*** သမင်၊ လိပ်၊ ငှက် မိတ်ဆွေ သုံးဦး ***
(၂၀၆၊ ကုရုင်္ဂမိဂဇာတ်) ပစ္စုပ္ပန်ဝတ္ထု
မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေစဉ်- ဒေ၀ဒတ်သည် မြတ်စွာဘုရားကိုသတ်ရန် ကြိုးစား လုံလပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။
အတိတ်ဇာတ်...
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း စိုးစံစဉ်- ဘုရားလောင်းသည် ကုရုင်္ဂသမင်ဖြစ်၏။ ခေါက်ရှာငှက်၊ လိပ်တို့နှင့် မိတ်ဆွေဖြစ်ကြ၏။ တစ်ဦးနှင့် တစ်ဦး ချစ်ခင်ကြ၏။

တစ်နေ့၌ ကုရုင်္ဂသမင်သည် ညဦးတွင် သောက်ရေဆင်းသောက်ရာမှ မုဆိုးတစ်ယောက်ထောင်သော ကျော့ကွင်း၌မိ၏။ ကုရုင်္ဂသည် အသံကို မြည်လေ၏။ ခေါက်ရှာငှက်နှင့် လိပ်တို့သည် ငါတို့မိတ်ဆွေ သမင်၏ အသံတည်းဟု ပြေးလာကြ၏။ မိတ်ဆွေ သမင်၏ ဒုက္ခကို တွေ့ကြလျှင် အသက်ကိုကယ်ရန် တိုင်ပင်ကြ၏။ ခေါက်ရှာငှက်က-
`အဆွေလိပ် သင့်မှာ သွားရှိ၏။ သားရေကျော့ကွင်းကို ကိုက်၍ ဖြတ်ပါ။ ငါက မုဆိုး ရုတ်တရက်မလာနိုင်အောင် လုပ်မည်´ဟု ပြော၏။
လိပ်သည် သားရေကျော့ကွင်းကို သွားတို့ဖြင့် ကိုက်ဖြတ်ပြီး ခေါက်ရှာငှက်သည် မုဆိုးနေရာ ရွာသို့သွားကာ သစ်ပင်တွင် စောင့်နေ၏။
အရုဏ်တက်ချိန်တွင် မုဆိုးသည် လှံကိုကိုင်၍ ထွက်လာ၏။ သစ်ပင်ပေါ်က ခေါက်ရှာငှက်သည် မုဆိုးထွက်လာသည်နှင့် အတောင်နှစ်ဘက်ကိုခါပြီး မျက်နှာကို ဆီး၍ရိုက်၏။
မုဆိုးသည် စောစောစီးစီး နိမိတ်မကောင်းဟု အိမ်ပြန်ပြီး တစ်ရေးအိပ်လိုက်၏။
မိုးလင်းလျှင် နောက်တစ်ဖန် မုဆိုးသည် လှံကိုထမ်း၍ ထွက်လာပြန်၏။ ခေါက်ရှာငှက်သည် မျက်နှာကိုဆီး၍ အဆောင်ဖြင့် ရိုက်ပြန်၏။ မုဆိုးသည် နိမိတ်မကောင်းဟုဆိုကာ ပြန်၍ အိပ်ပြန်၏။
မိုးစင်စင်လင်းလျှင် မုဆိုးသည် လှံကိုကိုင်၍ ထွက်လာပြန်၏။ ခေါက်ရှာငှက်သည် ရှေ့မှ အမြန်ပြေးသွားပြီး မုဆိုးလာပြီဟု ပြော၏။
သမင်လွတ်ပြီး လိပ်အဖမ်းခံရခြင်း...
လိပ်သည် သားရေကျော့ကွင်းကို ကိုက်ဖြတ်ရာ တစ်လွန်းမျှသာ ကျန်တော့၏။ သွားတို့မှာ ကြွေကျမတတ်ဖြစ်၍ ခံတွင်း၌ သွေးအလိမ်းလိမ်း ကပ်လျက်ရှိ၏။
ကုရုင်္ဂသမင်သည် မုဆိုးလာနေသည်ကိုမြင်လျှင် သားရေကျော့ကွင်းကို အတင်းရုန်းဖြတ်၍ တောသို့ ၀င်ပြေးလေ၏။ ခေါက်ရှာငှက်သည် သစ်ပင်ဖျားမှ ကြည့်နေ၏။ လိပ်သည် ပင်ပန်းလွန်းသဖြင့် မပြေးနိုင်ဘဲ ထိုနေရာတွင်ပင် ၀ပ်၍ နေ၏။
မုဆိုးသည် သမင်လွတ်သွားရာ နေရာတွင် လိပ်ကိုမြင်၍ လိပ်ကိုကောက်ယူကာ အိတ်ထဲ၌ ထည့်ပြီး သစ်ငုတ်တစ်ခုမှာ ချိတ်ထား၏။
မိတ်ဆွေသုံးဦးအကြံ...
သမင်သည် မနီးမဝေးမှ ပြန်၍ကြည့်၏။ လိပ်ကိုကောက်ယူထည့်ထားသည်ကိုမြင်၏။ ငါ့ကျေးဇူးရှင်ကို ကယ်ရမည်ဟု မပြေးနိုင်ဟန်နှင့် မုဆိုးကို ကိုယ်ယောင်ပြ၏။
မုဆိုးသည် သမင်ခြေနာနေပြီ မပြေးနိုင်ဟု လှံကိုကိုင်၍ လိုက်၏။ သမင်သည် မုဆိုးကို သွေးဆောင်ခေါ်ကာ ဝေးတော့မှ အမြန် ပြေးပြီး ခြေရာဖျောက်၏။ တစ်ဖန် တစ်ဖက်လမ်းမှ လျင်မြန်စွာပြေး၍ လွယ်အိတ်ကို ချိုဖြင့်ချိတ်ယူကာ မြေသို့ချ၍ လိပ်ကိုလွတ်စေ၏။
သမင်သည် ခေါက်ရှာငှက်နှင့် လိပ်တို့အား... `မိတ်ဆွေကောင်းတို့ သင်တို့ကြောင့် ငါ့မှာ အသက်ရှင်ခွင့်ရပေသည်။ သင်တို့အား ငါ၏ အသက်သခင် ကျေးဇူးရှင်များဖြစ်ကြသည်။ ယခု မုဆိုးလာ၍ ဖမ်းတော့မည်။ အဆွေလိပ်လည်း ရေထဲသို့ဆင်းလော့၊ အဆွေ ခေါက်ရှာငှက်သည်လည်း အခြားသစ်ပင်သို့ ပြေးဝင်၍ နေလော့´ဟု တိုင်ပင်၍ ခြေရာဖျောက်လိုက်ကြ၏။
ဇာတ်ပေါင်းသော်...
မုဆိုးသည်- ဒေ၀ဒတ်
ခေါက်ရှာငှက်သည် - ရှင်သာရိပုတ္တရာ
လိပ်သည် - ရှင်မောဂ္ဂလာန်
ကုရုင်္ဂသမင်သည် - ငါဘုရားဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင်- ဆန်းညွန့်ဦး ***

No comments:
Post a Comment