တစ်ခါတုန်းက ကျွန်းတစ်ကျွန်းတွင် မြွေသားအမိတို့ နေထိုင်ကြလေ၏။ မြွေမကြီး၏ အမည်မှာ ဒေါ်ကျားဖြစ်၍ သားကလေး၏ အမည်မှာ မောင်ပြောက်ဖြစ်ပေသည်။ မောင်ပြောက်သည် အလွန်ဆော့၏။ သစ်ပင်ပေါ်သို့ တက်ပြီး ဝေါခနဲလျှောချ၏။
`ရိုးတွေ အဆစ်တွေနာကုန်ရင် ဘယ့်နှယ်လုပ်မတုန်း၊ မြွေဆိုတာ ကိုယ်ကိုအားကိုးပြီး အစာရှာရတာ၊ ကိုယ်ကို အသုံးပြုပြီး ဘေးရန်ကို ကာကွယ်ရတာ´
`ရပါတယ် အမေရာ´

မောင်ပြောက်သည် မိခင်၏ စကားကို အလေးအနက်မထားပေ။ ဆော့ချင်သမျှ ဆော့၏။ မြူးချင်းသမျှ မြူး၏။ သို့ကြောင့် တစ်ခါသော် ၀ါးရုံတောတစ်ခုအတွင်းရှိ ၀ါးပင်နှစ်ပင်ကြားတွင် ညပ်နေလေ၏။
`အမေရေ လာပါဦးဗျ၊ အမရေ ကယ်ပါဦးဗျာ´
မောင်ပြောက် ညပ်နေသော ၀ါးရုံတောမှာ မောင်ပြောက်တို့၏ အသိုက်နှင့် ကွာလှမ်းသဖြင့် ဒေါ်ကျား မကြားမိပေ။ သို့သော် ဒေါ်ကျားမှာ သားပျောက်သောကြောင့် ကျွန်းလုံးအနှံ့ လိုက်လံရှာဖွေရာ ညနေစောင်းမှ ၀ါးရုံတောသို့ ရောက်လာသည်။
`အမေံမှာ ရှာလိုက်ရတာ သားရယ်၊ မြွေဟောက်ကို မေးတော့ စောစောတုန်းက မြင်လိုက်တယ်တဲ့၊ မြွေပွေးကတော့ ဘာမျှ မေးလို့မရဘူး။ တော်သေးတာပေါ့ သားရယ်။ ၀ါးတောထဲဝင်သွားတာ မြင်လိုက်တယ်လို့ လင်းမြွေက ပြောပေလို့´
`အဲဒါတွေ အသာထားပြီး သားကို ဘယ်လိုကယ်မလဲ စဉ်းစားပါ အမေ´
မြွေမကြီးသည် ၀ါးတောကို အကဲခတ်သည်။ မောင်ပြောက်ညပ်နေသော ၀ါးပင်နှစ်ပင်ကို လေ့လာသည်။ လေ့လာခိုက် ၀ါးပင်နှစ်ပင် ကွာသွားစဉ် မောင်ပြောက်သည် ၀ါးပင်နှစ်ပင်ကြားသို့ ရောက်သွားခဲ့သည်။ ရုတ်တရက် လေငြိမ်သွားသည်။ ၀ါးနှစ်ပင်ကြားမှ မထွက်သေးသော မောင်ပြောက် ညပ်နေတော့သည်။
အဲဒါကြောင့် ကြည့်ပြီးစား၊ ကြည့်ပြီးသွား လို့ အမေဆုံးမတာပေါ့။ အခု အမေ့စကားကို နားမထောင်လို့ အခုလိုဖြစ်ရတာ´
`ဟုတ်ပါပြီ အမေရာ၊ နောက်ကို အမေဆုံးမတဲ့အတိုင်း လိုက်နာပါ့တယ်´
ထို့နောက် မြွေမကြီးဒေါ်ကျားသည် သား၏ ကိုယ်အောက်မှ ကန့်လန့်ဖြတ်ဝင်ကာ အားယူနေသည်။ တရှဲရှဲဖြင့် လေတိုက်သံ ပေါ်လာလျှင် ကုန်းထရင်း အော်၏။
`ရုန်းလိုက်၊ ရုန်းလိုက်´
လေလာသောကြောင့် ၀ါးပင်နှစ်ပင်အကွာ ဒေါ်ကျားကလည်း အပေါ်ကိုတွန်း၊ မောင်ပြောက်ကလည်း တအားရုန်းသဖြင့် ၀ါးပင်ကြားမှ မောင်ပြောက်လွတ်လာ၏။
`အမေ့စကားကို မှတ်ထားပါသားရယ်၊ အစာတစ်ခုကို မစားခင် ကြည့်ရှုစစ်ဆေးပါ၊ ခရီးတစ်ခုကို မသွားခင်မှာ ဘေးရှိ မရှိကို ကြည့်ရှုစစ်ဆေးပါ အတိုချုပ်ကတော့ ကြည့်ပြီးမှ သွား၊ ကြည့်ပြီးမှ စား´
`ဟုတ်ကဲ့ အမေ ဟုတ်ကဲ့ သားနားထောင်ပါတော့မယ်´
မောင်ပြောက်သည် ကတိပေးသော်လည်း အလေးအနက် မရှိ။ ပေါ့ပေါ့နေပြီး ပေါ့ပေါ့ စားမြဲသာလျှင် ရှိသည်။
တစ်နေ့သောအခါတွင် ဒေါ်ကျားက သားမောင်ပြောက်ကို မှာကြား၏။
`ငန်းတော်ကြီးဆီကို ကိစ္စတစ်ခုနဲ့ အမေသွားရလိမ့်မယ်။ အမေ ခရီးသွားနေခိုက်မှာ လိမ်လိမ်မာမာနေကွယ် အထူးသဖြင့် ဒီကျွန်းရဲ့အရှေ့ဖျားကို မသွားနဲ့၊ အရာရာမှာ ကြည့်ပြီးသွား ကြည့်ပြီးစားကွယ့်´
`စိတ်ချပါ အမေ´
မောင်ပြောက်သည် စိတ်ချပါဟု ပါးစပ်က ပြောပြီး ကိုယ်က မလိုက်နာပေ။ အမေ သေသေချာချာ မှာခဲ့သော ကျွန်းအရှေ့ဖျားသို့ သွားဖြစ်အောင် သွားသည်။ အမေမှာ ကြားခဲ့ခြင်းမှာလည်း ထိုနေရာတွင် အလမ္ပာယ်တွေ ရောက်နေသည်ဟု ကြားသောကြောင့် ဖြစ်သည်။
အလမ္ပယ်ဆိုသည်မှာ မြွေအမျိုးမျိုးကို လိုက်လံဖမ်းယူပြီး အကအခုန်သင်ကြားပေးကာ မြွေကပွဲ ကျင်းပသူများဖြစ်၏။ အမေ့စကားကို နားမထောင်သော မောင်ပြောက်လည်း မြွေဖမ်းသမား အလမ္ပာယ်ဖမ်းဆီးခြင်း ခံရသည်။ သူ့အစွယ်ဖြင့် မပေါက်မီ သူ့အမြီးဖြင့် မရိုက်မီ အလမ္ပာယ်က ကုပ်ကို ကိုင်ပြီး ပခြုပ်ထဲသို့ ပစ်ထည့်လိုက်ရာ မောင်ပြောက် ဘာမျှ မတတ်နိုင်။
`အမေရေ ကယ်ပါဦးဗျ´
အမေ မကြားပါ။ ကြားသည်ထားဦး ကြိမ်ဖြင့် ယက်လုပ်ထားသော ဤပခြုပ်ကို အမေကိုက်ဖောက်ဖျက်ဆီး မပစ်နိုင်ပါ။
မောင်ပြောက်သည် အော်ရလွန်းသဖြင့် မောပန်းလာသည်။ မောမောနှင့် ခွေမှိန်းနေစဉ် ပခြုပ်အဖုံးပွင့်လာ၏။ ချက်ချင်းပင် ပခြုပ်အဖုံး ပြန်ပိတ်သွားသော်လည်း မောင်ပြောက်မှာ အားတွေမာန်တွေ တက်လာသည်။ မြွေတို့၏ အစာ ကြွက်မ- ကြွက်နံ့ ရသောကြောင့် ဖြစ်သည်။
အမှန်မှာ မောင်ပြောက်စားရန်အတွက် ကြွက်အရှင်တစ်ကောင်ကို ထည့်ပေးခြင်းဖြစ်သည်။ အဆိပ်စွယ်ဖြင့် ထိုးဆွကိုက်ခဲရန် ရူးခနဲ မောင်ပြောက်ခေါင်းထောင်လိုက်သည်။ သို့စဉ်တွင် အမေ့အသံကို ကြားယောင်၏။
`ကြည့်ပြီးသွား ကြည့်ပြီးစားပါ သားရယ်´ မောင်ပြောက်၏ ခေါင်း ခွေကျသွား။
`ကြည့်ပြီးမှ သွားပါဆိုတဲ့ အမေ့စကားကို နားမထောင်လို့ ရန်သူရဲ့ အဖမ်းခံရပြီးပြီ၊ အခု ငါ သိပ်ဆာလောင်နေတယ်။ ဆာနေတုန်းမှာ ငါအလွန်ကြိုက်တဲ့ ကြွက် ရောက်လာတယ်။ ဒါပေမယ့် ကြည့်ပြီးစားပါဆိုတဲ့ အမေ့စကားရှိတယ်။ ဒါကြောင့် ချက်ချင်း မစားဘဲနေပြီး ဘာဖြစ်လာမလဲ ကြည့်ဦးမယ်´
အမေ၏ စကားကို မနာယူမိသောကြောင့် အလမ္ပာယ်အဖမ်းခံရသော မြွေကလေးသည် ကြွက်ကို မစားဘဲနေလိုက်သည်။ ကြွက်ကလေးသည် ကြောက်ရွံ့လွန်းသောကြောင့် မြွေအခွေဘေးတွင် တဆတ်ဆတ်တုန်နေ၏။ သူ့တစ်သက်တွင် ရန်သူမြွေနှင့် ပူးကပ်ပြီး တစ်ကြိမ်မျှ မနေဖူးသောကြောင့် နေစရာမရှိ။ သို့သော် မြွေက မလှုပ်သောအခါ ကြွက်ကလေး အကြောက်ပြေလာ၏။ အကြောက်ပြေသည်နှင့် တစ်ပြိုင်နက်တည်း ကြွက်၏ ရှေးဦးအလုပ်မှာ အတားအဆီးကို ကိုက်ဖဲ့ခြင်းဖြစ်၏။ အကြောက်ပြေလာသော ကြွက်ကလေးသည် ကြိမ်ဖြင့်ရက်လုပ်ထားသော မြွေပခြုပ်ကို တဂျစ်ဂျစ်ကိုက်ဖဲ့လေ၏။
တဂျစ်ဂျစ်အသံကြားမှပင် မြွေကလေး အိပ်ပျော်သွားသည်။ သူ ဖျက်ခနဲ အိပ်ရာမှ လန့်နိုးချိန်ဝယ် တဂျစ်ဂျစ်အသံ မကြားရတော့။ အသားချင်းထိနေသော ယားကျိကျိအတွေ့လည်း မရှိတော့ပါ။
`ဒီကောင် ဘယ်ရောက်သွားပါလိမ့်´
မြွေကလေး ခေါင်းထောင်ကြည့်၏။ ကြွက်ကို မတွေ့ သို့သော် ခိုင်ခံ့သော ကြိမ်ပခြုနံရံ၌ အပေါက်ကလေးတစ်ပေါက် ဖြစ်နေသည်။
`သြော် ဒီအပေါက်က ထွက်သွားတာပါကလား´ ဟူ၍ပင် မြွေကလေး စဉ်းစားမနေတော့ပါ။ ကြွက်ဖောက်ထားသော အပေါက်မှ ၀မ်းသာအားရ လျှောခနဲ ပြေးထွက်လာရာ တောထဲသို့ ရောက်မှသာ အမောပြေနိုင် ရေရွတ်နိုင်သည်။
`ကြည့်ပြီးမှ စားဆိုတဲ့ အမေ့စကားကို နားထောင်မိတဲ့အတွက် အခုလို လွတ်လာတာပါလား´ဟု တွေးမိလေသည်။
*** မင်္ဂလာ- ဈင်အောင် ***
***မေမေ့ စကား***

No comments:
Post a Comment