျံပြီးသွားနေကြတယ်။
`ခင်ဗျားတို့လို ထူးခြားတဲ့ သတ္တ၀ါမျိုးတွေရှိရင် ကျနော့်ကို ပြောပြပါဦး´
`ဟာ… ရှိတာပေါ့၊ ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေကို ပဲ့တင်သံနဲ့ ခွဲခြားထောက်လှမ်းနိုင်တဲ့ ငါတို့လိုစွမ်းရှည်မျိုး ဝေလငါးနဲ့ လင်းပိုင်တို့မှာလဲ ရှိကြတယ်ကွ´
`ဦးလင်းနို့ကြီးနဲ့ ခုလိုဆုံတွေ့ရတာ သိပ်ပြီး ဗဟုသုတတိုးတာပါပဲဗျာ။ ကျေးဇူးတင်လိုက်တာဗျာ။ ကျနော် မိဘတွေအိပ်ရာကနိုးကြလို့ ကျနော့်ကို မတွေ့ရင် စိတ်ပူရေကြဦးမယ်´
`အေး၊ ငါပြန့်ပို့ပေးပါ့မယ်ကွာ၊ မင်းဟာ ငါတို့ရဲ့ဘ၀ကို စိတ်ဝင်းစားလို့ တမင်ခေါ်ပြတာပါ´
လင်းနို့ကြီးဟာ မောင်အာကာကို အိပ်ရာထဲရောက်တဲ့အထိ ပြန်ပို့ပေးလိုက်တယ်။
`ကဲ ငါ့ပြန်လိုက်ဦးမယ်ဟေ့၊ ဗဟုသုတတွေကို ရှာမှီးတတ်တဲ့ မောင်အာကာလေး ပညာတတ်ကြီးတစ်ယောက် ဖြစ်ပါစေကွာ´ လို့ ပြောပြီး ပြန်ထွက်ခွာသွားတော့တယ်။ မောင်အာကာလေးလည်း သူသိချင်တာတွေ သိခဲ့ရလို့ ကျေနပ်နေမိတယ်။ အိပ်ရာထဲမှာ နှစ်ရိုက်စွာနဲ့ ပြန်ပြီးအိပ်ပျော်သွားသတဲ့….။
***၀င်းရွှေနောင်***
***လင်းနို့တို့ရဲ့ စွမ်းရည်***

No comments:
Post a Comment