တောကြီးတစ်တောအတွင်း ခြင်္သေ့တစ်ကောင်နှင့် ကျားတစ်ကောင်သည် လိုဏ်ဂူတစ်ခုတွင် အတူတကွ နေထိုင်ကြသည်။ ခြင်္သေ့သည် ကျားယူဆောင်လာသော သားကောင်များကို လုယက်မစားပေ။ ကျားပေးမှသာ စားသည်။ ကျားကလည်း ခြင်္သေ့နည်းတူပင် စည်းနှင့်ကမ်းနှင့် နေထိုင်သောကြောင့် ခိုက်ရန်ဖြစ်ပွားမှု မရှိ၊ ငြင်းခုံမှု မရှိချေ။ တစ်နေ့သော် ကျားနှင့် ခြင်္သေ့တို့နေသော လိုဏ်ဂူသို့ မြေခွေးတစ်ကောင် ရောက်လာ၏။ အလွန်ပိန်ကြုံသော မြေခွေးဖြစ်သည်။
`ဟယ် အယုတ်တမာကောင် သွားစမ်း၊ ငါတို့နေရာကို မလာနဲ့´
ကျားက ဟိန်းဟောက်ပြီး နှင့်ထုတ်သည်။
`အရှင်တို့ရဲ့ စားကြွင်းစားကျန်တွေ စားပါရစေ´
`မစားနဲ့ သွားသွား၊ မြေခွေးဆိုတာ အလွန်ယုတ်မာတယ်´
`အရှင်တို့ရဲ့ ဝေယျာဝစ္စကို ဆောင်ရွက်ပေးပါရစေ´
`မြေခွေးဆိုတာ ယုတ်က ယုတ်မာဘိသနဲ့ ။သွား သွား အခုထွက်သွား´
မြေခွေးသည် ကျား၏ ရှေ့မှ ထွက်ခွာသွား၏။ သို့ရာတွင် အပြီးအစီးထွက်ခွာမသွားပါ။ ခြင်္သေ့ထံသို့ သွားရောက်ပြီး အသနားခံသည်။
`အရှင် ကျနော်မှာ နေစရာမရှိလို့၊ အရှင်တို့ရဲ့ ခြေတော်ရင်းမှာ ခစားပြီး အလုပ်အကျွေးပြုပါရစေ´
ခြင်္သေ့က သနားတတ်သဖြင့် ကျားထံသို့ ရောက်လာသည်။
`မြေခွေးလေးကို သနားပါတယ်ဗျာ နေပါစေ´
`မြေခွေးဆိုတာ အလွန်ယုတ်မာတယ် ခြင်္သေ့ရဲ့´
`ကျုပ်တို့ရဲ့ စားကြွင်းစားကျန်တွေကို သူကောက်စားတော့ သန့်ရှင်းရေးလုပ်ပြီးသား ဖြစ်သွားတာပေါ့။ ကျုပ် တောင်းပန်ပါတယ် နေပါစေ´
ဤသို့ဖြင့် မြေခွေးသည် ကျားနှင့် ခြင်္သေ့တို့၏ လိုဏ်ဂူတွင် ကပ်ရပ်ပြီး နေထိုင်ခွင့်ရ၏။ သားစားသတ္တ၀ါကြီးနှစ်ကောင်၏ စားကြွင်းစားကျန်များကိုလည်း စားခွင့်ရ၏။ မြေခွေးမှာ အစားမှန်မှန်စားရ၊ ၀လင်အောင်စားရသဖြင့် မကြာမီ ၀ဖြိုးလာလေ၏။ ငါ အခုလို ၀ဖြိုးလာတာဟာ ခြင်္သေ့ရဲ့ ကျေးဇူးပါကလားဟု မြေခွေးသည် ကျေးဇူးမတင်ပါ။
ဒါဟာ ခြင်္သေ့နဲ့ ကျားတို့ရဲ့ စားကြွင်းစားကျန်ကို စားလာတာ သားကောင်တွေလည်း စုံလှပြီ၊ မျောက်သား၊ လင်းပိုင်သားတောင် ပါသေးတယ်။ အဲ တစ်ခုတော့ ရှိရဲ့၊ ငါဟာ ခြင်္သေ့နဲ့ ကျားသားတော့ မစားဖူးသေးဘူး´
ထိုသို့ စဉ်းစားမိသောအခါ မြေခွေးမှာ ခြင်္သေ့သားနှင့် ကျားသားကို အလွန်စားချင်စိတ် ဖြစ်ပေါ်လာ၏။
`ခြင်္သေ့သားဟာ ချိုမယ်၊ ကျားသားကတော့ ချိုပေမယ့် မာမယ်ထင်တယ်´
မြေခွေးသည် ခြင်္သေ့နှင့် ကျားကို မရဲတရဲကြည့်ရင်း သွားရည်ကျလာ၏။
`ခြင်္သေ့သားနဲ့ ကျားသားကို စားရအောင် ဘယ်လိုလုပ်ရပါမလဲ´
မြေခွေးမှာ ခြင်္သေ့ရိပ် ကျားရိပ်ကိုတို့ကို ခိုလှုံရသောကြောင့် ကြောက်စရာရန်သူ မရှိ။ စားရန်အတွက်လည်း မပူပန်ရသောအခါ မကောင်းသော အတွေး ကို သာ မပြတ်တွေးနေမိလေ၏။
ခြင်္သေ့နဲ့ ကျား စိတ်ဝမ်းကွဲပြားအောင်လုပ်ရင် သူတို့အချင်းချင်း ကိုက်မယ်၊ နှစ်ကောင်လုံး သေမယ်။ ဒီအချိန်ကျမှ ခြင်္သေ့သားနဲ့ ကျားသားကို အားရပါးရ စား´
မြေခွေးသည် သူ့အတွေးဖြင့်သူ များစွာ ကျေနပ်သွား၏။ ချက်ချင်းပင် ကျားထံသို့ အမြီးကုတ်လျက်သွား၏။ ကျား၏ရှေ့တွင် ရိုသေစွာဝပ်၏။
`အရှင် စကားတစ်ခွန်း တင်လျှောက်ပါရစေ၊ ကျနော်မျိုးရဲ့အကျိုး မဟုတ်ပါဘူး။ အရှင်ကျားမင်းရဲ့ ကောင်းကျိုးပါ´
ကျားသည် မြေခွေးကို သဘောမကျသဖြင့် စကားမပြောပေ။ သို့သော် မြေခွေးက ဆက်ပြီးပြော၏။
`အရှင့်ကို ခြင်္သေ့ကြီးက ပြောပါတယ်။ အရှင့်ရဲ့ ရုပ်အဆင်းဟာ မပြေပြစ်ဘူး။ ခွန်အားဗလ ဥာဏ်ပညာလည်း မရှိဘူးပြောတာ ကျနော်မခံနိုင်လို့ လာပြောတာပါ´
`ဟဲခွေး ထွက်သွားစမ်း´
ကျားသည် အေးအေးလူလူ အိပ်နေရာက ထရပ်သည်။ မြေခွေးဆက်လက်ပြီးမနေရဲသဖြင့် အပြေးထလာသည်။ ခပ်လှမ်းလှမ်းသို့ အရောက်တွင် ကျားအား လှမ်းကြည့်သည်။ ကျားသည် ခြေပစ်လက်ပ်စ ပြန်အိပ်နေပြီ။
မြေခွေးသည် ခြင်္သေ့ရှေ့တွင် ရိုသေစွာဝပ်နေ၏။
`မြေခွေး နေရထိုင်ရတာ စားရသောက်ရတာ အဆင်ပြေရဲ့ မဟုတ်လား´
`အဆင်တော့ ပြေပါတယ်။ အရှင် ဒါပေမယ့် ကျားက အရှင့်အကြောင်း မကောင်းပြောလာတော့ ကျနော် စိတ်မချမ်းသာဘူး အရှင်´
`ဘယ်လို ပြောလို့တုန်း´
`ကျားကြီးက ပြောပါတယ်။ ခြင်္သေ့ ခြင်္သေ့နဲ့ အလကားပါကွာတဲ့။ အဆင်းသဏ္ဍာန်လည်း မလှ၊ အားခွန်ဗလလည်း မရှိနဲ့တဲ့´
`ဟေ့ မြေခွေး မဟုတ်တာတွေ လာပြောမနေစမ်းနဲ့´
ခြေခွေးကား ယုတ်မာသော်လည်း ပါးနပ်သည်။ ဆက်မပြောတော့ဘဲ ငြိမ်သက်စွာဝပ်နေလေ၏။ သို့ရာတွင် ယုတ်မာသော အကြံကိုကား ဆက်လက်ကြံစည် စိတ်ကူးနေ၏။ နောက် တစ်နေ့တွင် ကျားထံသို့ သွားပြန်သည်။ ယခင်စကားကို ပြောပြန်သည်။ ခြင်္သေ့ထံသို့လည်း အလားတူပင်သွားရောက်ပြောပြန်သည်။ သုံးကြိမ်သုံးခါ ကုန်းတိုက်စကားကို ကြားရသောအခါ ခြင်္သေ့သည် စိတ်လှုပ်ရှားလာပြီး ကျားထံသွားရန် စိတ်ကူး၏။ သို့သော် ထိုအချိန်တွင် ကျားရောက်လာသည်။
`ကျားပါကလား ဘာကိစ္စရှိသတုန်း´
`ခြင်္သေ့ကြီးက အရှင့်မကောင်းကြောင်း ပြောနေပါတယ်လို့ မြေခွေးက လာပြောတာ သုံးခါရှိသွားပြီ ခြင်္သေ့ရ၊ မြေခွေးယုတ်ကို သတိထားပေတော့´
`ကျုပ်ကို လာပြောနေတာလည်း သုံးကြိမ်ရှိပြီဗျ။ ကျားကြီးက အရှင့်မကောင်းကြောင်း ပြောနေပါတယ်တဲ့´
`ခြင်္သေ့ကြီး မပြောဘူးဆိုတာ ကျုပ်ယုံတဲ့အတွက် လက်နဲ့ ပုတ်ပစ်မယ်တောင် စိတ်ကူးမိသဗျ´
`ကျုပ်ကတော့ ဒီလိုမဟုတ်ဘူးဗျ။ ကျားကြီးဟာ တကယ်ပဲ ပြောသလား တွေးမိသေးတယ်။ ကျုပ်ဒီလိုတွေးမိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ´
`မတောင်းပန်ပါနဲ့ ကိစ္စမရှိပါဘူး။ ကျုပ်တို့နှစ်ယောက် သစ္စရှိရှိ ညီညီညွတ်ညွတ်နဲ့ ပွင့်လင်းကြ၊ ရိုးသားကြရင် ဘယ်သူမှ ကြားမ၀င်နိုင်ပါဘူး´
ဤကဲ့သို့ ခြင်္သေ့နှင့် ကျားတို့ ပွင့်လင်းရင်းနှီးစွာ အချီအချစကားပြောနေကြသည်ကို မြေခွေးမြင်ရသောအခါ ဆက်လက်နေထိုင်လျှင် သေဘေးနှင့် နီးသည်ဟု ရိပ်မိသောကြောင့် ဝေးရာအရပ်သို့ ထွက်ပြေးလေ၏။
***မင်္ဂလာ-ဈင်အောင်***
***ကြားစကားကို ပယ်ချခြင်း***

No comments:
Post a Comment