**(၁၂၁၊ ကုသနာဠိ [ကျူရုံစောင့်နတ်]ဇာတ်) ပစ္စပ္ပုန်ဝတ္ထု**
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်- အနာထပိဏ်သူဌေး၏ မိတ်ဆွေ(ကာဠကဏ္ဍီ)ကို အကြောင်းပြု၍ ဟောတော်မူ၏။ အနာထပိဏ်သူဌေးသည် ငယ်သူငယ်ချင်းဆင်းရဲနေသည်ကို ခေါ်ယူ၍ ချီးမြှောက်၏။ တရင်းတနှီး နေ၏။ ထိုသည်ကို ဆွေမျိုးများ မိတ်ဆွေများက တားမြစ်ကြ၏။ ခရီးထွက်သွားရာ၊ ထိုမျက်နှာမရှိသူကြောင့် ပစ္စည်းများ ခိုးသားတို့လက်ပါမသွား….။
ထိုအကြောင်းကို အနာထပိဏ်သူဌေးက မြတ်စွာဘုရားအား လျှောက်ကြားလျှင် မြတ်စွာဘုရားက အနာထပိဏ် သူဌေးအား- အဆွေခင်ပွန်းဖွဲ့ရာ၌ ငယ်သည် ကြီးသည်မဟူ အဆွေခင်ပွန်း ပီသခြင်းသာ ပဓာနဖြစ်၏။
တန်းတူသည်ဖြစ်စေ၊ နိမ့်ကျသူ၊ ယုတ်နိမ့်သူဖြစ်စေ၊ မြတ်သူဖြစ်စေ မိတ်ဆွေခင်ပွန်း ဖွဲ့အပ်၏။
အယုတ်၊ အလတ်၊ အမြတ်ဟူသော အဆွေခင်ပွန်းတို့သည် မိမိတို့ တန်ရာတန်ရာကို ဆောင်ရွက်ပေးနိုင်ကြသည်ချည့်တည်း။
ယခုသင်သည် ကိုယ့်ထက်နိမ့်သူ အဆွေခင်ပွန်းကြောင့် ဥစ္စာရှင်ဖြစ်၏။ ရှေးကလည်း ကိုယ့်ထက်နိမ့်သော အဆွေခင်ပွန်းကို အမှီပြု၍ ဗိမာန်ရှင် ဖြစ်ခဲ့ဖူးကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ဇာတ်ကို ဟောတော်မူ၏။
**အတိတ်ဇာတ်***
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ် ဘုရားလောင်းသည် မင်းဥယျာဉ်၌ သမန်းမြက်ဖုတ် ကျူရုံစောင့်နတ် ဖြစ်၏။ ထိုဥယျာဉ်၌ပင် မင်္ဂလာကျောက်ဖျာကို အမှီပြု၍ ပင်စည်ဖြောင့်တန်းစွာ ၀န်းဝန်းဝိုင်းဝိုင်း အကိုင်းအခွတို့ဖြင့် လှပသော မင်္ဂလာသစ်ပင်ကြီးတစ်ပင် ရှိ၏။
ထိုမင်္ဂလာသစ်ပင်ကြီးတွင် တန်ခိုးကြီးသော ရုက္ခစိုးနတ်မင်းတစ်ပါးနေ၏။ မင်း၏ အပူဇော်ကိုခံရ၏ ထိုရုက္ခစိုးနတ်မင်းသည် ဘုရားလောင်းသမန်းမြက်ဖုတ်ကို စောင့်သောနတ်နှင့် မိတ်ဆွေဖြစ်နေကြ၏။
တစ်နေ့တွင် မင်း၏ တစ်ပင်တိုင် ပြာသာဒ်နန်း နဲ့သဖြင့် အနှစ်ရှိသော တိုင်နှင့်လဲရန် ညွှန်၏။ လက်သမားတို့သည် နန်းတိုင်အဖြစ် သင့်လျော်သော သစ်ပင်ကိုရှာကြ၏။ မင်း၏ ဥယျာဉ်မှ မင်္ဂလာသစ်ပင်ထက်ကောင်းသော သစ်ပင်တို့ မတွေ့၊ မင်းက `နန်းတိုင်ခိုင်ဖို့သာပဓာန၊ မင်္ဂလာသစ်ပင်ကိုသာခုတ်၊ အခြားသစ်ပင်တစ်ပင်ကို မင်္ဂလာသစ်ပင်လုပ်မည်´ဟု အမိန့်ပေး၏။
လက်သမားတို့သည် သစ်ပင်ထံသွား၍ နက်ဖြန်နံနက် ခုတ်ပါမည်ဟု သစ်ပင်ကို ပူဇော်ပသခဲ့ကြ၏။
ရုက္ခစိုးနတ်သည် ထိတ်လန့်သွား၏။
`နက်ဖြန် ငါ့ဗိမာန်ကို ဖျက်ဆီးကြတော့မည်။ သွားစရာလည်း မရှိ။ နေစရာလည်း မရှိတော့´ဟု သားငယ်တို့ကို လည်ပင်းဖက်၍ငို၏။
ရုက္ခစိုးနတ်၏ မိတ်ဆွေများဖြစ်ကြသော ရုက္ခစိုးနတ်တို့သည်လည်း မိမိတို့ မတတ်နိုင်ဟု စိတ်မကောင်းဖြစ်ရုံမှ တစ်ပါး ဘာမျှ မတတ်နိုင်ကြ။
ထိုအခါ သမန်းမြက်ဖုတ်စောင့်နတ်သည်လာ၏။ အကျိုးအကြောင်းသိလျှင်- `နတ်မင်းတို့ မစိုးရိမ်နှင့်၊ ကျွန်ုပ်သည် ဤသစ်ပင်ကို ခုတ်ခွင့်မပေးပါ၊ မခုတ်နိုင်အောင် လုပ်မည်၊ စောင့်ကြည့်ကြပါ`ဟု နှစ်သိမ့်စေ၏။
**ဥာဏ်ကောင်းသောနတ်**
လက်သမားတို့ သစ်ခုတ်ရန် လာကြ၏။ သမန်းမြက်နတ်သည် ပုတ်သင်ညိုအသွင် ဖန်ဆင်း၏။ လက်သမားတို့ သတိထားမိအောင် ခြေကြားမှ ဖြတ်သွား၍ လက်သမားတို့ ကြည့်စဉ် မင်္ဂလာသစ်ပင် အမြစ်ကြားသို့ ၀င်သွား၏။
သစ်ပင်အလယ်မှာ အခေါင်းရှိဟန်ဖြင့် သစ်ပင်အလယ်မှ တက်ပြီး ပင်စည်၏ ထိပ်မှ ပုတ်သင်ညိုက ခေါင်းညိတ်၍ ညိတ်၍ ပြ၏။
လက်သမားအကြီးအကဲသည် သစ်ပင်မြစ်ကြားက ပုတ်သင်သစ်ပင်ဖျားတွင် မြင်လျှင်၊ သစ်ပင်ကို လက်ဖြင့် တီးကြည့်ပြီး `သစ်ပင်မှာ အခေါင်းရှိနေသည်။ အနှစ်မရှိ၊ မနေ့က သေသေချာချာ မကြည့်မိ´ဟု ဆိုကာ ဤမင်္ဂလာ သစ်ပင်ကြီးကို စွန့်လွှတ်၍ အခြားသစ်ပင်တစ်ပင်ရှာရန် ထွက်ခွာသွားကြလေ၏။
ရုက္ခစိုးနတ်မင်းသည် ဘုရားလောင်း သမန်းမြက်နတ်ကို အမှီပြု၍ ဗိမာန်ရှင်ဖြစ်နေ၏။ ရုက္ခစိုးနတ်မင်းသည် အခြားသော နတ်တို့စည်းဝေးရောက်လာကြစဉ် သမန်းမြက်နတ်အား ဂုဏ်ပြုလို၍ …..
`အရှင်နတ်တို့။ ။ ကိုယ်နှင့် တန်းတူကိုလည်း မိတ်ဆွေဖွဲ့ရာ၏။ ကိုယ်ထက်မြတ်သူကိုလည်း မိတ်ဆွေဖွဲ့ရာ၏။ ကိုယ့်ထက်နိမ့်သူကိုလည်း မိတ်ဆွေဖွဲ့ရာ၏။ ထိုအယုတ်၊ အလတ်၊ အမြတ်တည်းဟူသော မိတ်ဆွေတို့သည် အဆွေခင်ပွန်း ဒုက္ခရောက်သော် မြတ်သောအကျိုးကို ပြုကြပေလိမ့်မည်။ ထို့ကြောင့် ရုကမည်သော မင်္ဂလာသစ်ပင်၌ နေသော ငါနှင့် ဘုန်းတန်ခိုးနည်းသော သမန်းမြက်ဖုတ်ကျူရုံ၌ဖြစ်သော နတ်ကို မိတ်ဆွေဖွဲ့ကြသကဲ့သို့ ဆင်းရဲခြင်းမှလွတ်လိုကြသော သူတို့သည် ကိုယ်နှင့် တန်းတူ၊ ကိုယ့်အောက်ယုတ်သူ၊ ကိုယ့်ထက် မြတ်သူတို့အား မိတ်ဖွဲ့ခြင်းကို ပြုသင့်၏´ဟု ပြောဟော၏။
**ဇာတ်ပေါင်းသော်***
မင်္ဂလာသစ်ပင်စောင်နတ်သည် - အာနန္ဒာ
သမန်းမြက်ဖုတ်စောင့်နတ်သည် - ငါဘုရားဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင်- ဆန်းညွန့်ဦး ***
*** မိတ်ဆွေဖွဲ့ရာ ယုတ်၊ လတ်၊ မြတ်မရွေးရာဝတ္ထု ***

No comments:
Post a Comment