(၂၉၁၊ သုရာဃဋဇာတ်) ပစ္စုပ္ပန်ဝတ္ထု
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်- အနာထပိဏ်သူဌေးကြီး၏ တူတော်တစ်ယောက်သည် မိဘအမွေကို သုံးဖြုန်း၍ အသောက်အစား အားကြီးကာ ဆင်းရဲသွား၏။ သူဌေးကြီးထံလာ၍ လက်ဖြန့်၏။ အရင်းအနှီးလုပ်ရန် ငွေအသပြာ တစ်ထောင်ပေးလိုက်၏။ အရက်ဖိုးဖြင့် ကုန်ပြန်၏။ နောက်တဖန် အသပြာငါးရာ ပေးလိုက်ပြန်၏။ အရက်သောက်၍ ကုန်ပြန်၏။ နောက်ထပ်တစ်ဖန် ပုဆိုးနှစ်ထည်ပေးလိုက်ပြန်၏။ ရောင်းစား၍ အရက်သောက်ပြန်၏။ နောက်တစ်ကြိမ်လာသောအခါ သူဌေးကြီးသည် ဘာမျှမပေးဘဲ အိမ်မှနှင်ထုတ်လိုက်၏။
သူဌေးတူလည်း ကြည့်မည်သူမရှိ၍ သူတစ်ပါးတိုက်နံရံကို မှီ၍ သေရ၏။ အရပ်က အလောင်းကို မြို့ပြင်၌ စွန့်ပစ်ကြ၏။ သူဌေးကြီးသည် မြတ်စွာဘုရားထံ ရောက်လျှင် တူတော်မောင်၏ အကြောင်းကို လျှောက်ထားရာ မြတ်စွာဘုရားက အတိတ်ဇာတ်ကို ဟောတော်မူသည်။
***အတိတ်ဇာတ်***
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်- ဘုရားလောင်းသည် ဗာရာဏသီသူဌေးကြီးဖြစ်၏။ သားတစ်ယောက်တည်းသာ ရှိ၏။ သူဌေးကြီးသည် ကောင်းမှုကုသိုလ်ပြု၍ သေလွန်သောအခါ သိကြားမင်းဖြစ်၏။
သူဌေးသားသည် အပေါင်းအသင်းများနှင့် အရက်ကို နေ့ရောညပါ ၀ိုင်းဖွဲ့၍သောက်၏။ သူနှင့်အပေါင်းအသင်းများအား ဆုပေးခြင်း၊ မိန်းမကြူးခြင်း စသည်ဖြင့် ပျော်ပါးသုံးဖြုန်းကာ နေ၏။ မကြာမီပင် ပစ္စည်းများ ကုန်ခန်း၍ ဆင်းရဲနွမ်းပါးသွား၏။ သူ ဆင်းရဲသောအခါ အပေါင်းအသင်းများ မရှိတော့ပေ။ ဒုက္ခရောက်နေ၏။
***သိကြားမင်းမနေသာ၍***
သိကြားမင်းသည် သားအဖြစ်ကို သိမြင်သဖြင့် လူ့ပြည်ဆင်းကာ ဣစ္ဆာသယ လိုတိုင်းရသည့် အိုးတစ်လုံးကိုပေး၏။ `ဤအိုး မကွဲအောင်စောင့်ရှောက်ပါ။ ဤအိုးရှိနေသမျှ အလိုဆန္ဒရှိသမျှရလိမ့်မည်။ သတိထား၍ အိုးကိုသုံးပါ´ဟု အကြိမ်ကြိမ်မှာကြားပြီး နတ်ပြည်သို့ ပြန်သွား၏။
သူဌေးသည်သည် လိုတိုင်းရ အိုးကိုရသဖြင့် အလွန်ပျော်၏။ ပျော်သလောက် အရက်သောက်၏။ အရက်သောက်လွန်းသဖြင့် အမူးလွန်ကာ ဣစ္ဆာသယ လိုတိုင်းရ အိုးကို ကောင်းကင်သို့မြှောက်ပြီး အောက်က လက်နှင့်ခံ၏။ မူးနေ၍ ဖမ်းမမိဘဲ မြေသို့ကျ၍ကွဲလေ၏။ အိုးကွဲသောအချိန်မှစ၍ ပြန်၍ဆင်းရဲပြီး သူတစ်ပါးတိုက်နံရံ၌ မှီလျက်သေရ၏။
မြတ်စွာဘုရားသည် အတိတ်ဇာတ်ကို ဟော်တော်မူပြီးနောက် `အရက်သမားသည် အိုးကိုရသော်လည်း အသုံးမတတ်၍ ပူပန်ဆင်းရဲရသကဲ့သို့ လူမိုက်သည် ငွေကြေးများစွာ ရသော်လည်း အရက်သေစာကို သောက်စားပျော်မြူးကာ မေ့မေ့လျော့လျော့ သုံးစွဲ၍ ကုန်ခန်းပြီးနောက်၌ ပူပန်ဆင်းရဲရ၏´ဟု ဟောကြားဆုံးမတော်မူ၏။
***ဇာတ်ပေါင်းသော်***
အိုးခွဲသောလူမိုက်သည် - ယခု သူဌေးကြီး၏တူ
သိကြားမင်:်သည် - ငါဘုရားဖြစ်လာ၏ဟု ဇာတ်တော်ကိုပေါင်း၏။
*** ဦးလှခင် - ဆန်းညွန့်ဦး ***
*** အရက်သမားနှင့် လိုတိုင်းရအိုး ***

No comments:
Post a Comment