(သတ္တကနိပါတ် ၄၀၃၊ အဌိသေနဇာတ်) ပစ္စုပ္ပန်ဝတ္ထု
မြတ်စွာဘုရားသည် အာဠ၀ီပြည်အနီး အဂ္ဂါဠ၀ စေတီ၌ သီတင်းသုံးတော်မူစဉ်- အာဠ၀ီပြည်မှ ရဟန်းတို့သည် ကိုယ်ပိုင် ကျောင်းများကို အပြိုင်အဆိုင် ဆောက်ကြရာ လူများထံမှ သစ်၊ ၀ါးမှ အစ အလှူခံ၏။ လူတို့ကို သစ်၊ ၀ါး ခုတ်ရာ ကျောင်းဆောက်ရာတွင် ခေါ်၏ ခိုင်း၏။ နောက်ထပ် လိုအပ်သမျှအရာကို ခဏခဏ လူတို့ထံမှ တောင်းကြ၏။ လူတို့သည် ရဟန်းတို့ကို မြင်လျှင် တောင်းမှာကြောက်၍ ခေါ်ခိုင်းမှာကြောက်၍ ဝေးဝေးကပင် ပုန်းရှောင်ပြေးကြ၏။ မြတ်စွာရား ကြားသိတော်မူလျှင် ရဟန်းတို့ကို စည်းဝေးစေ၍ တရားဟောပြီး (ကုဋိကာရသိက္ခာပုဒ်)ကို အကြောင်းပြု၍ အတိတ်ဇာတ်ကို ဟောကြားတော်မူသည်ကား (မဏိကဏ္ဍဇာတ်နှင့် ပစ္စုပ္ပန်ဝတ္ထုမှာတူသည်။)
အတိတ်ဇာတ်…
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းစိုးစံစဉ်- ဘုရားလောင်း အဌိသေန ရသေ့သည် ဟိမ၀န္တာမှာ ဈာန်အဘိညာဉ်ဖြင့် ကြွလာ၍ မြို့တွင်းသို့ ဆွမ်းခံကြွ၏။ မင်းကြီးသည် နန်းရင်ပြင်မှ ရသေ့ကိုမြင်လျှင် များစွာ ကြည်ညိုလှသဖြင့် နန်းပြသာဒ်ပေါ်သို့ ပင့်၍ ဆွမ်းကပ်လှူပြီး မိမိ၏ ဥယျာဉ်တော်တွင် တစ်သက်လုံး သီတင်းသုံးပါရန် ပင့်၏။
မင်းသည် ရသေ့ကြီးထံ တစ်နေ့သုံးကြိမ် ဖူးမြော်၍ တရားစကား နာကြား၏။ မင်းကြီးသည် များစွာ ကြည်ညိုလှသဖြင့် `အရှင်ဘုရား၊ မင်းစည်းစိမ်မှအစ အလိုရှိရာကို တပည့်တော်ထံ တောင်းတော်မူပါ´ဟု လျှောက်ထား၏။
ရသေ့ကြီးသည် တစ်စုံတစ်ရာမျှ တောင်းခံခြင်းမပြု။ တောင်းခံခြင်းမပြု၍ မင်းကြီးက ….
`အရှင့်ရသေ့၊ တပည့်တော်နှင့် သိကျွမ်းခြင်း မရှိသော သူများပင် လာရောက်တောင်းခံကြပါလျက် အရှင်ဘုရားသည် အဘယ်ကြောင့် မတောင်းပါသနည်း´ဟု လျှောက်၏။
ထိုအခါ ရသေ့ကြီးက- `မင်းကြီး တောင်းသူကို ပေးသူကမချစ်တတ်၊ တောင်းမိပြီး မပေးလျှင် တောင်းသူက မနှစ်မြို့တတ်၊ နှစ်ဦးနှစ်ဖက် အမုန်းထွက်တတ်သောကြောင့် သင်မင်းကြီး မမုန်းစေလို၍ ငါမတောင်း´ဟု မိန့်ကြား၏။
`အရှင်ရသေ့၊ ရဟန်းပုဏ္ဏားတို့သည် တောင်းသင့်ချိန်၌ မတောင်းလျှင် တစ်ဖက်သားအား ကောင်းမှုမှ ယုတ်လျော့စေပါသည်။ မိမိတွင်လည်း လိုအပ်ချက် မပြည့်ဝပါ၊ အရှင်ဘုရားသာ တောင်းခံပါလျှင် တိုင်းပြည်အလုံးကို ပေးလှူရန် အသင့်ရှိပါသည်´ဟု လျှောက်ထား၏။
သို့တိုင်အောင် ရသေ့က မတောင်းချေ။
ရဟန်းတို့အလိုကို သိကြရမည်…
`မင်းကြီး၊ ပညာရှိတို့သည် မတောင်းကြပါ။ ပညာရှိသော ဒါယကာတို့သည် အလိုအလျောက် သိတတ်ကြပါသည်။ အရိယာသူတော်ကောင်းတို့ကား ရည်ညွှန်း၍ရပ်လေ့ရှိကုန်၏။ ဤသို့ ရပ်ခြင်းမှာ အရိယာတို့၏ တောင်းခြင်းဖြစ်၏´ဟု မိန့်တော်မူ၏။
မင်းကြီးသည် အဌိသေနရသေ့အား ကြည်ညိုလှ၍- `အရှင်ဘုရား အရှင်ဘုရားအား နွားထီးများနှင့် တကွ နွားမတစ်ကောင်ကို လှူဒါန်းပါ၏။ လက်ခံတော်မူပါ´ဟု လျှောက်ထားပြန်၏။
`မင်းကြီး ငါကား ရဟန်းဖြစ်သည်။ ပလိဗောဓကင်း၏´ဟု ဆိုကာ ပယ်၏။
မင်းသည် ရသေ့၏ အဆုံးအမ၌တည်ကာ ကုသိုလ်ကောင်းမှုတို့ကိုပြုလုပ်၍ သေသည်၌ နတ်ပြည်သို့လားရ၏။ ရသေ့ကြီးသည် ဈာန်၌ မယုတ်စေသဖြင့် သေလွန်လျှင် ဗြဟ္မာ့ပြည်သို့ လား၏။
ဇာတ်ပေါင်းသော်…
မင်းကြီးသည် - အာနန္ဒာ
ရသေ့သည် - ငါဘုရား ဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင် - ဆန်းညွန့်ဦး ***
*** တောင်းလျှင် မုန်းတတ်သည် ***

No comments:
Post a Comment