ခေတ် နံရံထဲ ခေါက်တုန့်ခေါက်ပြန် ထိုးဖောက် ၀င်ရောက်
မှတ်မှတ်ရရ ခြေတိုအောင် လျှောက်လှမ်းလဲ ၊
မှတ်တမ်းမဲ့ ဆူးခလုတ်အပြည့်နဲ့အတိတ် ပစ္စုပ္ပန်လမ်း
ခရီးမတွင်အောင် ခြောက်လှန့်စိတ်မောပမ်း
ငတ်မွတ် ခေါင်းပါးမှုဒဏ်ကို ခုခံစစ်လို ကာကွယ်နေရင်း
စွန်ရဲတစ်ကောင်လို လောကငရဲကို ထိုးစစ်ဆင်တယ် ။
**တဖြုတ်ဖြုတ်ကြွေလိုက် တဖွဖွပြောလိုက်နဲ့
ဒီမျှော်လင့်ချက် ကြီးကြီးမားမားများ၊ ဟာလာဟင်းလင်း ရင်ခွင်မှာပိုက်ရင်း
သံခြေချင်းခတ် အလင်းမှုန်ဝါးဝါးကို အားကိုးတကြီး မွှေနှောက်
သဲကြီးမဲကြီး ဆင်းရဲ ချို့တဲ့ နေ့ရက်များမှာ
သံပတ်မကုန် စိတ်ဓာတ် ကျန်းမာဖို့တော့လိုအပ်တယ် ။
**ပါးရေနားရေ တွန့်လာတဲ့ နေ့ရက်များမှာ
ပါးရည်နပ်ရည် စာရိတ္တ လမ်းကြောင်းမမှားဖို့
စက်မရှိတဲ့ ရွက်လှေငယ် နဲ့ရွက်လွှင့်
နာကျင်မုန်တိုင်းထဲ ပန်းရိုင်းပွင့်သလို
လေပြင်းထံမှာ ရင့်ကျက်ခြင်းကို နာယူ မွေးဖွားခဲ့တယ် ။
**မသန်မစွမ်း ချိုင်းထောက်ထောက်ထားတဲ့ အလင်း
မကျန်းမာ အဟာရ ချို့တဲ့ဆဲ သတင်း
မမြင်ရတဲ့ အနာဂတ်မှာ
လျှို့ဝှက် ခင်းကျင်း ပြသထားတယ် ။
**သောက အပူ စိတ်ကူးများကို
ရဲရင့် ၀ိညာဉ်တွေ အေးစက်စက် ၀င်ပူးလိုက်တယ် ၊
သံလက်သီးလို မာကြောတဲ့ နူးညံ့နှလုံးသားကို
ခေတ်ကြမ်းကြမ်းက ထက်ခြမ်းခွဲခဲ့တယ် ။
**အိတ် ကပ်မှာ ငွေအသပြာမရှိ
စိတ်ဓာတ်မှာ ရွှေရတနာ အတိချထား
အညတြ သူရဲကောင်း နာမည်မဲ့ ကြယ်ပွင်များရဲ့ ဈာပနမှာ
မတည်ငြိမ်တဲ့ ကောင်းကင်ရဲ့ အသည်းဟာ
အားမလို အားမရ ထာဝရ ကြေမွခဲ့ပြီ ။
**အဆိုးအမှားမှာ ကိုယ်စောင့်တပ်များ အပြည့်ချ
အမှန်တရားက တစ်ကိုယ်တော် ဆန္ဒပြ
တွယ်ရာမဲ့ ပေးဆပ်မှုတွေက
အကာကွယ်မဲ့ ဆေးထပ်ကုလို့ မရအောင် ဆိုးဝါးလာချိန်
အညတရ သူရဲကောင်းများအတွက်
ပန်းကုံးလဲ မစွပ်ချင်နေပါ ၊
ပန်းခွေ မချချင်နေပါ ၊
ကံကြမ္မာကို လက်မမြှောက် ၊ လက်ရည်တစ်ပြင်တည်း ဆက်လျှောက်
မညီညာတဲ့ ဖြောင့်မတ် သစ္စာလမ်းခရီးကို အပမ်းမကြီး ဆက်ဖောက်ကြပါ ။
***အောင်ခိုင်မြင့်***
***ဒဿန မဆန်တဲ့ စည်းမဲ့ကမ်းမဲ့ သေနတ်ကျည်ဆံတွေ

No comments:
Post a Comment