အနီရောင်စာတမ်းပေါ်ပြီး ဖုန်းခေါ်လာပါက အသက်သေတတ်ကြောင်း ကောလာဟလသတင်း ထွက်ပေါ်နေ ကြောင်း ထိုင်းရုပ်မြင်သံကြားလိုင်းနှင့် ထိုင်းရေဒီယိုတို့က ထုတ်လွှင့်လျက်ရှိသည်။ မြန်မာအလုပ်သမားများ လည်း အသက်အန္တရာယ်ကို စိုးရိမ်နေကြသဖြင့် ရင်းနှီးသူများ၏ ဖုန်းကိုသာလက်ခံပြောဆိုနေကြောင်း အိမ်ဖော် အလုပ်သမအချို့ကပြောသည်။ ချင်းမိုင်မြို့ ရဲဝန်ထမ်း အိမ်တစ်အိမ်တွင် အိမ်ဖော် အလုပ်လုပ် နေသော မပိုပိုက “၂၀ ရက်နေ့  ည ၁၀ နာရီကျော်မှာ ထိုင်းတီဗွီ ၉ လိုင်းက ထုတ်လွှင့်သွားပါတယ်။ အဖွားကြီးတစ်ယောက် ဖုန်း ကိုင်လိုက်လို့နားရွက်က သွေးတွေထွက်လာပြီး သေသွားတယ်လို့ ပြောတယ်။ ဒါပေမယ့် အတိအကျ ဘယ်သူဆို တာ ဘယ်သူမှမပြောနိုင်ဘူး။
ဒါပေမယ့် သထိထားကြဖို့အတွက် သတိပေးပါတယ်”ဟုပြောသည်။ ယမန်နေ့ ထုတ်ထိုင်းရပ် သတင်းစာမျက်နှာဖုံးတွင် ဖုန်းနံပါတ်ကို ရိုက်ကူးပြီးဖေါ်ပြထားသည်။ မည်သူသေသည်ကို အတိအကျမသိရသေးသော်လည်း သတိထားကြရန် တိုက်တွန်းထားသည်။ အလုပ်သမားများ ထိုင်းတီဗွီင်္ကို ကြည့်ရာမှ မှတ်ထားသည့်ဖုန်းများမှာ(083 333 6567..083 333 6657.နှင့်083 333 6687)တို့ ဖြင့် ခေါ်လာပါက ဖုန်းမကိုင် ကြရန် ပြောထားသည်။ ချင်းမိုင်မြို့ ညဈေး ထမင်းဆိုင်းတွင် ဈေးအကူရောင်းနေသော မြန်မာအလုပ်သမ မနန်းပိုပိုအောင် က “သတင်းမှာတော့ လွှင့်နေတယ်။ သူဌေးကလည်း သတိထားဖို့ပြောတယ်။ အမေကလည်း လှမ်းပြောတယ်။ နင်တို့ ဖုန်းနံပါတ် တွေကို မှတ်ထားလိုက်တဲ့၊ အစက သုညရှစ်သုံး၊ သုညရှစ်ငါး၊ အလယ်မှာ သုံးသုံးလုံး၊ သုံးလေးလုံး နောက်မှာခြောက်ခွန်၊ ငါးခွန်တွေပါတယ်။ ဖုန်းလက်ခံပြောလိုက်တဲ့အတွက် ဟန်ဒုံးမှာ ၁-ယောက်၊ ချင်းဟိုင်းမှာ ၄-ယောက်၊ နောက် ချင်းမိုင်အနီး တ၀ိုက်မှာ ၃-ယောက်သေပြီတဲ့။ အဲဒီလို သတင်းကြားရာကို သတင်းဌာနတွေကလိုက်လံစုံစမ်းပေ မယ့်ဘယ်လိုမှမတွေ့  ဘူးလို့ ပြောပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကို မေးကြည့်တော့လည်း ဖုန်းဆက်လို့ သေတဲ့အလောင်းကို သယ်ယူဖူးခြင်းမရှိဘူးလို့ ဒေသခံတွေကို ပြောပြပါတယ်။ ဒါပေမယ့် သတိထားကြပါလို့ ပြောပါတယ်´ ဘန်ကောက်မြို့ မှ အိမ်ဖော်အလုပ်သမ မဘုတ်ဘုတ်နှင့် မလင်းလင်းတို့က မသိသောဖုန်းများကို မကိုင်ရဲတော့ရုံမက ညနေပိုင်းတွင် လုံးဝ ဖုန်းကိုပိတ်ထားကြောင်း ပြောသည်။ “ဟုတ်မဟုတ်တော့မသိဘူး။ သမီးတို့ ကြောက်တယ်လေ။ ဒီနေ့ ၇ လိုင်းရော ၉ လိုင်းကပါ သတိထားကြဖို့ ကြေညာပါတယ်”ဟုပြောသည်။ ယခုကဲ့သို့ ဖုန်းပြဿနာတစ်ခုလည်း ပြီးခဲ့သော ၃ နှစ်ခန့် ကပေါ်ပေါက်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်လောက် ထိပ်လန့် မှုမရှိကြပေ။ ထိုစဉ်က ကွန်ပျူတာနည်းပညာဖြင့် ဖုန်းနံပါတ်တစ်ခုအား ည ၁၀ နာရီ နောက်ပိုင်း တွင် ဖုန်းခေါ်ကြည်ပါက ဖုန်းဆက်ခလည်းမကုန်ပေ။ အဆိုပါဖုန်းကို အကြိမ်ရေ မည်မျှခေါ်ခေါ်၊ မည်သူခေါ်ခေါ် မကြားဝံ့မနာသာ ရုန်းရင်းကြမ်းတမ်းသော စကားများကို မိန်းကလေးငယ်တစ်ဦးက ပြောသည့်အသံကိုကြားခဲ့ရသည်။ မဲဆောက်မြို့ တောင်ဘက် ဖုတ်ဖရားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းတွင် အလုပ်လုပ်နေသူတစ်ဦးကလည်း ယမန်နေ့က ထိုသတင်းကိုအလန့် တကြားလှမ်ပြောသေးသည်။ ထိုင်နိုငံတောင်ပိုင်းကျုံဖေါ်ပါနန်း လှေဆိပ်တွင် အလုပ်လုပ်နေသည့် ရေလုပ်သား ကိုမင်းနိုင်က “နေလည် ၁၁နာရီ ၁၅ မိနစ် မှာပါ၊ ကျနော့်ဆီကို ဖုန်းဝင်ပါတယ်။ အင်္ဂလိပ်လို ဖုန်းဝင်တဲ့အကြောင်းရေးထားပါတယ်။ ကျနော် လည်း ခုတလောဖုန်းသတင်းဆိုးကို ကြားနေရတော့ မကိုင်ရဲဘူးလေ၊ ငါးကြိမ်တောင်လာတယ်။ နောက်လာရင်တော့ ကျနော် ကိုင်တော့မယ်။ ကျနော်လှမ်းပြီးအကြောင်းကြားတာပါ။ ခေါ်တဲ့အခါ call လို့ ပေါ်ပေမယ့် ဖုန်းကျသွားပြီးလို့ ပြန်ကြည့် တော့ no number လို့ ပေါ်နေပါတယ်။ နံပါတ်မပေါ်ဘူးဗျ အကယ်၍ လူတွေပြောနေကြသလို သေမယ်ဆိုရင်လည်း အခြားလူတွေ သတိထားအောင် ကျနော် သက်သေပြသွားမယ်။ ကျနော်အသက် ၂၈ နှစ်ရှိပြီး၊ နောက်လာရင်တော့ သေချင်လည်းသေပစေ ကျနော်ကိုင်တော့မယ်လို့ ကျနော်ဆုံးဖြတ်ထားတယ်”ဟုပြောသည်။ ယမန်နေ့ ညနေပိုင်းက ထိုင်းရေဒီယိုမှ ယခု ဖုန်းကောလ ဟာလသတင်းကို ဆက်သွယ်ရေးတာဝန်ရှိသူများက လိုက်လံစုံစမ်းနေပြီး သူတပါးအကျိုးစီးပွားထိခိုက်အောင် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသူအားတွေ့ ရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ထုတ်လွှင့်သွားခဲ့သည်။ ပြီးခဲ့သောသတင်းပတ်က ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငမြို့တွင် တည်ဆောက်ဆဲ တံတားတခုအတွက် လူ ဦးခေါင်း ၁၀၀ ကို ဖြတ်၍ ယဇ်ပူဇော်မည်ဟူသော ကောလာဟလကြောင့် လုပ်ငန်းခွင်သို့ သွားရောက်ရန် မြန်မာအလုပ်သမားများစိုးရွံ့နေခဲ့ကြသည်။ ဖုန်းလက်ခံပြော၍ဘယ်ရွေ့ ဘယ်မျှသေသည်။ ဘယ်နေရာမှာသေသည်။ ဘယ်သူသေသည်ကိုမူ ထိုင်းသတင်းဌာများအနေဖြင့် အတိအကျစုံစမ်း၍ မရရှိသေးသကဲ့သို့  စိုးရိမ်းနေကြသောမြန်မာ အလုပ်သမားများကလည်း တိကျစွာပြောဆိုနိုင်သူမရှိသေးပေ။
*** သတင်း- ဦးကျော်သောင်း(ဘန်ကောက်)
(ဇန္န၀ါရီလ ၂၂-ရက်၊ ၂၀၁၀)

1 comment:
သူတို့ကအခုမှစသလား?
အဲဒီကိစ္စမလေးရှားမှာ ပြီးခဲ့တဲ့နှစ်တွေကတည်းက
ခေတ်စားလိုက်သေးတယ် ည၁၀နာရီနောက်ပိုင်းဖုန်းလာရင်လူတွေမှာအထိတ်ထိတ်
အလန့်လန့်နဲ့ မကိုင်ရဲကြဘူး
ဖုန်းနံပါတ်အနီရောင်နဲ့ဘာနံပါတ်တွေပါဆိုတာတောင်
အတိအကျထွက်လာလိုက်သေး
ပြီးလည်းပြီးရောဘာမှမဟုတ်ဘူး
ဘယ်ကစလာတဲ့ပေါက်တတ်ကရ ကောလဟာလလည်းမသိဘူး ပျံ့သွားတာ
one missed callဆိုတဲ့ဂျပန်သရဲဇာတ်လမ်းတွေကြည့်ပြီး
ဂေါက်နေတဲ့တစ်ယောက်က စလိုက်တာလားမသိဘူး
ကျနော်ပြောချင်တာက အဓိပ္ပါယ်မရှိတာတွေကို လျှောက်လျှောက်မယုံဖို့ပါပဲ
အဲဒီကိစ္စက မလေးကနေထိုင်းကိုရွေ့သွားပြီပေါ့
ပြီးရင်ရွှေပြည်ကြီးဘက်ရောက်ဦးမလားမသိဘူး။
ရယ်တော့လည်းရယ်ရတယ် ။
Post a Comment