**(၁၄၆၊ ကာကဇာတ်)**
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးတော်မူစဉ်- ဇေတ၀န်ပရိဝုဏ်အစွန်၌ သစ်ရွက်မိုးကျောင်း ဆောက်လုပ်၍ နေကြသော အသက်ကြီးရဟန်းတို့ရှိကြ၏။ ထိုရဟန်းတို့မှာ လူ့ဘ၀က ချမ်းသာသော သူကြွယ်များဖြစ်၍ ချစ်ကြသော မိတ်ဆွေများလည်း ဖြစ်ကြ၏။ တရားတော်ကို နာကြားရ၍ ရဟန်းပြုကြ၏။ တရားကို အားမထုတ်ကြ၊ အသက်ကြီး၍ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာတို့ကို မသင်ကြားနိုင်ကြ၊ ဆွမ်းခံသွားရာတွင်လည်း မိမိတို့သားမယားများအိမ်၌သာ ဆွမ်းစားကြ၏။ ရဟန်းအိုတစ်ပါး၏ မယားသည် အလွန်တာဝန်ကျေ၏။ အခြားရဟန်းအိုတို့သည် ထိုအိမ်သို့ ကြွလာ၍ စုပေါင်းပြီး ဆွမ်းစားကြ၏။ ထိုဒါယိကာမကြီး၏ ဆွမ်းသည် ကောင်း၏။ အမြဲချက်၏။
တစ်နေ့တွင် ဒါယိကာမကြီးသည် ရုတ်တရက် ကွယ်လွန်သွား၏။
ရဟန်းအိုတို့သည် ဟင်းချက်ကောင်းသော ဒါယိကာမကြီး သေခဲ့ပြီဟု အချင်းချင်းလည်ပင်းဖက်ကာ ငိုကြွေးကြ၏။
ထိုအကြောင်းကို တရားသဘင်ဝယ် ပြောကြားကြရာ မြတ်စွာဘုရားက `ရှေးကလည်း ထိုရဟန်းအိုတို့ ကျီးဖြစ်သော ဘ၀တွင် ကျီးမတစ်ကောင် သမုဒ္ဒရာတွင် ကျ၍ သေသဖြင့် သမုဒ္ဒရာရေကို အခြားသို့ ရွှေ့ပြောင်းပြီး ကျီးမကိုယူမည်ဟု လုံ့လပြုသည့် အတိတ်ဇာတ်ကို ဟောကြားတော်မူသည်။
***အတိတ်ဇာတ်***
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်- ဘုရားလောင်းသည် သမုဒ္ဒရာစောင့်နတ်ဖြစ်၏။ ထိုအခါ ကျီးဖို ကျီးမတို့သည် အစာရှာသွားရင်း သမုဒ္ဒရာနားတွင် လူတို့က နဂါးမင်းအား ပူဇော်ထားသော အမဲသား ငါးနှင့် အရက်များကို တွေ့ကြ၏။ ကျီးဖို ကျီးမတို့သည် အမဲသား ငါး အ၀စား၍ အရက်တို့ကို များစွာ သောက်ကြ၏။ ကျီးမသည် အရက်မူးပြီး သမုဒ္ဒရာတွင်းသို့ ကျရောက်သွား၏။
`ငါ့မယား သေပြီ၊ ငါ့မယား သေပြီ´ဟု အော်ဟစ်ငိုကြွေး၏။
ထိုအသံကို ကြား၍ ကျီးတို့သည် ၀ိုင်းလာကြ၏။ သတင်းမေးကြ၏။ ၀ိုင်းငိုကြ၏။ ကျီးမကို ပြန်ရအောင် ယူမည်။ သမုဒ္ဒရာရေကို တစ်နေရာရွှေ့ကြစို့ဟု ဆိုကာ သမုဒ္ဒရာရေကို ပါးစပ်ဖြင့် ငုံပြီး တစ်နေရာသို့ ယူလာထွေးကြ၏။ ဆားငန်ရေကို ငုံရသဖြင့် အာခြောက်ပြီးလာ၏။ ပင်ပန်းလာသောအခါ တစ်နေရာတွင် အပန်းဖြေကြ၏။ မေးတွေလည်း ညောင်းကုန်၏။ သမုဒ္ဒရာရေကား ပြည့်မြဲပြည့်နေ၏။
သမုဒ္ဒရာစောင့်နတ်သည် ကျီးမိုက်တို့ကို သနားကြင်နာလှသဖြင့် သူတို့အသက်ကို ကယ်မှဖြစ်မည်ဟု ကြောက်မက်ဖွယ်သော အသွင်ကိုပြုကာ ကျီးတို့ကို ထိုနေရာမှ ပြေးစေ၏။
ဇာတ်ပေါင်းသော်…
သုမဒ္ဒရာစောင့်နတ်သည် - ငါဘုရားဖြစ်လာ၏ဟု ဇာတ်တော်ကိုပေါင်း၏။
*** ဦးလှခင် - ဆန်းညွန့်ဦး ***
*** သမုဒ္ဒရာကို ရွှေ့ကြမည့် ကျီးမိုက်များ ***

No comments:
Post a Comment