ဖိလစ်ပိုင်သမ္မတ ဂလိုရီအာရိုယိုသည် ဒေါက်တာအာနက်စတိုဒိုမင်ဂိုနှင့် ကမ္ဘာကျော် ဖွားသေစာရင်းကျွမ်းကျင်သူပညာရှင် ဒေါက်တာ မာစီဒီးဘာရက်တိုကွန်ဆက်စီယန်တို့အား ဖိလစ်ပိုင်အစိုးရက ပေးအပ်သော ဖိလစ်ပိုင်နိုင်ငံ၏ အမြင့်ဆုံး အမျိုးသားသိပ္ပံပညာရှင်ဘွဲ့ကို ဖေဖော်ဝါရီလ ၁၅-ရက်နေ့က ချီးမြှင့်လိုက်သည်။ (အင်တာနက်)
*** အဆိပ်ငွေ့ ရှူမိသဖြင့် တရုတ်ကလေးငယ် ၆-ဦးသေဆုံး ***
(ကူမင်၊ ဖေဖော်ဝါရီလ ၁၇-ရက်)
တရုတ်နိုင်ငံ ယူနန်ပြည်နယ် စီကျန်းစီရင်စု၌ သတ္ထုတူးဖော်ရေးလိုဏ်ဂူပျက်အတွင်း ဆော့ကစားရာမှ အဆိပ်ဓာတ်ငွေ့ရှူမိသဖြင့် ကလေးငယ် ၆-ဦး သေဆုံးပြီး အခြားတစ်ဦးနာမကျန်းဖြစ်သွားကြောင်း တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၁၆-ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။ (အင်တာနက်)
*** မူးယစ်မှောင်ခို လေယာဉ်များ ဗင်နီဇွဲလား အစိုးရ သိမ်းဆည်းရမိ ***
(ကရာကတ်စ်၊ ဖေဖော်ဝါရီလ ၁၇-ရက်)
ဗင်နီဇွဲလားအာဏာပိုင်များသည် ဂါရီကိုပြည်နယ်အလယ်ပိုင်း၌ မူးယစ်မှောင်ခိုသမားများ ပိုင်ဆိုင်သည်ဟု ယူဆရသော လေယာဉ်နှစ်ဒါဇင်ကျော်ကို ဖေဖော်ဝါရီလ ၁၅-ရက်က သိမ်းဆည်းလိုက်ကြောင်း အင်တာနက်သတင်းတွင် ဖော်ပြသည်။ ကိုလံဘီယာနှင့် နယ်နိမိတ်ထိစပ်နေသော ဗင်နီဇွဲလား နယ်စပ်သည် ကိုလံဘီယာမူးယစ်မှောင်ခိုသမားများအတွက် အမေရိကန်နှင့် ဥရောပသို့ မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းရာ အဓိကနေရာတစ်ခုဖြစ်သည်။ (အင်တာနက်)
*** နီပေါသမ္မတ အိန္ဒိယနိုင်ငံသို့ ခရီးထွက်ခွာ ***
နီပေါသမ္မတ ရမ်ဘာရန်ယာဒတ်သည် အိန္ဒိယသမ္မတ ပရာတီဘာဒေဗီဆင်းပတေး၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ဖေဖော်ဝါရီလ ၁၅-ရက်နေ့က ထွက်ခွာသွားသည်။ နီပေါသမ္မတနှင့်အတူ အဖွဲ့ဝင် ၂၇-ဦးလိုက်ပါသွားပြီး အိန္ဒိယသမ္မတနှင့် ဖေဖော်ဝါရီလ ၁၆-ရက်နေ့က တွေ့ဆုံးဆွေးနွေးကြောင်း သိရသည်။ နှစ်နိုင်ငံ သဘောတူညီချက်အများအပြားကိုလည်း လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည်ဟုလည်း သတင်းရရှိသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်မောင်ဆွေ ***
*** ဖိလစ်ပိုင်၌ အမြင့်ဆုံး အမျိုးသား သိပ္ပံပညာရှင်ဘွဲ့ချီးမြှင့် ***

No comments:
Post a Comment