***(၃၅၇၊ လဋိုကိကဇာတ်) ပစ္စုပ္ပန်ဝတ္ထု***
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ်- သနားကရုဏာမရှိသော ဒေ၀ဒတ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
**အတိတ်ဇာတ်***
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ် ဘုရားအလောင်းသည် ဟိမ၀န္တာ၌ ဆင်ရှစ်သောင်း ခြံရံသော ဆင်မင်းဖြစ်၏။ ထိုတော၌ နှံစုတ်ငှက်မ တစ်ကောင်သည် ဆင်တို့သွားရာ လမ်းတွင် အသိုက်လုပ်ကာနေ၏။ အသိုက်အတွင်း၌ အမွေးအတောင်မစုံသေးသော ငှက်ကလေးများရှိ၏။ ဆင်မင်းသည် ဆင်ရှစ်သောင်းနှင့် အစာရှာရန်လာ၏။ နှံစုတ်ငှက်မသည် သားငယ်တို့ကို နင်းမိမည်စိုး၍ ဆင်းမင်းရှေ့တွင် ၀ပ်ကာ အတောင်နှစ်ဖက်ကို ယှက်ကာ ရှိခိုးလျက်သားငယ်တို့၏။ အသက်ကို ကယ်ပါရန် တောင်းပန်၏။
ဆင်မင်းသည် `မစိုးရိမ်လင့်၊ သင့်သားငယ်တို့ကို ငါစောင့်ရှောက်မည်´ဟု ဆင်မင်းသည် ငှက်သားငယ်တို့အထက်၌ ရပ်လျက် အကာအကွယ်ပြုပေးပြီး ဆင်ရှစ်သောင်းတို့ကို သွားစေ၏။ ထို့နောက် နှံစုတ်ငှက်မအား-
`အို- နှံစုတ်ငှက်မငယ်၊ ငါတို့နောက်မှ တစ်ကောင်တည်း လာသောဆင်သည် ငါတို့စကားကို နားထောင်သူ မဟုတ်၊ ထိုဆင်လာလျှင် သားငယ်တို့အတွက် ရှိခိုးတောင်းပန်ပေဦး´ဟု မှာထား၍ သွားလေသည်။
**လူမိုက်ကို တောင်းပန်၍ မရ***
ဆင်တစ်ကောင်သည် နောက်က လိုက်၏။ နှံစုတ်ငှက်မသည် ခရီးဦးကြို၍ အတောင်နှစ်ဖက်ကိုယှက်ကာ ရှိခိုးတောင်းပန်၏။ ထိုဆင်သည် ရိုင်းစိုင်း၏။ တောင်းပန်ကာမှ နှံစုတ်ငှက်မ၏ သားငယ်တို့ကို ခြေဖြင့် နင်းကာ ကျင်ငယ်စွန့်ပြီး ကျင်ငယ်ရေမှာ မျောစေလျက် ၀မ်းမြောက်သော အသံဖြင့် အော်၍ သွား၏။
***နေသေးသပ***
နှံစုတ်ငှက်မသည် သစ်ခက်၌ နားနေရင်း သားငယ်တို့ မရှုမလှ သေကြရသော အဖြစ်ကို ရင်ထုမနာ မြင်ရသောအခါ ဒေါသဖြစ်လျက်- `ဟယ်- ဆင်ယုတ်၊ နေရာတိုင်းမှာ ခန္ဓာကိုယ်စွမ်းအားနှင့် နှိပ်စက်နိုင်မည်မဟုတ်၊ သင်သည် အားနည်းသော ငါ့သားငယ်တို့ကို သတ်လိုက်သည်။ နှစ်ရက်သုံးရက်နှင့် ငါ့ဥာဏ်စွမ်းကို သင်မြင်ရလိမ့်မည်။ သင့်ကို ငါသတ်မည်။ ကိုယ်ခန္ဓာအားထက် ဥာဏ်အားက ကြီးကြောင်း သင်သိစေမည်´ဟု ကြိမ်းမောင်းလေသည်။
**မိတ်ဆွေများရှာခြင်း***
နှံစုတ်ငှက်သည် နှစ်ရက်သုံးရက် အတွင်းမှာပင် ကျီးကို မိတ်ဆွေဖွဲ့၏။ အကူအညီပေးပါရန် တောင်းပန်၏။ ကျီးက လိုလျှင် ကူညီပါမည်ဟုပြော၏။
နှံစုတ်ငှက်မက တစ်ကောင်တည်းသော ဆင်ကြီး၏ မျက်စိတို့ကို နှုတ်သီးဖြင့် ဖောက်၍ ပေးပါရန် တောင်းပန်၏။ ကျီးက ကောင်းပြီဟု ၀န်ခံ၍ ဆင်မိုက်၏ မျက်လုံးကို နှုတ်သီးဖြင့် ထိုးဖောက်လိုက်၏။
နှံစုတ်ငှက်မသည် ယင်မမဲရိုင်းထံသွား၍ မိတ်ဆွေဖွဲ့ပြန်၏။ ဘယ်လိုဆောင်ရွက်ပေးရမည်နည်းဟု မေး၏။
တစ်ကောင်တည်းကျက်စားသော ဆင်ကြီး၏ မျက်စိမှ အနာတို့တွင် ပိုးလောက်တို့ကို လွှတ်ပေးပါ´ဟု တောင်းပန်၏။ `ကောင်းပြီ၊ စိတ်ချပါ´ဟု ပြော၏။
ဆင်ကြီးမှာ ကျီးထိုးသော မျက်စိတို့တွင် ပိုးလောက်တို့ကိုက်သဖြင့် ကြီးစွာသော ဆင်းရဲဝေဒနာခံစားနေရ၏။
**မိတ်ဆွေကောင်းကို ရှာကြံပေါင်း***
ထို့နောက် နှံစုတ်ငှက်မသည် ဖားထံသို့သွား၍ မိတ်ဖွဲ့၏။ ဖားက `အဘယ်ကိစ္စကို ဆောင်ရွက်ပေးရမည်နည်း´ဟု မေး၏။ နှံစုတ်ငှက်မက ဖားအား-
`အရှင် တစ်ကောင်တည်းကျက်စားသော မျက်စိကန်းသည့် ဆင်တစ်ကောင် ရှိပါသည်။ သူသည် အစာလည်း မစားနိုင်၊ ရေလည်း ငတ်နေပါသည်။ အရှင်က တောင်ထိပ်မှ နေ၍ အော်ပါ၊ ဖားအော်သံကြားလျှင် တောင်ထိပ်သို့ တက်လာပါလိမ့်မည်။ ထိုအခါ အရှင်က တောင်ကမ်းပါးပြတ်သို့ဆင်းပြီး အော်ပါ´ဟု ပြော၏။ ဖားက `ကောင်းပြီ စိတ်ချပါ´ဟု ပြော၏။
ဖားသည် တောင်ထိပ်ကအော်၏။ ဆင်ကြီးသည် ရေအလွန်ငတ်လှသဖြင့် ဖားအော်သံ ကြားရာ၌ ရေရှိသည် ထင်ပြီး တဖြည်းဖြည်း တက်သွား၏။ ဆင်ကြီးတောင်ထိပ်သို့ ရောက်သောအခါ တောင်ကမ်းပါးပြတ် ချောက်ထဲ ဆင်း၍ အော်ပြန်၏။ ဆင်ကြီးသည် ဖားအော်သံကြားရာသို့ လိုက်ပြန်ရာ တောင်ကမ်းပါးပြတ်ကြီးမှ ချောက်ထဲသို့ ကျကာ သေဆုံးပျက်စီးရလေ၏။
အလွန်သေးငယ်လှသော နှံစုတ်ငှက်မသည် မိတ်ကောင်းဆွကောင်းများ၏ အကူအညီဖြင့် ခွန်အားကြီးလှသော ဆင်ကြီးကို ဥာဏ်အားဖြင့် အောင်နိုင်လိုက်ပေပြီဟု ဆင်သေပေါ်တွင် ခေါက်တုံ့ခေါက်ပြန် သွားကာ အောင်ပွဲခံလေသည်။
***ညီညွတ်မှု၏ အင်အား***
မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်ပြီးနောက်…. `ရဟန်းတို့ ခိုက်ရန်ဖြစ်ခြင်းကို တစ်စုံတစ်ယောက်နှင့်မျှ မပြုအပ်၊ ခွန်အားဗလနှင့် ပြည့်စုံသော ဆင်ကြီးကိုပင် အားနည်းသော သတ္တ၀ါ လေးကောင်တို့သည် တစ်ပေါင်းတည်းညီညွတ်လျက် သေကြေပျက်စီးခြင်းသို့ ရောက်အောင် ပြုစွမ်းနိုင်ကုန်၏´ဟု မိန့်တော်မူပြီးနောက် ဆက်လက်၍-
`ရဟန်းတို့၊ နှံစုတ်ငှက်၊ ကျီး၊ ဖား၊ ယင်မမဲရိုင်း ဤလေးကောင်သော သတ္တ၀ါတို့ကို ရှုလော့၊ ထိုလေးကောင်သော သတ္တ၀ါတို့သည် ဆင်ပြောင်ကြီးကို သတ်ကြကုန်၏။ ခိုက်ရန်ဖြစ်ခြင်းကို ရှုကြလော့၊ မချစ်သော တစ်စုံတစ်ယောက်နှင့်မျှ ခိုက်ရန်ကို မပြုရာ´ဟု ဟောတော်မူ၏။
ဇာတ်ပေါင်းသော်….
ဆင်မိုက်သည် - ဒေ၀ဒတ်
ဆင်မင်းသည် - ငါဘုရားဟု ဇာတ်တော်ကိုပေါင်း၏။
*** ဦးလှခင် - ဆန်းညွန့်ဦး ***
*** နှံစုတ်ငှက်မနှင့် ကျီး၊ ဖား၊ ယင်မ မိတ်ဆွေလေးဦး ၀တ္ထု ***

No comments:
Post a Comment