(၂၁၅၊ ကစ္ဆပဇာတ်) ပစ္စုပ္ပန်ဝတ္ထု
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်- ကောကာလိကရဟန်းသည် မိမိစကားဖြင့် မိမိအ သတ်ခံရသည်ကို အကြောင်းပြု၍ ဟောကြားတော်မူသည်။
***အတိတ်ဇာတ်***
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်- ဘုရားလောင်းသည် ဗာရာဏသီမင်း၏ ပညာရှိအမတ်ကြီးဖြစ်၏။ ဗြဟ္မဒတ်မင်းကြီးသည် အလွန်စကားများ၏။ စကားပြောမိလျှင် မရပ်မနားပြော၏။ အခြားသူပြောခွင့်မရှိ။ ထို့ကြောင့် လူအပေါင်းတို့က နားကြားပြင်းကပ်သည်ဟု တီးတိုးပြောကြ၏။

ပညာရှိအမတ်သည် မင်းကြီးအား ဥပမာဖြင့် သင်ခန်းစာပေးနိုင်ရန် အကွက်ကောင်းကို ရှာနေ၏။
ထိုအခါ ဟိမ၀န္တာဝယ် အိုင်တစ်အိုင်၌ လိပ်တစ်ကောင်သည်နေ၏။ ဟင်္သာငယ်နှစ်ကောင်သည် ထိုလိပ်နှင့် မကြာခဏ တွေ့ကြ၍ အလွန်ပင် အကျွမ်းတ၀င်ဖြစ်ကြ၏။
တစ်နေ့တွင် ဟင်္သာငယ် နှစ်ကောင်က သူတို့၏ နေရာ စိတ္တရာဋ်တောင်ပေါ် ရွှေဂူမှာ အလွန်ပျော်စရာကောင်းသည် လိုက်ခဲ့ပါဟု ခေါ်၏။
ထိုအခါ လိပ်က `ငါဘယ်လိုသွားနိုင်မည်နည်း´ဟုဆို၏။
ထိုအခါ ဟင်္သာနှစ်ကောင်က `သင်သည် နှုတ်ကိုစောင့်စည်းနိုင်လျှင် ဘယ်သူနဲ့မှ စကားမပြောဘဲ နေနိုင်လျှင် ငါတို့ ဆောင်ယူသွားပါမည်´ဟု ပြော၏။
ထိုအခါ လိပ်က နှုတ်စောင့်စည်းပါမည်ဟု ၀န်ခံ၍ ဟင်္သာငယ်တို့သည် တုတ်တံတစ်ချောင်း၏ အလယ်တွင် လိပ်အား ပါးစပ်ဖြင့် မြဲမြဲကိုက်စေပြီး ဟင်္သာနှစ်ကောင်က ထုတ်အစွန်းနှစ်ဖက်တွင် တစ်ဖက်တစ်ကောင်စီ ချီ၍ ကောင်းကင်မှ ပျံကြလေ၏။
ထိုအခါ ရွာသားသူငယ်တို့သည် ဟင်္သာနှစ်ကောင်က လိပ်ကို တုတ်တံဖြင့် ကိုက်ချီသွားကြောင်း၊ ဟစ်အော် ပြောဆိုနေသံကိုကြား၏။ လိပ်သည် သူငယ်တို့ ပြောဆိုသံကိုကြားလျှင် နှုတ်ကို မစောင့်နိုင်တော့ဘဲ `ငါ့ဟာငါသွား ဘာဖြစ်လဲ´ဟု ပြန်ပြောလိုက်ရာ ကိုက်ထားသောတုတ် လွတ်၍ မင်းကြီး၏ နန်းတော်ထက်ကျပြီး ကိုယ်နှစ်ခြမ်းကွဲ၍ သေလေ၏။
ထိုအခါ အနီးရှိလူတို့သည် အုတ်အုတ်ကျက်ကျက် ဖြစ်ကြ၏။ မင်းကြီးသည် ပညာရှိအမတ်နှင့်တကွ ထိုအရပ်ကို သွားရောက်ကြည့်ရှုရာ လိပ်ကိုမြင်လျှင် ပညာရှိအမတ်အား `ဘယ်လိုဖြစ်လို့ ကျလာသနည်း´ဟု မေးတော်မူ၏။
ပညာရှိအမတ်လည်း စကားများသည့်မင်းကို ဆုံးမရန် အကွက်ကောင်း ပေါ်ပြီဟု နှလုံးသွင်းကာ `ဤ လိပ်သည် အောက်မှ သူငယ်တို့ပြောသံကြား၍ နှုတ်မစောင့်ဘဲ သူငယ်တို့အား ပြန်ပြောသဖြင့် တုတ်မှလွတ်သွားပြီး ကောင်းကင်မှ အောက်သို့ လွတ်ကျခြင်း ဖြစ်ပါလိမ့်မည်။ နှုတ်မစောင့်ဘဲ စကားပြောမိ၍ တုတ်တံမှလွတ်ခါ သေဆုံးရခြင်းဖြစ်ပါလိမ့်မည်´ဟု လျှောက်ကြား၏။
ပညာရှိအမတ်သည် မင်းကြီးအား `ဤလိပ်သည် မိမိစကားဖြင့်ပင် မိမိကိုယ်ကို သတ်ပေ၏။´ဟု ပြောဆိုကာ ဆက်လက်၍
`မင်းကြီး ပညာရှိတို့သည် ထိုအကြောင်းကိုမြင်၍ အပြစ်မရှိသော စကားကိုသာ ပြောဆိုကြ၏။ အပြစ်မရှိသော စကားပင် ဖြစ်သော်လည်း ကြာရှည်လေးမြင့် မပြောဆိုရာ၊ စကားများစွာ ပြောလွန်းခြင်းကြောင့် ပျက်စီခြင်းသို့ ရောက်သောလိပ်ကို ရှုတော်မူပါ´ဟု လျှောက်၏။.
ဇာတ်ပေါင်းသော်…
လိပ်သည် - ကောကာလိက
ဟင်္သာနှစ်ကောင်သည် - အဂ္ဂသာဝကနှစ်ပါး
မင်းသည် - အာနန္ဒာ
ပညာရှိအမတ်သည် - ငါဘုရားဟု ဇာတ်တော်ကိုပေါင်း၏။
*** ဦးလှခင် - ဆန်းညွန့်ဦး ***
*** နှုတ်ကြောင့်သေ ***

No comments:
Post a Comment