တစ်ခါက ဖိုးသာအေးဆိုသော လူတစ်ယောက်ဟာ မထင်မရှား ရွာလေးတစ်ရွာမှာနေတယ်။ လက်လုပ် လက်စား သူဆင်းရဲတွေများသော ရွာကလေးပေါ့။ ဖိုးသာအေးကတော့ အလုပ်အကိုင် မည်မည်ရရမရှိဘူး။ တစ်နေ့မှာ ဖိုးသာအေးဟာ သူများကျောင်းနေသော နွားတစ်ကောင်ကို ခိုးယူမိလိုက်တယ်။ တစ်နေရာမှာ ၀ှက်ထားတယ်။ ညဘက်ကျတော့ အဲသည် နွားကို ၀ှက်ထားတဲ့နေရာမှာ သွားယူပြီး ရောင်းစားမယ် အလုပ်မှာ စောင့်ဖမ်းနေတဲ့ လူတွေကြောင့် မိသွားတယ်။ သူ့ကို တရားရုံးတင်ပြီး တရားစွဲတဲ့အခါ…
`ငါတော့ ဒုက္ခပဲ ရှေ့နေမငှားလို့တော့ မဖြစ်တော့ဘူး´သည်တော့ ရှေ့နေငှားတယ်။ ရှေ့နေရရော ဆိုပါတော့…
`တရားပြီးမှ ရှေ့နေခကို ပေးပါရစေ´
`ကောင်းပြီလေ သဘောတူပါတယ်´
ရှေ့နေနဲ့ တရားခံ သဘောတူညီမှု ရသွားခဲ့ကြတယ်။ ဖိုးသာအေးကို တရားရုံး မထုတ်ခင် ရှေ့နေက သင်ပေးတယ်။
`တရားလိုဘက်က ရှေ့နေကပဲ မေးမေး၊ တရားသူကြီးက ဘာပဲပြောပြော စကားပြန်မပြောနဲ့ ။ရှူးရှူးလို့သာ ပြန်ပြော၊ ဟုတ်ပြီလား ကိုသာအေး´
`စိတ်ချပါ´
ရက်ချိန်း ကျလာတော့ ဖိုးသာအေးကို ရုံးထုတ်တယ်။ နှစ်ဖက်ရှေ့နေတွေဟာ အမှုသွား အမှုလာအရ လျှောက်လဲချက်တွေ ပေးကြတာပေါ့။
သက်သေတွေကလည်း အစစ်ခံကြတာပေါ့။ တရားသူကြီးက ဖိုးသာအေးကို မေးတယ်။
`မောင်မင်း နွားကို ခိုးယူသလား မခိုးဘူးလား၊ မှန်မှန်ပြော´
အဲသည်လို မေးလိုက်တော့ ဖိုးသာအေးကလည်း သူ့ရှေ့နေသင်ထားတဲ့အတိုင်း စကားပြန်မပြောဘဲ….
`ရှူး… ရှူး´ လို့သာ ပြန်ဖြေသတဲ့။ တရားသူကြီးဟာ မျက်မှောင်ကြုတ်ပြီး…
`မောင်မင်းကို ငါဘာမေးလိုက်တယ်ဆိုတာ သိသလား၊ ကြားရော ကြားရဲ့လား´ လို့ ထပ်မေးပြန်သတဲ့။ ဒါပေမယ့် ဖိုးသာအေးကတော့ `ရှူး… ရှူး…..´ပဲ။
တရားလိုဘက်က ရှေ့နေတွေက ဖိုးသာအေးကို စစ်မေးပြန်တယ်။
ဘယ်သူပဲမေးမေး `ရှူး… ရှူး´ကလွဲလို့ ဘာမှမဖြေဘူး။ အားလုံး အခက်တွေ့နေကြတာပေါ့။
ဘာမှ မေးလို့ မရတော့ အမှုကို ဘယ်လို စစ်ရမှန်းမသိတော့ဘူး။
အဲသည်အချိန်မှာ… အခါအခွင့်ကို စောင့်နေတဲ့ ဖိုးသာအေးရဲ့ ရှေ့နေက၀င်ပြီး ပြောတယ်။
`ကျနော်မျိုးရဲ့ အမှုသည်ဟာ ဒီအမှုကို ရင်ဆိုင်နိုင်စွမ်းမရှိတော့လို့ ရူးသွပ်သွားခဲ့ပါပြီ။ သူ့ကို အမှုဆက်စစ်ဖို့ မလွယ်ကူတော့ပါ။´
တရားသူကြီးကလည်း ရူးနေသူတစ်ယောက်ကို အမှုစစ်ရင် အမှန်ကို သိနိုင်တော့မှာ မဟုတ်ဘူးဆိုပြီး…
`တရားခံ ဖိုးသာအေးအား တရားသေလွှတ်စေလို့´ အမိန့်ချမှတ်လိုက်သတဲ့။ ဖိုးသာအေးဟာ သူ့ရှေ့နေ ဥာဏ်ကောင်းလို့ အမှုက လွှတ်သွားခဲ့တာပေါ့။
ရှေ့နေဟာ ဖိုးသာအေး ကတိပေးထားတဲ့အတိုင်း အမှုပြီးသွားလို့ ရှေ့နေခ တောင်းတယ်။
`ကဲ ကိုယ့်လူ၊ ရှေ့နေခလေး မ, စပေတော့´
ဒါပေမယ့် ဖိုးသာအေးက စကားပြန်မပြောဘဲ…. `ရှူး… ရှူး….´ လို့သာ ပြန်ဖြေသတဲ့။
`ဟေ့လူ ခင်ဗျားဆီက အမှုလိုက်ခ တောင်းနေတာဗျ။ ဘာဖြစ်လို့ တရှူးရှူး လုပ်ပြနေရတာလဲ´
`ရှူး… ရှူး…..´
ဖိုးသာအေးကတော့ ရှေ့နေကိုကြည့်ပြီး ရှူး ရှူးလို့ လုပ်ပြနေတယ်။ နောက်ထပ် ဘယ်လိုပဲပြောပြော ရှူးရှူးပဲ။ အဲ့သည်တော့မှ ရှေ့နေက သူအကြံဥာဏ်ပေးခဲ့တဲ့အတိုင်း ဖိုးသာအေး ရှူးရှူးလုပ်ပြနေတော့သူ့ကိုရှေ့နေခ မပေးချင်တာနဲ့ ဆ က်ပြီးရူးချင်ယောင်ဆောင် ရှူးရှူး ဆက်လုပ်နေလေတော့။
`အောင်မယ်လေးဗျ၊ အခုမှပဲ ကိုယ့်ရှူးကိုယ်ပတ်တော့တယ်´ဆိုပြီး ညည်းညူသွားရတော့တယ်တဲ့ကွယ်…
***၀င်းရွှေနောင်***
*** ကိုယ့်ရှူးကိုယ်ပတ်***

No comments:
Post a Comment