မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်- သာဝတ္ထိပြည်မှ သူဌေးသား ငါးရာတို့သည် မိဘတို့ထံ အတင်းအကျပ် တောင်းခံ၍ ရဟန်းပြုကြရ၏။ ထိုသူဌေးသား ရဟန်းငါးရာတို့သည် မိတ်ဆွေ သူငယ်ချင်းများ ဖြစ်ကြ၏။ ဇေတ၀န်ကျောင်းတော်၏ ၀င်းအတွင်း အစွန်၌ နေကြရ၏။
မြတ်စွာဘုရားသည် ညဥ့်သန်းခေါင်ယံ၌ သဗ္ဗညုတဥာဏ်ဖြင့် ဇေတ၀န်ကျောင်းတော်ရှိ ရဟန်းတို့ကို ဆင်ခြင်ကြည့်ရှုလေလျှင် သူဌေးသား ရဟန်းငါးရာတို့၏ စိတ်သဏ္ဍာန်ဝယ် ကိလေသာစိတ်တို့ ထိုးဖောက်ဝင်ရောက်နေသည်ကို သိမြင်တော်မူသဖြင့် ထိုရဟန်းငါးရာတို့အား အရဟတ္ထဖိုလ်သို့ ပေးတော်မူသဖြင့် ထိုရဟန်းငါးရာတို့အား အရဟတ္တဖိုလ်သို့ ပေးတော်မူမည်ဟု ကြံစည်တော်မူလျက်၊ အရှင်အာနန္ဒာအား ဂန္ဓကုဋိ ပရိဝုဏ်အတွင်း ရဟန်းတို့ကို စည်းဝေးစေ၍ ရဟန်းတို့အား ဟောကြားတော်မူလေသည်မှာ-
ကိုယ်တွင်း၌ ဖြစ်သော ကိလေသာကို ငယ်သည်ဟုမထင်နှင့်၊ ကိလေသာဟူသည် ရန်သူနှင့်တူ၏။ ရန်သူမှာ ငယ်သည်ဟု မရှိ၊ အခွင့်ရလျှင် ပျက်စီးနိုင်အောင် လုပ်သကဲ့သို့၊ ကိလေသာအနည်းငယ်ကို စိတ်တွင်း၌ လက်ခံထားလျှင် ပွားများလာပြီး ပျက်စီးခြင်းသို့ ရောက်စေ၏။
ကိလေသာသည် ချက်ချင်း သေစေတတ်သော အဆိပ်နှင့် တူ၏။ ကိလေသာသည် အရေပြား၌ ပေါက်သော အိုင်းနာနှင့် တူ၏။ အဆိပ်ပြင်းသော မြွေ၊ မိုးကြိုး လောင်မီးနှင့် တူ၏။
ကိလေသာစိတ်အနည်းငယ်ငြိတွယ်လာသည်နှင့် တစ်ပြိုင်နက် ပညာစွမ်းဖြင့်လည်းကောင်း၊ ဘာဝနာစွမ်းဖြင့်လည်းကောင်း ချက်ချင်း လွင့်ပျောက်သွားအောင် ပယ်စွန့်အပ်၏။
`ရှေးပညာရှိတို့သည် အနည်းငယ်သော ကိလေသာကိုပင် ကဲ့ရဲ့၍ နောက်ထပ်တစ်ဖန် ပြန်မလာအောင် နှိပ်စက်ကြကုန်၏´ဟု မိန့်တော်မူကာ အတိတ်ဇာတ်ကို ဟောကြားတော်မူသည်။
***အတိတ်ဇာတ်***
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်- ဘုရားလောင်းသည် မြေခွေးဖြစ်၍ မြစ်နား၌ နေ၏။ ထိုနေရာတွင် ဆင်အိုတစ်ကောင်သေနေ၏။ မြေခွေးမြင်လျှင် ၀မ်းမြောက်စွာ နှာမောင်းကို ကိုက်၏။ မာလွန်း၍ ကိုက်မရ၊ အစွယ်ကို ကိုက်ကြည့်၏။ ကိုက်မရ၊ နားရွက်ကို ကိုက်ပြန်၏။ ဆွဲ၍မရ၊ ဘယ်နေရာ ကိုက်ကြည့်ကြည့် ကိုက်၍ မရသဖြင့် စိတ်ပျက်နေ၏။
**ဆင်သားကို အားပါးတရ စားရပါပြီ***
မြွေခွေးသည် ဟိုကိုက်သည်ကိုက်နှင့် ကိုက်၍မရ၊ ဆင့်ဖင်ကို ကိုက်မိမှ ပျော့ပျော့ပျောင်းပျောင်း တွေ့၍ အားရ၀မ်းသာစား၏။ တဖြည့်ဖြည်း စားရင်း စားရင်း ဆင့်ဖင်ထဲဝင်၍ ဆင်ဝမ်းတွင်းကို ရောက်သွား၏။ အူ၊ အသည်း၊ နှလုံးတို့ကို စားရ၏။ အလွန်ဇိမ်ကျနေ၏။ ရေငတ်လျှင် သွေးကိုသောက်၏။ အိပ်သောအခါ ၀မ်းရေကို ဖြန့်၍ အိပ်၏။
ဤသို့ စားစရာ၊ သောက်စရာအသင့် အိပ်စရာနေရာအသင့် ဖြစ်၍ မြေခွေးသည် ဆင်ဝမ်းထဲမှာနေရာမှ အပြင်က နွေရာသီနေပူရှိန်ကြောင့် ဆင်သည် တဖြည်းဖြည်း ခြောက်ကပ်ပြီး ဆင်ဖင်ပေါက် ပိတ်သွားလေ၏။ ဆင်သေကောင် ခြောက်သော် အသားလည်း ခြောက်၊ အသွေးလည်း ခန်းတော့၏။
ထိုအခါ မြေခွေးသည် အသက်ရှူကျပ်လာသဖြင့် ထွက်ပေါက်ကို ရှာ၏။ ထွက်ပေါက်မရ သေရတော့မည်ဟု သိ၍ ဟိုတိုး သည်တိုး ပြု၏။ ခြေခွေးသည် များစွာ စိတ်ဆင်းရဲရ၏။
နှစ်ရက်သုံးရက် ကြာလျှင် မိုးသည်းထန်စွာရွာ၏။ မိုးစို၍ ဆင်သေကောင်ဖောင်းပွလာပြန်၏။ မြေခွေးသည် ထွက်ပေါက်ကို မြင်၏။ အားရ၀မ်းသာ တစ်ဟုန်ထိုး ပြေး၍ တိုးထွက်၏။ အမွေးများ ကျွတ်ကျခဲ့၏။ အပြင်သို့ရောက်သော် အမွေးတုံးနေသော ကိုယ်ကို ကြည့်၍ ထိတ်လန့်တုန်လှုပ်စွာဖြင့်-
`ငါသည် ဤဆင်းရဲကို ဘယ်သူမျှမပြု၊ အစာ မက်မောသော ကိလေသာလောဘဆိုးနှိပ်စက်၍ ငါကိုယ်တိုင်ပင် ပြုလုပ်မိ၏။ ယနေ့မှစ၍ နောက်နောင် ဘယ်တော့မှ မ၀င်တော့ပါ´ဟု ထိုအရပ်မှ ပြေးလေသည်။
မြတ်စွာဘုရားသည် ဤအတိတ်ဇာတ်ကို ဟောတော်မူပြီးနောက် ရဟန်းတို့ မိမိတို့ ကိုယ်တွင်းသဏ္ဍာန်၌ ဖြစ်လာသော ကိလေသာကို မပွားများစေဘဲ ဖြစ်သောခဏမှာပင် နှိမ်နင်းကြရမှာဟု မိန့်တော်မူ၏။
ဇာတ်ပေါင်းသော်…
မြေခွေးသည်- ယခုငါဘုရားဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင်- ဆန်းညွန့်ဦး ***
*** (၁၄၈၊ သိင်္ဂါလဇာတ်) ပစ္စုပ္ပန်ဝတ္ထု ***

No comments:
Post a Comment