ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)
ထိုင်းနိုင်ငံအနောက်ဖက် ကန်ချနဘူရီခရိုင်နှင့် လယဖန်း ဆောင်ယမ်း အဝေးပြေးလမ်းမကြီးတွင် ဖေဖော်ဝါရီလ ၂၀-ရက်နေ့ ညဥ့် ၁၀-နာရီအချိန်ခန့်က ဆိုင်ကယ်စီး လာသော မြန်မာမိသားစု ၄-ဦးကို ကားတိုက်မိသဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ သေဆုံးသူများမှာ အသက် ၄၀-အရွယ် နိုင်သန်းဖေ၊ ဇနီး မနန်းမိုး အသက် ၄၁-နှစ်နှင့် အသက် ၁၅-နှင့် ၂၀-အကြားရှိ သားတစ် ယောက်နှင့် အသက် ၁၀-နှစ်အောက် သားငယ်တစ် ဦးတို့မှာ အမျိုးမျိုးသောဒဏ်ရာများဖြင့် သေဆုံးနေကြသည်။ ထမင်းဆိုင်လုပ်ငန်း လုပ်ကိုင်သူ၊ အသက် ၄၂-နှစ်ရှိ ထိုင်းအမျိုးသားနိုင်စိုင်ယု မောင်းနှင်လာသော အမိုးဖွင့် ဟိုင်းလတ်ဘောဘော/ ၈၂၇၉ ကားက ၀င်တိုက်မိခဲ့သည်။ ကားမောင်းသူမှာ ထွက်ပြေး သွားခြင်းမရှိပဲ ဖြစ်စဉ်များကိုရှင်းပြလိုသဖြင့် စောင့်နေခဲ့ သည်ဟုဆိုသည်။
ကားမောင်းသူက ဆိုင်ကယ်တွင် မီးထွန်းမထားသဖြင့် မမြင်ရခြင်းကြောင့် တိုက်မိကြောင်းထွက်ဆိုသည်။ အလောင်းများ တစ်လောင်းနှင့် တစ် လောင်း ငါးပေခန့် အကွာအဝေးတွင် တွေ့ရှိရပြီး အလွန်ပြင်းထန်သော ကားတိုက်မှုဖြစ်ကြောင်း နယ်မြေခံ ရဲအရာရှိက ပြောသည်။ ရဲအရာရှိ နခိုးထဖိုင်လု၏ သုံးသပ်ချက်တွင် အဆိုပါ မြန်မာမိသားစုမှာ စုမိဆောင်းမိပြီး။ စီးပွားရေး အဆင်ပြေ လာသဖြင့် မြန်မာပြည်သို့ ပြန်သည်ဟု ယူဆကြောင်းပြောသည်။ အဆိုပါအလောင်းများကို စူလပ်စီ ဆေးရုံကြီးတွင် ထားရှိကြောင်း ထိုင်းရပ်သတင်းစာတွင် ဖေါ်ပြထားသည်။
*** သတင်း-ဦးကျော်သောင်း (ဘန်ကောက်) ***
(ဖေဖေါ်ဝါရီ ၂၂-ရက် ၂၀၁၀)

No comments:
Post a Comment