(ခတ္တမန္ဒူ၊ ဖေဖော်ဝါရီလ ၁၅-ရက်)
နီပေါနိုင်ငံတွင် အများပြည်သူများ စည်ကားရာနေရာများ၌ ဆေးလိပ်သောက်သုံးမှုတားမြစ်သည့် ဆိုင်းဘုတ်များ မကြာမီစိုက်ထူသွားမည်ဖြစ်ရာ ဆေးလိပ်သောက်သုံးမှု သို့မဟုတ် ဆေးရွက်ကြီးငုံသူဖြစ်ပါက ယခု အချိန်မှစ၍ ယင်းအလေ့အထကို စွန့်လွှတ်ရတော့မည်ဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်သည့် ဥပဒေကြမ်းကို ပြဌာန်းနိုင်ရန် ယခုအခါ ဥပဒေကြမ်းရေးဆွဲရေးကော်မတီက ဆွေးနွေးညှိနှိုင်းနေပြီဖြစ်ကြောင်း ယင်းဥပဒေကြမ်းကို ပြုစုပြီးပါက လွှတ်တော်သို့ ဆက်လက်တင်ပြမည်ဖြစ်ကြောင်း လွှတ်တော်က အတည်ပြုထောက်ခံလျှင် ယင်းဥပဒေကြမ်းသည် ဥပဒေတစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း ယင်းဥပဒေအရ အများပြည်သူတို့ စည်ကားရာနေရာများတွင် ဆေးလိပ်သောက်ခြင်း၊
ဆေးရွက်ကြီးငုံခြင်း၊ တို့ကို တားမြစ်မည်ဖြစ်ကြောင်း ဥပဒေကို မလိုက်နာပါက ပြစ်ဒဏ်ချမှတ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်ဟု ဖေဖော်ဝါရီလ ၁၃-ရက်ထုတ် ခတ္တမန္ဒူပို့စ်သတင်းစာတွင် ဖော်ပြသည်။ အများပြည်သူစည်ကားရာတွင် ဆေးလိပ်သောက်သုံးမှုတားမြစ်ရေး ဥပဒေကြမ်းသည် ၉၀-ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း နီပေါကျန်းမာရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်နှင့် ဥပဒေရေးရာအကြီးအကဲ ဘယ်ဆာဂါရက်မီက ပြောကြားသည်။ (အင်တာနက်)
*** အသေခံဗုံးဖောက်ခွဲရာမှ ဆိုမာလီဝန်ကြီး ကွယ်လွန် ***
ဆိုမာလီအားကစားဝန်ကြီး ဆာလီဘင်အိုလက်ရိုဘယ်သည် ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့၌ ကျင်းပသည့် ဆေးဘက်ဆိုင်ရာဘွဲ့နှင်းသဘင်အခမ်းအနား တက်ရောက်စဉ် အသေခံဗုံးဖောက်ခွဲမှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးနောက် သီတင်းပတ်အတန်ကြာ ဖေဖော်ဝါရီလ ၁၂-ရက်နေ့တွင် ဆော်ဒီအာရေဗျမြို့တော် ရီလက်ဆေးရုံ၌ ကွယ်လွန်သွားကြောင်း အဆိုပါ ၀န်ကြီး၏ ဆွေမျိုးများက ဖေဖော်ဝါရီလ ၁၃-ရက်နေ့က ပြောကြားသည်။ (အင်တာနက်)
*** ကက်စ်ပီယန်ပင်လယ်၌ အီရန်ရေနံတူးဖော်ရေးစတင် ***
(တီဟီရန်၊ ဖေဖော်ဝါရီလ ၁၅-ရက်)
အီရန်အစိုးရသည် ကက်စ်ပီယန်ပင်လယ်အတွင်း၌ ရေနံတူးဖော်ရှာဖွေရေး စီမံကိန်းပထမအဆင့်ကို အောင်မြင်စွာ စတင်နိုင်ခဲ့ကြောင်း အင်တာနက်သတင်းတွင် ဖော်ပြသည်။ ကက်စ်ပီယန်ပင်လယ်တောင်ပိုင်းတွင် ရေနံစည်ပေါင်း ၃၂-ဘီလီယံထက် မနည်းတူဖော်ရရှိနိုင်သည်ဟု ကျွန်းမကျင်သူများက ခန့်မှန်းထားသည်။ အီရန်ရေနံတူးဖော်ရေး အနေဖြင့် ကက်စ်ပီယန်ပင်လယ်ကွေ့အတွင်းမှ ရေနံကွက် ၄၆-ခုကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်သည်။ အီရန်နိုင်ငံသည် ပါရှန်ပင်လယ်ကွေ့အတွင်းနှင့် နိုင်ငံအရှေ့တောင်ပိုင်းနေရာများ၌ ရေနံသိုက်များကို ပိုင်ဆိုင်ထားသည်။ (အင်တာနက်)
*** ဥရောပ ဒုံးကျည်ကာကွယ်ရေး ဘူလ်ဂေးရီးယား လိုလား ***
(ဆိုဖီယာ၊ ဖေဖော်ဝါရီလ ၁၅-ရက်)
ဥရောပဒေသ၌ ဖြန့်ကြက်မည့် အမေရိကန်ဒုံးကျည်ကာကွယ်ရေးစနစ်သစ်တွင် ဘူလ်ဂေးရီးယားနိုင်ငံကပါဝင်ရန် စီစဉ်နေသည်ဟု ပြောကြားလိုက်သည်။ အိမ်နီးချင်း ရိုမေးနိးယားနိုင်ငံကလည်း ယင်းအစီအစဉ်တွင်ပါဝင်ရန် စိတ်ဝင်တစားရှိသည်ကို ပြသပြီးဖြစ်ကြောင်း အင်တာနက်သတင်းတစ်ရပ်၌ ဖော်ပြသည်။ (အင်တာနက်)
*** စုစည်:ဘာသာပြန်-မောင်မောင်ဆွေ ***
*** ဆေးလိပ်သောက်သုံးမှုတားမြစ်ရေး နီပေါနိုင်ငံတွင် ဥပဒေပြဌာန်းမည် ***

No comments:
Post a Comment