ဟိုး ရှေးရှေးတုန်းက အိုးထိန်းသည်တစ်ဦးရှိတယ်။ အဲ့ဒီအိုးထိန်းသည်ဟာ သူများကို မနာလိုတတ်တဲ့ အကျင့်တွေရှိတယ်။ အိုးထိန်းသည်နဲ့ တစ်ရပ်တည်းမှာနေတဲ့ ခ၀ါသည်တစ်ဦးဟာ ခ၀ါဖွပ်ခြင်းအလုပ်နဲ့ ကြီးပွားချမ်းသာနေတယ်။ ဒါကို အိုးထိန်းသည် မနာလိုဘူး။
မနာလိုပေမယ့် အေးအေးဆေးဆေးမနေဘူး။ ခ၀ါသည်ရဲ့ အကျိုးပျက်စီးရာပျက်စီးကြောင်းကို အမြဲတမ်း ကြံစည်နေတယ်။ တစ်နေ့မှာ အိုးထိန်းသည်ဟာ ဗာရာဏသီပြည်ရှင်မင်းဆီကို ၀င်ပြီး လျှောက်သတဲ့။
`အရှင်မင်းကြီးရဲ့ ဆင်တော်ကို ဆင်ဖြူတော်ဖြစ်အောင် ပြုလုပ်၍ရပါတယ်။ ကျနော်မျိုး အကြံဥာဏ်ပေးပါရစေ´
`ငါ့ရဲ့ စီးတော်ဆင်ကို ဆင်ဖြူတော်ဖြစ်အောင် မောင်မင်းက ဘယ်လိုအကြံများ ပေးမည်လဲ၊ လျှောက်တင်စမ်းပါဦး´
`ခ၀ါသည်အားခေါ်၍ ဖွပ်ခိုင်းလျှင် ဆင်ဖြူတော် ဖြစ်နိုင်ကြောင်းပါ´
`ကိုင်း... ဒါဖြင့် ခ၀ါသည်အား ရှေ့တော်မှောက်သို့ သွင်းစေ´
ခ၀ါသည်ကိုအခေါ်လွှတ်လို့ ဘုရင့်ရှေ့မှောက်ကို ရောက်ခဲ့ရပါတယ်။
`ဟဲ့ ခ၀ါသည် ငါ့ဆင်ဖြူတော်ကို ဖြူအောင် သင်လျှော်ဖွပ်နိုင်တယ်လို့ သိခဲ့တယ်။ ငါ့ဆင်တော်ကိုဖြူအောင် ပေါင်းသင်လျှော်ဖွပ်စေ´
ခ၀ါသည်ဟာ အိုးထိန်းသည်ရဲ့ အကြံပဲဆိုတာ သိသွားတယ်။
`မှန်လှပါ ဆင်တော်ကိုဖြူအောင် ပေါင်းတင်၍ ဖွပ်ရန် ဖျဉ်းအိုးသာ ပေးသနားတော်မူပါ´
အဲဒီလို လျှောက်တင်တော့ အိုးထိန်းသည်ကို ခေါ်ပြီး...
`အိုးထိန်းသည် ငါ့ဆင်တော်ဖြူအောင် ပေါင်းတင်ဖို့လိုတယ်။ အိုးတော်ကြီးပြုလုပ် ဆက်သစေဗျာ´
အဲ့ဒီလို အမိန့်ချမှတ်လိုက်တော့ အိုးထိန်းသည်လည်း တော်တော်အကြံရခက်သွားတယ်။
ဆင်ကြီးတစ်ကောင်လုံးဝင်နိုင်ဖို့လုပ်ရမယ့် အိုးကြီးဆိုတာ လွယ်တာမှမဟုတ်တာ။ အိုးထိန်းသည်ဟာ သူပစ်လိုက်တဲ့မြား သူ့ဆီပြန်လှည့်လာပြီဆိုတာ သိသွားတယ်။ သူများအပေါ် စိတ်ကောင်းမမွေးခဲ့တဲ့သူကိုး။
ဘုရင့်အမိန့်နဲ့ ဆိုတော့လည်း ဆင်ခြေဆင်လက် မပေးရဲဘူး။ မညင်းဝံ့ဘူးလေ။ ဒါကြောင့် ဆင်နဲ့တန်အောင် ဖျဉ်းအိုးကြီးတစ်လုံး လုပ်ရတယ်။ လူအင်အားနဲ့ တော်တော်လေးကို ကြာအောင် လုပ်ရတယ်။ အိုးကြီးပြုလုပ်ပြီးတော့ ဆင်တော်ကိုပေါင်းတင်ဖို့ဝင်စေတဲ့အခါ ဆင်ရဲ့အလေးချိန်ကို မခံနိုင်တဲ့ ဖျဉ်းအိုးကြီးကွဲသွားတယ်။
ဘုရင်ကလည်း နောက်တစ်ကြိမ် ပြန်လုပ်ခိုင်းတယ်။ အိုးထိန်းသည်ဟာ ထပ်ပြီးလုပ်ရပြန်တယ်။ ဆင်တော်ကို ၀င်စေပြန်တယ်။ အိုးကြီးလည်း ကွဲပြန်တာပဲ။
ဒီလိုနဲ့ အကြိမ်ကြိမ်အခါခါ ဖျဉ်းအိုးကြီးတွေတစ်လုံးပြီး တစ်လုံး သွန်းလုပ်ပြီး ဆင်တော်ဝင်လေတိုင်း မခိုင်ခန့်လို့ ခဏခဏ ပျက်စီးနေရတယ်။
အိုးတော်လုပ်ဖုတ်ရင်းက မကျက်ဆိုသလို ခ၀ါသည်ရဲ့ အကျိုး ပျက်စီးရာပျက်စီးကြောင်းကို ပြုလုပ်မိတဲ့ အိုးထိန်းသည်ဟာ အချိန်ကုန်အလုပ်ပျက် လူပင်ပန်းနဲ့ နောက်ဆုံးမှာတော့ သူပဲပျက်စီးသွားခဲ့ရတယ်တဲ့ကွယ်...။
***၀င်းရွှေနောင်***
*** သူများမနာလို- ကိုယ်အကျိုးပျက်***

No comments:
Post a Comment