တစ်ခါက ရွာတစ်ရွာမှာ သူဆင်းရဲ ကိုတက်ပုဆိုတဲ့ လူတစ်ယောက်ရှိတယ်။ ကိုတက်ပုဟာ ဆင်းရဲလွန်းတဲ့ အတွက် အ၀တ်လေး နှစ်စုံလောက်နဲ့ပဲ လည်ပတ်နေရရှာတယ်။ ဘုရားပွဲတွေ၊ အလှူပွဲတွေသွားရင် နွမ်းနွမ်းဖပ် ဖပ်နဲ့မို့ ထည်ဝါခြင်း မရှိဘူးပေါ့။ တစ်နေ့တော့ ရွာထဲက ငွေကြေးအသင့်အတင့်ရှိတဲ့ သူတစ်ယောက်က အလှူ လုပ်တယ်။ လူတော်တော်များများကို ဖိတ်တယ်။ ကိုတက်ပုလည်း အပါအ၀င်ပေါ့။
`ဆက်ဆက်လာခဲ့နော် ကိုတက်ပု´
`စိတ်ချ ကိုချမ်းသာ၊ လာဖြစ်အောင် လာခဲ့မယ်´
ကိုတက်ပုဟာ သူ့ကိုအရောတ၀င် ဖိတ်လိုက်တယ်ဆိုတော့လည်း…. အလှူရက်မှာ ၀မ်းပန်းတသာနဲ့ သွားတာပေါ့။
အလှူအိမ်ကိုရောက်တော့ အလှူရှင်ဟာ ၀တ်ကောင်းစားလှဝတ်လာတဲ့သူ။ စိန်၊ ရွှေ ရတနာတွေကိုယ်မှာ ဆင်မြန်းလာတဲ့လူတွေကိုပဲ အရေးလုပ်ပြီး ဖိတ်ခေါ်နှုတ်ဆက်တာတွေ့ရတယ်။
`ဟာ… ပွဲစားကြီး ဒီဘက်ကိုကြွပါ၊ ဟိုဘက်က ကတော်ကြီး ဒီဘက်ဝိုင်းကို ကြွပါခင်ဗျာ´
ငွေကြေးရှိတဲ့သူ၊ သူဌေးသူကြွယ်တွေကို စကားတွေ ရွှန်းရွှန်းဝေနေအောင်ပြောပြီး လိုလိုလားလား ဖိတ်ခေါ် နုတ်ဆက်ပေမယ့်…
အ၀တ်အစား မတောက်ပြောင်တဲ့ ကိုတက်ပုကိုတော့ ဘာသိဘာသာပဲတဲ့ ကိုတက်ပုဟာ အလှူမှာစားသောက်ပြီးအောင့်သက်သက်နဲပ ပြန်ခဲ့ရတယ်။ လမ်းမှာလည်း တစ်လမ်းလုံး ကြိမ်းဝါးလာခဲ့တယ်။ သိထားကြသေးတာပေါ့ကွာ။
နောက် သိပ်မကြာခင် အလှူရှင်ဟာ အလှူလုပ်ပြန်တယ်။ ထုံးစံအတိုင်း ကိုတက်ပုအပါအ၀င် လူတော်တော်များများကို ဖိတ်တာပေါ့။
`လာခဲ့ဦးနော် ကိုတက်ပု´
`ဟာ…. သိပ်လာတာပေါ့´
ကိုတက်ပုဟာ သူ့ သူငယ်ချင်းကို အကျိုးအကြောင်းပြောပြပြီး အ၀တ်အစားကောင်းကောင်းတွေကို ငှားတယ်။ ၀တ်တယ်။ သူ့ပုံစံက တကယ့်သူဌေးကြီးလိုလို၊ မင်းစိုးရာဇာအသိုင်းအ၀င်းကလိုလို ထင်မှတ်စရာပဲပေါ့။
ဒါနဲ့ အလှူအိမ်ကို ကိုတက်ပုက သွားရောဆိုပါတော့၊ အလှူမဏ္ဍပ်ရှေ့ ရောက်တယ်ဆိုရင်ပဲ အလှူရှင်နဲ့ တန်းပြီးတွေ့တယ်။
အ၀တ်အစား တောက်ပြောင်စွာ ၀တ်ထားတဲ့ ကိုတက်ပုကိုလည်းတွေ့ရော ပျာပျာသလဲ….
`ဟာ… ကိုကြီးတက်ပု၊ အခုမှာလာတာကိုး၊ မျှော်လိုက်ရတာဗျာ၊ ဒီဘက်ကိုကြွ။ အဟင်း… ကိုကြီးတက်ပုတို့များ စောစောလာပြီး ချီးမြှင့်ဖို့ကောင်းတယ်´
အဲ့သလို ပျာယာခတ်ပြီး မျက်နှာချိုသွေး ပြောလိုက်တယ်ဆိုရင်ပဲ ကိုတက်ပုဟာ ပြုံးလိုက်တယ်။
`အင်း… အ၀တ်အစား မျက်နှာကြောင့် ငါ့ကို အရမ်းဖော်ရွေကြတာကိုး၊ လူတွေဟာ အပြောင်းအလဲတယ်မြန်တက်ကြပါလား´
ကိုတက်ပုဟာ လူကုံထံ အသိုင်းအ၀င်းကြားကို ရောက်သွားတယ်။ ကိုတက်ပုကို အနားမှာရှိတဲ့လူတွေက ဖော်ရွေစွာဆက်ဆံကြတယ်။ ဒါဟာပုံမှန်ဆက်ဆံရေး မဟုတ်ဘူး ရှိးသားတဲ့ခင်မင်မှု မဟုတ်ဘူးဆိုတာ သိတယ်။
ကိုတက်ပုဆီကို မုန့်ဟင်းခါး လာချပေးတယ်။ မုန့်ဟင်းခါးပန်းကန်ကိုကြည့်ပြီး ရင်ထဲမှာ နာကျင်လာမိတယ်။
ဒါကြောင့် မုန့်ဟင်းခါးပန်းကန်ကိုယူပြီး သူ့ပခုံးပေါ် ရုတ်တရက်သွန်ပစ်လိုက်တယ်။
`စားစမ်း၊ အ၀တ်အစားကိုကျွေးတာ၊ ငါ့ကိုကျွေးတာမဟုတ်ဘူး။ ရော့… စားစား နင့်ကိုကျွေးတာတဲ့´ ဆိုပြီး ပါးစပ်ကလည်း ပြောတယ်။ လူတွေဟာ ကိုတက်ပုကို အံ့အားသင့်ပြီး ကြည့်နေကြတယ်။
နောက်တော့ သဘောပေါက်သွားကြတယ်။ ကိုတက်ပုလည်း အလှူအိမ်းကနေ ထွက်သွားတော့မယ်။
***၀င်းရွှေနောင်***
***နင့်ကိုကျွေးတာ***

No comments:
Post a Comment