(ဧကနိပါတ် လက္ခဏမိဂဇာတ်) ပစ္စုပ္ပန်ဝတ္ထု
ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးစဉ်- ဒေ၀ဒတ်၊ သံဃာသင်းခွဲမှုကို အကြောင်းပြု၍ ဟောတော် မူ၏။ ဒေ၀ဒတ်သည် သံဃာငါးရာကို သိမ်းသွင်းခေါ်ဆောင်ပြီး သင်းခွဲ၍ ဂယာသီသ၌ နေ၏။ ဒေ၀ဒတ်နောက် ပါသွားသော ရဟန်းတော်များ လက်တွေ့သိ၍ ဥာဏ်ရင့်ချိန်သို့ရောက်လျှင် မြတ်စွာဘုရားသည် အရှင်သာရိ ပုတ္တရာနှင့် အရှင်မောဂ္ဂလာန် အဂ္ဂသာဝက နှစ်ပါးတို့အား `ထိုရဟန်း ငါးရာတို့အား တရားဟော၍ အရဟတ္တ ဖိုလ်သို့ ရောက်စေပြီး ပြန်လည်ခေါ်ယူတော့´ဟု မိန့်ကြားတော်မူ၏။

အဂ္ဂသာဝက နှစ်ပါးသည် ဂယာသီသသို့ ကြွသွား၍ ဒေ၀ဒတ်နောက်လိုက် ရဟန်းငါးရာတို့အား တရားဟော၍ အရဟတ္တဖိုလ်သို့တည်စေပြီး နောက်နေ့ အရုဏ်တက်ချိန် ရဟန်းငါးရာနှင့်အတူ ဝေဠုဝန်ကျောင်းတော်သို့ ပြန်ကြွလာခဲ့ကြ၏။
ဝေဠုဝန်ကျောင်းတော်မှ ရဟန်းများသည် ရဟန်းငါးရာခြံရံလာသော တရားစစ်သူကြီး ရှင်သာရိပုတ္တရာသည် လွန်စွာတင့်တယ်လှပေစွဟု ချီးမွမ်းကြ၏။ ဒေ၀ဒတ်သည်ကား တစ်ဦးတည်း အထီးကျန်ဖြစ်ချေသည်ဟု လျှောက်ထားကြ၏။ မြတ်စွာဘုရားက ယင်းအကြောင်းနှင့် ပတ်သက်၍ အတိတ်ဇာတ်ကို ဟောကြားတော်မူသည်ကား-
အတိတ်ဇာတ်…
ရာဇဂြိုဟ်ပြည် မာဂဓမင်းစိုးစံစဉ်- ဘုရားလောင်းသည် သမင်တစ်ထောင်ခြံရံသော သမင်မင်းဖြစ်၏။ သားနှစ်ယောက် လက္ခဏသမင်နှင့် ကာဠသမင်တို့ အရွယ်ရောက်လာကြလျင် သမင်ငါးရာစီကို ခေါင်းဆောင် စောင့်ရှောက်ရန် ပေးအပ်၏။
ကောက်မှည့်ချိန်တွင် တောသမင်တို့သည် လယ်ကွင်းထဲ၌ ကောက်များလာစားလေ့ရှိကြ၏။ လယ်သမားတို့သည် တွင်းတူးထောင်ချောက်၊ ညှောင့်တို့ ထောင်ထားကြရ၏။ ဥာဏ်မရှိသော တောသမင်တို့ အများအပြားသေကြရ၏။
ဘုရားအလောင်း ဖခင် သမင်ကြီးသည် ကောက်မှည့်ချိန်၏ အန္တရာယ် ထူပြောမှုကိုသိ၍ သားနှစ်ယောက်ကို ခေါ်ပြီး- `ငါတို့ အိုသူတွေ ဒီမှာပဲ လုံအောင်နေတတ်ပါတယ်။ ကောက်မှည့်ချိန်မှာ ရွာမှခွာပြီး သမင်အပေါင်းကို ခေါင်းဆောင်ပြိး တောင်ခြေကိုသာ ပြောင်းရွှေ့နေကြ၊ ကောက်သိမ်းပြီးချိမ်မှာ ပြန်လာခဲ့ကြ´ဟု ပြော၏။ သားနှစ်ယောက်လည်း ကောင်းပါပြီဟု ဖခင်စကားနားထောင်၍ တောင်ခြေစခန်းသို့ ထွက်ကြ၏။
လယ်သမားနှင့် သမင်များသည် အစဉ်အလာကို သိကြ၏။ ဤအချိန် လမ်းတွင် တောသမင်များ တောင်ခြေမှဆင်းတတ်သည်။ ပြန်တတ်သည်ကို သိ၍ ချောင်းမြောင်းပစ်ခတ်၍ များစွာသော သမင်များကို သတ်၏။
ကာဠသမင်သည် ပညာမဲ့၏။ သွားသင့်၊ မသွားသင့် မချိန်ဆ၊ အချိန်နှင့် အခွင့်အခါကို မရှေးတတ်၊ သမင်ငါးရာနှင့် မြင်သာထင်သာ သွားတတ်၏။ ရွာအနီးမှ ကပ်၍လည်း သွားတတ်၏။ လူတို့သည် ရှေ့မှဆီး၍လည်းကောင်း၊ ပုန်းအောင်း၍ လည်းကောင်း သမင်များစွာကို သတ်လိုက်ကြ၏။ ကာဠတွင် နောက်လိုက်သမင် အနည်းငယ်သာ ကျန်တော့သည်။
လက္ခဏ သမင်သည် ဥာဏ်ပညာရှိ၏။ လမ်းခရီးကိုချိန်ဆ၊ အချိန်ကာလကိုလည်းရွေး၍ သမင်ငါးရာနှင့် သွားကြသည်။ လူနှင့်ဝေးသော လမ်းကိုရွေးသည်။ သူများအိပ်မောကျချိန် သန်းခေါင်ယံတစ်ချိန်တည်းသာ သွားကြစေသည်။ ထို့ကြောင့် နောက်လိုက်သမင် တစ်ကောင်မှ မဆုံးရှုံးခဲ့ပေ။
သမင်များ ကောက်သိမ်းချိန်ပြီး၍ တောင်ခြေမှ ပြန်လာကြသည်။ အပြန်ခရီးတွင် မဆင်မခြင် သွားမိ၍ ကာဠသမင်မှ လက်ကျန်သမင်အားလုံး သေဆုံးပျက်စီးကြရပြန်သည်။
လက္ခဏသမင်ကာ သမင်တစ်ကောင်မှ မလျော့ပါးစေဘဲ သမင်ငါးရာ ခြံရံလျက် ပြန်လာ၏။ ဖခင်ဘုရားလောင်း သမင်ကြီးမြင်လျှင်- `ဆွေမျိုးအပေါင်းခြံရံလာသော လက္ခဏကို ကြည့်စမ်းပါ၊ သီလနှင့် ပဋိသန္တာရပြည့်စုံသောသူတို့အား အကျိုးစီးပါားသည် ဖြစ်၏။ ထိုသို့ပင် ဆွေမျိုးတို့ကို မကျန်စေဘဲ လာသော ကာဠကိုလည်း ကြည့်ပါလော့´ဟု လက္ခဏသမင်ကို ချီးကျူးလေသတည်း။
ဇာတ်ပေါင်းသော်….
ကာဠသမင်သည် - ဒေ၀ဒတ်
လက္ခဏသမင်သည် - အရှင်သာရိပုတ္တရာ
လက္ခဏသမင်၏ ပရိသတ်သည် - ယခုဘုရားရှင်၏ ပရိသတ်
ကာဠနှင့် လက္ခဏသတင်တို့၏ မယ်တော်သည် - ယခု ရာဟုလာ၏ မယ်တော်
အဖည်သည် - ငါဘုရားဟု ဇာတ်တော်ကိုပေါင်း၏။
*** ဦးလှခင်- ဆန်းညွန့်ဦး ***
*** ရှေ့ဆောင်ကောင်း ***

No comments:
Post a Comment