(ဗန်ကူးဗား၊ ဖေဖော်ဝါရီလ ၁၈-ရက်)
ကနေဒါနိုင်ငံ ကွီဘက်မြို့တွင် ၂၀၂၂-ခုနှစ် ဆောင်းရာသီအိုလံပစ်ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရန် စဉ်းစားနေကြောင်း ကွီဘက်ပြည်နယ်ဝန်ကြီးချုပ် ဂျိန်းခါရက်က ဖေဖော်ဝါရီလ ၁၅-ရက်နေ့တွင် ကြေညာသည်။ ကွီဘက်သည် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကျင်းပရေးအတွက် အံဝင်ခွင်ကျဖြစ်အောင် စီစဉ်ထားသဖြင့် အဆင်ပြေချောမွေ့မည်ဟု ယူဆကြောင်းဖြင့်လည်း ပြောကြားသွားသည်။ ကွီဘက်သည် မြောက်အမေရိကတိုက်တွင် ဥရောပတိုက်သားများ ရှေးအကျဆုံး
အခြေချနေထိုင်ခဲ့ရာ မြို့တစ်မြို့ဖြစ်သည်။ ထို့အပြင် ယင်းမြို့သည် ကနေဒါနိုင်ငံ ကွီဘက်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ မွန်ထရီယက်မြို့ပြီးလျှင် အဆိုပါပြည်နယ်၌ လူဦးရေအများဆုံးမြို့လည်းဖြစ်သည်။ (အင်တာနက်)
*** အနာဂတ် ကာကွယ်ရေးဗျူဟာ လေကြောင်းစိုးမိုးရေး အရေးပါ ***
လန်ဒန် ဖေဖော်ဝါရီလ ၁၈-ရက်)
ဗြိတိန်အစိုးရအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်ကို ချွေတာရန်အတွက် ဂျက်လေယာဉ်များကို လျှော့ချရန်မသင့်ကြောင်း ဗြိတိန်လေတပ်ဦးစီးချုပ်က ဖေဖော်ဝါရီလ ၁၆-ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။ အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်းသည့် ဗြိတိန်အစိုးရ၏ စီမံချက်သည် အငြင်းပွားဖွယ်ဖြစ်နေသည်ဟုဆိုသည်။ ခေတ်မီတိုးတက်နေသော သတင်းပြန်ကြားရေးခေတ်တွင် လေကြောင်းစိုးမိုးထားမှုကို လက်လွှတ်၍ ရမည်မဟုတ်ကြောင်း လေတပ်ဦးစီးချုပ်စတီဖင်ဒေါ်တန်က နိုင်ငံတကာမဟာဗျူဟာ လေ့လာရေးဌာန၌ ထုတ်ဖော်ပြောကြားသည်။ (ဆင်ဟွာ)
*** လွန်ခဲ့သည့်နှစ်ပေါင်း ၁၄၀၀-က ၀ိုင်အရည်ညှစ်စက် အစ္စရေးအလယ်ပိုင်းတွင် တူးဖော်တွေ့ရှိ ***
(ဂျေရုဆလင်၊ ဖေဖော်ဝါရီလ ၁၈-ရက်)
အစ္စရေးနိုင်ငံအလယ်ပိုင်းတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၁၄၀၀-က အသုံးပြုခဲ့သော ရှေးဟောင်းဝိုင်(စပျစ်)အရည်ညှစ်စက် ကိရိယာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေးရှေ့ဟောင်းပစ္စည်း သုတေသနအာဏာပိုင်အဖွဲ့ (အိုင်အေအေ)က ဖေဖော်ဝါရီလ ၁၅-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ယင်းဝိုင်အရည်ညှစ်စက်သည် ပြည်တွင်းသုံးဝိုင်များထုတ်လုပ်ရန် မဟုတ်ဟုယူဆရကြောင်း ရှေ့ဟောင်းပစ္စည်းများတူးဖော်ရေး ညွှန်ကြားရေးမှူး အူဇီအက်စ်က ပြောကြားသည်။ (ဆင်ဟွာ)
*** အင်ဒိုရေပိုင်နက်အတွင်း အာဖဂန်ဒုက္ခသည်များ ဖမ်းမိ ***
(ဂျကာတာ၊ ဖေဖော်ဝါရီလ ၁၈-ရက်)
အင်ဒိုနီးရှားနိုင်ငံ ဆူမတြားပြည်နယ် ရေပိုင်နက်အတွင်း တရားမ၀င်ရောက်ရှိလာသူ အာဖဂန်ဒုက္ခသည် ၁၃-ဦးအား ဖေဖော်ဝါရီလ ၁၆-ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၇-ရက်နေ့တွင် အင်တာရာသတင်းဌာနက ထုတ်ပြန်ကြေညာသည်။ အဆိုပါ ခိုးဝင်ရောက်လာသူများမှာ အမျိုးသားများဖြစ်ပြီး မလေးရှားနိုင်ငံမှ သြစတြေးလျနိုင်ငံသို့ သယ်ယူပို့ဆောင်ပေးသည့် ငါးဖမ်းစက်လှေပေါ်၌ ဖမ်းဆီးမိခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။ (ဆင်ဟွာ)
*** စုစည်းဘာသာပြန်-မောင်မောင်ဆွေ ***
*** ၂၀၂၂-ခုနှစ် ဆောင်းရာသီ အိုလံပစ်ပွဲ ကွီဘက်မြို့၌ ကျင်းပရန်စီစဉ် ***

No comments:
Post a Comment