***`အသက်ကြီးလေ၊ ရမ္မက်ကြီးလေ´***
ဝန်ကြီးချုပ် ဦးနူ၏ သန့်ရှင်း `ဖဆပလ´အစိုးရလက်ထက် မကွေးတိုင်း၊ အောင်လံမြို့က ဖဆပလ အမတ်တယောက်၏ လူထုအစည်းအဝေးပွဲမိန့််ခွန်းမှာ မှတ်သားစရာကောင်းသေးတော့။ ကြည့်ပါ။ သူက ဒီလိုပြောပါတယ်။ `လူထုကြီးခင်ဗျား၊ လူထုကြီးခုလို ဒုက္ခဆင်းရဲဖြစ်နေတာကို ကျနော် မခံနိုင်ပါဘူး။ လူထုကြီး ဖာသာ၊ လူထုကြီးခံပါ´တဲ့။ ဘယ်လောက် ကြည်ညိုစရာကောင်းလိုက်ပါသလဲဗျာတို့……….။
ခုလဲ ဗိုလ်နေ၀င်းက ဒီလိုပါဘဲ…….. တိုင်းပြည်က ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းမှာပါနေသော်လဲ သူက ကမ္ဘာ့ မီလျံနာ (သန်းကြွယ်သဌေး)စာရင်းမှာ နံပါတ် (၁၁) ဆိုလား၊ နံပါတ်(၂၁) ဆိုလား၊ ပါတော့ပါ၏။ ဗိုလ်နေ၀င်း ဘယ်လိုချမ်းသာနေလဲ။-
***`ကျောက်ပုထိုးရွှေတွင်း´***
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် `ကျောက်ပုထိုး´ဟု အမည်ရသော ရွာကလေး တရွာရှိပါ၏။ အိမ်ခြေ ၁၅၀-ခန့် ရှိသည်ဆိုပါသည်။ ကျောက်ပုထိုးရွာလေး၌ ဒေါ်ဖွားမေ ဆိုသူအမယ်အိုတစ်ဦးရှိ၏။ အိမ်ထောင်မရှိ။ ခင်ပွန်းမှာ အသက် (၃၀)အရွယ်က ကွယ်လွန်ခဲ့၍ သား (၂)ယောက်နှင့် လုပ်ကိုင်စားသောက်နေရာ သားများအိမ်ထောင်ကိုယ်စီကျသော်လည်း ဘယ်သားအိမ်မှ လိုက်မနေဘဲ တယောက်တည်းနေ၏။ တူမ တယောက်က စောင့်ရှောက်ထား၏။ ဘာသာတရားကိုင်းရှိုင်း၏။ အိမ်ထောင်ဆုံးပါးသွားကတည်းက သက်သတ်လွတ်စားပြီး၊ အချိန်ရတိုင်း ပုတီးစိပ်ခဲ့ရာ ယခုအသက် (၆၇)နှစ်အထိ ဖြစ်၏။
တခုသော ည-ပုတီးစိပ်မေတ္တာပို့ပြီး အိပ်သာဝင်ခဲ့သည်။ အိပ်၍မပျော်၊ မျက်စေ့ထဲ၌ အ၀ါရောင် ရွှေရောင်များ တထိန်ထိန်လင်းနေသည်ကိုသာ ခံစားနေရသည်။ သန်းခေါင်ကျော်ကျော်လောက်အိပ်ပျော်သွားခဲ့သည်။ အိပ်မက်ထဲတွင် သူတော်စင်တပါးပေါ်လာပြီး။ `ရွာ၏ အနောက်မြောက်ဖက်ကိုသွား၊ တောင်ကမူလေး တခုရှိတယ်။ တောင်ကမူခြေရင်းမှာ `နဘူးခြုံ´ ရှိတယ်။ နဘူးကိုင်းကိုမလိုက်ပြီး တူရွှင်းပြားနဲ့တူး ယူပါ။ ဒါနများများလုပ်ပါ၊ ပေးကမ်းစွန့်ကြဲပါ´ဟု ပြောပြီးပျောက်သွားသည်။ ဤသို့ (၃)ရက် (၃)ကြိမ်အိပ်မက်ပေးလေရာ ဒေါ်ဖွားမေ- သူတော်စင်မှာသည့်အတိုင်း လုပ်ရာ ရွှေကြောကြီးတွေ့၍ ရွှေအမြောက်အများရခဲ့၏။
ဤသို့ဖြင့် `ကျောက်ပုထိုး´ရွာမှာ ဒေါ်ဖွားမေနှင့် သား၊ တူတူမများ သူဌေးတွေဖြစ်ကုန်ကြရာ၊ တယောက်စကား တယောက်နားကြားသိကုန်ပြီး ဇာတိဇာစ်မြစ်ကိုသိကုန်ကြလေ၍ ရွာသားများတူကြ၊ ဆွကြ၊ ယူကြနှင့် နေပြည်တော် ဗိုလ်နေ၀င်း နားတော်ပေါက်ကြားသွားပြီး ရန်ကုန်တိုင်းမှ တပ်ရင်း (၂)ရင်းကို ချက်ချင်း စစ်ရထားများစီစဉ်ပြီး ညတွင်းချင်း၊ ကောလင်းသို့ပို့ခဲ့လေ၏။
သမီးဖြစ်သူ `ဗိုလ်မှူး ခင်စန္ဒာဝင်း´နဲ့ အိမ်တော်လူယုံအဖွဲ့က ရထားပို့ဆောင်ရေးဌာနပိုင်၊ သံလမ်းသွားအမြန်ယာဉ်ငယ်၊ (EMC)ဖြင့် ရှေ့က ကြိုတင်သွားနှင့်ပြီး သူတို့သြဇာခံစစ်ခွေးများအကူအညီဖြင့်၊ တူးဖေါ်ယူငင်ကြကုန်၏။ ရွာသူရွာသားများ အိမ်များကို တအိမ်ပြီး တအိမ်ရှာဖွေကာ ပြည်သူ့ဘဏ္ဍာ မယူရ သဘောဖြင့် သိမ်းယူပြီး ဗိုလ်နေ၀င်း ဘုံးပစ်လိုက်၏။
ရွှေများကို (အလျူမီနီယံ)သေတ္တာမျာဖြင့်ထည့်၍ထားပြီး အချို့ကို အင်္ဂလန်မှာရောင်းချခဲ့သည်ဟု ထိုစဉ်က သတင်းစကားကြားခဲ့ရပါသည်။ သူ၏ သမီး ခင်စန္ဒာဝင်းနှင့် သမက် အေးဇော်ဝင်းတို့မှာ ၀င်ဒါမီယာ၌ နန်းတော်ကြီးလို တိုက်ကြီးလည်း ဆောက်ခဲ့ပါ၏။ ယခုတိုင် ရှိပါသည်။
သို့သော် ယုတ်မာသော ဗိုလ်နေ၀င်းက တိုင်းပြည်ကို တရားဝင်ကြေညာရာ၌ ကျောက်ပုထိုးမှာ ရွှေသန့်စင်စက်ရုံတည်ပြီးပြီ။ ၁-ရက်လျှင် ရွှေသား (၂)ပိဿာ ရရှိပါသည် ဟူ၍ မုသာဝါဒဖြန့်ခဲ့၏။ ဗိုလ်နေ၀င်း အဆီကိုစား၍ အသားကိုဝါးမျိုပစ်လိုက်ပြီ။
အသက်ကြီးလာလေ လောဘရမ္မက်ကြီးလာလေ၊ သေခါနီး၊ အီးတချက်ပါ၊ လောဘမြစ်ပင်လယ်မှာ ဘယ်လောက်ကြာကြာ ဗိုလ်နေ၀င်းမျောအုံးမလဲ၊ ရှေ့မှာ ဆက်ဖတ်ကြည့်ပါဦး…………………။
***`မြစိမ်းသိုက်ပေါ်ပြီ´**
(ကိုဘုန်းကြွယ်-ရေ××× မိမြစိမ်းကို………။ ကိုဘုန်းကြွယ် ××× မိမြစိမ်းကို ××× အလွမ်းလေးတွေပေးထားခဲ့ပြီ ××× ကြုံသာကြုံ ××× ခဏတာကြုံ××× ဆုံသာဆုံ××× ခဏတာဆုံ××× (မှုန်မပြေ ××× လွမ်းမျက်ရည် ××× ကြုံပလေ ××× ကျမ်းသက်သေ)၂
ကိုကိုရေ ××× မင်းတော့ပျော်နေပြီလား ××× စဉ်းစားကာဖြေ ××× ကိုဘုန်းကြွယ်…….. ရေ၊ တူနဲ့ တဲ့နဲ့ နယ်)
ဒီလို မမြစိမ်းသီချင်းလေးနဲ့ တီးလုံးသံလေးကြားရတော့ မဟာဇော်၊ ဇာတ်ခုံပေါ်တက် တစ်ချီတစ်မောင်း ကြဲလိုက်ချင်သေးတော့……
စာဖတ်သူများကြားဖူးကြပါလိမ့်မည်။ ပြည်ခရိုင် ရွှေတောင်မြို့နယ်က မြစိမ်းသိုက်ဆိုတာ လူတော်တော်များများ ကြားဖူးကြပါလိမ့်မည်။ သိုက်ဆိုတာ ငှက်သိုက်၊ ငန်းသိုက် မဟုတ်ပါ။ ဥစ္စာဟောင်းများ မြှုတ်နှံထားရာနေရာကို ဆိုလိုပါ၏။ မယုံမရှိပါနှင့်…………..။
ရွှေတောင်မြို့နယ်၊ နွားမယံ(နမယံလို့ဖတ်ပါ၊ ကားလမ်းဘေးက ရွာကြီးပါ။ အညာကားတွေ နေ့- ညထမင်းစားတဲ့နေရာပါ။ ထမင်းစားလို့အလွန်ကောင်းပါတယ်။ `ဟင်းကောင်းရင်ပေါ့ဗျာ´) အဲဒီနွားမယံ (အဲလေ-နမယံ)ရွာအုပ်စုပိုင်း `ဖိုးသိန်းတန်´ရွာမှာ ၁၉၈၆-ခုနှစ် နိုဝင်ဘာလထဲ တစ်ရွာလုံး အုတ်အုတ်ကြွက်ကြွက်နဲ့ သေတဲ့လူကသေ၊ ချမ်းသာတဲ့သူကချမ်းသာ၊ ပြည်မှာ တိုက်၊ ခြံ၊ ကားတွေနဲ့ ဖြစ်ကုန်ပါလေရော…………။
အဖြစ်ကလေးကလဲ ဆန်းသဗျ- (မယုံမရှိပါနဲ့) ဖိုးသိန်းတန်ရွာသား (၂)ယောက် ညနေပိုင်း ယာပြင်လယ်ပြင်တွေထဲမှာ ခွေး(၂)ကောင်နဲ့ ဟင်းရှာဖို့ လက်နက်အပြည့်အစုံနဲ့ ထွက်လာကြသတဲ့။ (ဟင်းရှာတာ- အမှန်ဆိုရင် ထမင်းဆိုင်မှာ ရှာရင် လွယ်လွယ်လေးနဲ့ ရနိုင်တာဘဲ) ဒီမှာတင် မြွေကြီးတကောင်တွေ့တာ လိုက်ရင်း၊ လိုက်ရင်းနဲ့ တောင်ပို့ထဲဝင်သွားသတဲ့၊ မြွေတွင်းကိုတူး၊ ခွေး ၂-ကောင်က လက်နဲ့ယက်၊ လူ (၂)ယောက်က ပေါက်တူးနဲ့တူး၊ မြွေတော့မရဘူး။ မမျှော်လင့်ဘဲ ရွှေလင်ပန်းကြီး (၅)ချပ်ရတယ်ဆိုရင်ဘဲ၊ ၂-ယောက်ဆိုတော့ ၂-ချပ်ခွဲ (၂-ကျပ်ခွဲလို့မဖတ်ပါနဲ့) ယူရမယ်။ တစ်ချပ်ကို တောထဲမှာတင် ဓားနဲ့ ထက်ဝက်ပိုင်းတော့ သူက မသာ၊ ငါက အလောင်း ဖြစ်ကုန်ပါရော…….။ ဒီမှာတင် စကားစများလာတာ၊ ရွာရောက်ပြီး `အရီးသော့´တို့အိမ်က ချိန်ခွင်ငှားပြီး ညကြီးမင်းကြီးချိန်ရာက တစ်ရွာလုံးသိကုန်လေတော့ တောဓလေ့ထုံးစံအတိုင်း အုတ်အုတ်ကြွက်ကြွက်နဲ့ `ထွေးညို´သောက်ပြီး မူးတဲ့လူကလဲအော်- လောဘကြောင့် ဒေါသတွေဖြစ်၊ မောဟနွဲမှာ နစ်လေတော့ ခုတ်ကြ၊ ထစ်ကြ၊ သတ်ကြ ဖြတ်ကြနဲ့ (၄)လောင်းပြိုင်သတ်မှုဖြစ်ရာအစ၊ နေပြည်တော် (ရန်ကုန်)ဗိုလ်နေ၀င်း နားပေါက်ကြားတယ်ဆိုရင်ဘဲ ဗိုလ်နေ၀င်းက ဒီနယ်မြေက သူ့နယ်မြေကိုး။ သူက `ပေါင်းတလည်´သားဆိုတော့ တကြောထဲ…. ဘယ်ခွင့်လွှတ်မလဲ တိုင်းမှူးချက်ချင်းလွှတ်၊ တစ်ရွာလုံးဝိုင်း၊ ရတာတွေအကုန်သိမ်းယူပါတယ်။
စားရေးသူမှတ်မိသလောက် ရွှေလင်ပန်း၊ ရွှေနားဋောင်း၊ ရွှေကွမ်းအစ်၊ န၀ရတ်ကိုးပါးဆွဲကြိုး ပုတီးတွေတစ်ပုံကြီးရလိုက်တယ်ဆိုပါတယ်။
ဗိုလ်နေ၀င်းက ဒီပစ္စည်းများအပိုင်သိမ်းချင်တော့ ယုတ်မာတဲ့အကြံနဲ့ ယဉ်ကျေးမှုအမွေတွေ ပြတိုက်မှာထားရမယ်။ ဘာညာသာရကာ၊ နေကြာ၊ ကွာစေ့နဲ့ အဆုံးမှာတော့ သူ့ရဲ့အိမ်တော်ပြတိုက်ထဲမှာဘဲ လမ်းစပျောက်သွားပါတယ်။ ရွာသားတွေကို စတိလောက်သုံးဖို့ စွဲဖို့ငွေကြေးပေးခဲ့တယ်။ အဲဒီရွာမှာ အဲဒီအချိန်က အသက် (၄၅)နှစ်ရှိတဲ့ `မဆယ်မိ´ခမျာ သူ့ပစ္စည်းတွေကိုစစ်သားတွေ လုယူသွားတော့ ရူးသွားပါတယ်။
ဤသို့ ဤနှယ် ဗိုလ်နေ၀င်း၏ အာဏာကို အလွဲသုံးစားလုပ်၊ ပြည်သူတွေကို ခုတုံးလုပ်၊ သေနတ်ကို ဗန်းပြပြီး အငန်းမရ လောဘရမ္မက်ကြီးနဲ့ ငတ်တာကျခဲ့ပုံများကို စာရေးသူ မဟာဇော်က ဤလတွင် တစေ့တစောင်း အားဖြင့် တင်ဆက်လိုက်ရပါကြောင်း……………………………….။
***မဟာဇော် (မကွေး)***
စာရေးသူသည် စာဖတ်ပရိသတ်ကြီးအား စစ်အာဏာရှင် ဗိုလ်နေ၀င်း လက်ထက်က အဖြစ်အပျက်များကို မှတ်မိသရွေ့ ရေးသားပြီး လစဉ်တင်ဆက်ခဲ့ရာ အတော်ပြည့်ပြည့်စုံစုံရှိသွားပြီလား ဟု မေးစရာရှိပါ၏။ ပြည့်စုံမှုတော. မရှိသေးပါ။ တိုင်းပြည်ကို သေနတ်ကိုင်၍ ငမိုက်သား စစ်သားများ အင်အားယူပြီး (၂၆)နှစ်လုံးလုံး အုပ်ချုပ်ခဲ့သော အာဏာရှင်တဦးအတွက် မှတ်တမ်းဟူသည် တပုံတပင်ကြီးရှိမည်မှာမလွဲပါ။ သို့ကလို တပုံတပင်ကြီးထဲမှ ပြည်သူလူထုကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာခဲ့ပုံများကို မှတ်မိသရွေ့ ယခုလတင်ဆက်လိုက်ရမှာက-

No comments:
Post a Comment