(တီဟီရန်၊ ဖေဖော်ဝါရီလ ၉-ရက်)
၂၀၁၀-ခုနှစ် ဧပြီလ သို့တည်းမဟုတ် မေလတွင် ညူကလီးယားလက်နက်များအပါအ၀င် လူအစုလိုက်အပြုံလိုက် အသက်ဆုံးရှုံးစေသည့် လက်နက်များဖျက်သိမ်းရေး နိုင်ငံတကာ ညီလာခံတစ်ရပ်ကို အီရန်နိုင်ငံက လက်ခံကျင်းပမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရာမင်မီဟန်ပါရတ်စ်က ဖေဖော်ဝါရီလ ၇-ရက်နေ့၌ ပြောကြားသည်။ ယင်းညီလာခံကျင်းပရခြင်းမှာ အီရန်နိုင်ငံအနေဖြင့် ညူကလီးယားလက်နက်များအပါအ၀င် လူအစုလိုက်အပြုံလိုက်
အသက်ဆုံးရှုံးစေသည့် လက်နက်များကို အမြစ်ပြတ်ဖယ်ရှားလိုသည်ကို ပြသရန်ဖြစ်ကြောင်း မီဟန်ပါရတ်စ်က ပြောကြားသည်။ ယင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် နိုင်ငံတကာမှ ကျွမ်းကျင်သူများနှင့် ပညာရှင်များကိုလည်း ဖိတ်ကြားထားသည်။ (ဆင်ဟွာ)
*** ဗြိတိန်လေကြောင်း ကုမ္ပဏီ ယမန်နှစ်က အရှုံးပေါ် ***
(လန်ဒန်၊ ဖေဖော်ဝါရီလ ၉-ရက်)
ဗြိတိန်လေကြောင်း ကုမ္ပဏီသည် ယမန်နှစ် တတိယသုံးလပတ်တွင် အမေရိကန်ဒေါ်လာ ၃၈၇-သန်း (၉၃-ရာခိုင်နှုန်း)အရှုံးပေါ်ကြောင်း ဖေဖော်ဝါရီလ ၅-ရက်နေ့က သတင်းထုတ်ပြန်သည်။ ကမ္ဘာ့စီးပွားရေးအကျပ်အတည်း ကြုံတွေ့မှုကြောင့် လေကြောင်းခရီးဖြင့် အသွားအလာနည်းမှုနှင့် စက်သုံးဆီးဈေးနှုန်းမြင့်တက်မှုတို့၏ အကျိုးဆက်များကြောင့် လေကြောင်းခရီးသွားလုပ်ငန်းများ ကျဆင်းလျက်ရှိသည်ဟု ဆိုသည်။ (အင်တာနက်)
*** ပထမဆုံး ပြည်တွင်းဖြစ် မောင်းသူမဲ့လေယာဉ် အီရန်နိုင်ငံ အောင်မြင်စွာ စမ်းသပ် ***
(တီဟီရန်၊ ဖေဖော်ဝါရီလ ၉-ရက်)
အီရန်နိုင်ငံသည် ယင်း၏ပထမဦးဆုံး ပြည်တွင်းဖြစ် မောင်းသူမဲ့လေယာဉ်ကို အောင်မြင်စွာစမ်းသပ်ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း အီရန်လေတပ်ထိပ်တန်းတပ်မှူး ဗိုလ်မှူးချုပ် အာဇစ်နာဇီဇာဒက်က ဖေဖော်ဝါရီလ ၇-ရက်နေ့တွင် ပြောကြားသည်။ ယင်းမောင်းသူမဲ့လေယာဉ်ကို စမ်းသပ်ကြည့်ရာ၌ ရရှိသည့် အချက်အလက်များသည် ကျေနပ်အားရဖွယ်ရှိကြောင်း၊ ယင်းလေယာဉ်ကို အီရန်လေတပ်က ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း ဖားစ်သတင်းဌာနက ဖော်ပြသည်။ (အင်တာနက်)
***အိန္ဒိယနိုင်ငံ၏ ပြည်တွင်းဖြစ် တိုက်ချင်းပစ်ဒုံးပျံ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ် ***
(နယူးဒေလီ၊ ဖေဖော်ဝါရီလ ၉-ရက်)
အိန္ဒိယနိုင်ငံသည် ယင်းပြည်တွင်း၌ ထုတ်လုပ်သော ညူကလီးယားတင်ဆောင်နိုင်သည့် အဂ္ဂနီ-၃ အမည်ရှိ ပြည်တွင်းဖြစ် တိုက်ချင်းပစ်ဒုံးပျံကို အရှေ့ပိုင်းသြရိဿပြည်နယ် ကမ်းလွန်မှနေ၍ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ပြီဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောကြားသည်။ အဆိုပါဒုံးပျံသည် ကီလိုမီတာ ၃၀၀၀-ကျော်အထိ ပစ်ခတ်နိုင်ကြောင်း၊ သြရိဿပြည်နယ် ဘယ်လာဆိုးခရိုင် ၀ှီးလားကျွန်းမှနေ၍ ဖေဖော်ဝါရီလ ၇-ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၁-နာရီတွင် ပစ်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ဒုံးကျည်ပစ်လွှတ်မှုအောင်မြင်ကြောင်းဖြင့်လည်း အဆိုပါ သတင်းရပ်ကွက်က ပြောကြားသည်။ ယင်း အဂ္ဂနီ-၃ တိုက်ချင်းပစ်ဒုံးသည် အဂ္ဂနီ-၂ ကို ဆက်ခံလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ အိန္ဒိယကာကွယ်ရေးသိပ္ပံပညာရှင်များအနေဖြင့် ဒုံးပျံပစ်လွှတ်မှုအစအဆုံးကို စောင့်ကြည့်လျက်ရှိကြောင်း၊ လိုအပ်သလို အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (ဆင်ဟွာ)
*** စုစည်းဘာသာပြန်-မောင်မောင်ဆွေ ***
*** ညူလက်နက် ဖျက်သိမ်းရေးညီလာခံ အီရန်၌ လက်ခံကျင်းပမည် ***

No comments:
Post a Comment