(ဧကနိပါတ် ၃၊ သေရိ၀၀ါဏိဇ္ဇဇာတ်) ပစ္စုပ္ပန်ဝတ္ထု
မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးစဉ် ရဟန်းတစ်ပါးသည် တရားကို ကြိုးစားအားထုတ် ပါလျက် မရနိုင်၍ စိတ်ပျက် အားလျော့နေစဉ် အခြားရဟန်းများက မြတ်စွာဘုရား ထံမှောက် ခေါ်ဆောင် လျှောက်ထား လေသဖြင့် မြတ်စွာဘုရားသခင်က `ချစ်သား၊ မဂ်ဖိုလ်ကို ရနိုင်သော သာသနာနှင့် ကြုံကြိုက် ပါလျက် ၀ီရိယကို လျှော့လိုက်လျှင် အဖိုးတစ်သိန်းတန် ရွှေခွက်ကို လက်နှင့်ကိုင်မိပါလျက် ဆုံးရှုံးရသော ရွဲကုန်သည်မိုက်ကဲ့သို့ စိုးရိမ်ပူပန်ရလိမ့်မည်´ဟု မိန့်တော်မူရာ ရဟန်းတို့ လျှောက်ထား၍ အတိတ်ဇာတ်ကို ဟောကြားတော်မူသည်။
အတိတ်ဇာတ်……………
ဤကမ္ဘာမှ ငါးကမ္ဘာထက်၌ သေရီဝတိုင်းမှာ ဘုရားလောင်း ရွဲကုန်သည်နှင့် ဒေ၀ဒတ်ရွဲကုန်သည်တို့သည် နီလ၀ါတမြစ်ကို ကူးပြီး အရိဌပူရမြို့သို့ သွားကြ၏။ ရပ်ကွက် ခွဲပြီး ကိုယ့်လမ်းနှင့် ကိုယ် ရောက်ကြ၏။ တစ်ဦးရောင်းသောလမ်းကို နောက်တစ်ဦးက ရောင်းနိုင်သည်ဟု သဘောတူထား၏။
လောဘဇော…………..
အရောင်စုံ၍ တောက်ပသောရွဲလုံးကလေးများကိုမြင်သဖြင့် အပျိုမကလေးသည် အဘွားအိုကိုပူဆာ၏။ အဘွားကငွေမရှိ၍ ၀ယ်မပေးနိုင်ဟုဆို၏။ မြေးကလေးသည် ခွက်ဟောင်းတစ်ခုကို ယူလာ၍ ဤခွက်နှင့်လဲပေးပါဟုဆို၏။ အဘွားသည် ရှေးက ချမ်းသာခဲံသူဖြစ်၏။ ရွဲကုန်သည်ကို ခေါ်၍ ဤခွက်ကိုယူ၍ ရွဲကလေး အနည်းငယ် ပေးခဲ့ပါဟုပြော၏။ ရွဲကုန်သည်သည် ခွက်ကိုကိုင်ကြည့်၏။ လေးလေးနှစ်နှစ်ရှိ၏။ သံချွန်နှင့် ခြစ်ကြည့်ရာ ရွှေခွက်မှန်းသိ၏။ သို့သော် လောဘကြီးသူ ဖြစ်၍ ထိုရွှေခွက်ကို အလားကားယူချင်၏။ မြေပေါ်မှာ ပစ်ချပြီး ပဲဝက်မှမတန်တဲ့ခွက်စုတ်ဟု ရေရွတ်ခါ ထွက်သွား၏။ မြေးပျိုမကလေးက စိတ်မကောင်းစွာဖြင့် ခွက်ကိုပြန်ကောက်ထား၏။
တန်ရာတန်ကြေး……….
မကြာမီ ဘုရားလောင်း ရွဲကုန်သည်သည် ထိုလမ်းသို့ရောက်လာ၏။ `ရွဲလုံး လှလှကလေးတွေ´ဟု အော်၍ လာ၏။ ထိုအခါ မြေးမကလေးသည် ကိုယ်တိုင် လှမ်းခေါ်ပြီး ဤခွက်ကလေးနှင့် လဲပါဟု ပြော၏။ အဘွားကလည်း မြေးမကလေးက ရွဲလုံးသိပ်လိုချင်နေတာ ပေးချင်သလောက်သာ ပေးခဲ့ပါဟု တောင်းပန်ရှာ၏။
ဘုရားလောင်း ရွဲကုန်သည်သည် ခွက်ကိုကိုင်၍ ကြည့်၏။ ခြစ်၍ကြည့်၏။ ရွှေခွက်မှန်းသိ၏။
`အမေ၊ ဤခွက်သည် ရွှေခွက်ဖြစ်ပါသည်။ ဤခွက်၏ တန်ဖိုးကို ကျနော်မတတ်နိုင်ပါ။ ဤခွက်ဖိုးငွေ ကျနော့်မှာ မပါပါ´ဟု ပြော၏။
အမေအိုက-
`အမောင်၊ ယခင်ရွဲကုန်သည်က ပဲဝက်မျှမတန်ဟုဆိုကာ လွှင့်ပစ်ခဲ့သည်။ အမောင်လက်ထဲရောက်မှ ရွှေခွက်ဟု အမောင်ကပြောသည်။ အမောင်နှင့် ထိုက်၍သာ ဖြစ်လိမ့်မည်။ ယူသွားပါ မြေးကလေးအတွက် ရွဲလုံး အနည်းငယ်သာ ပေးခဲ့ပါ´ဟု ပြော၏။
`အမေ၊ ရွှေခွက်သည် အဖိုးတစ်သိန်းတန်ပါသည်´ဟု ပြောပြန်၏။
အဘွားအိုက-
`အမောင်နှင့် ထိုက်၍ အမောင်ရသည်။ ပေးလိုသမျှသာ ပေးခဲ့ပါဟု ရွှေခွက်ကို အတင်းထိုးပေးလေ၏´ မြေးကလေးကလည်း ရွဲလုံးကလေးတစ်လုံးကို ပေးခဲ့ပါ တော်ပါပြီဟု ဆိုပြန်သည်။
ဘုရားလောင်း ရွဲကုန်သည်သည် ရောင်းပြီး ရထားသော အသပြာငါးရာနှင့် မိမိလက်ဝယ်ရှိ ငါးရာတန် ရွဲလုံးတို့ကို ရှိသမျှ အကုန်ပေးခဲ့ပြီး ဤချိန်ခွင်နှင့် အိတ်ကို ပြန်ယူပါရစေ၊ လှေကူးခအတွက် ရှစ်သပြာကိုသာ ပေးပါဟု ပြန်တောင်းပြီး ရွှေခွက်ကိုယူကာ မြစ်ဆိပ်သို့လျင်မြန်စွာ ထွက်ခွာသွားလေ၏။
ကြုံကြိုက်ခိုက်မှာ မယူလိုက်မိ၍………….
ဒေ၀ဒတ်အလောင်း ရွဲကုန်သည်သည် မကြာမီ ရောက်လာပြီး-
`ဟဲ့… ကောင်မလေး၊ အခုနခွက်စုတ်ကိုယူခဲ့၊ နင့်ကိုသနားလို့ ရွဲလုံးနည်းနည်း ပေးခဲ့မယ်´ဟု အိမ်ရှေ့မှအော်ပြော၏။
မိန်းမပျိုကလေးသည် အိမ်ရှေ့သို့ထွက်၍ ခါးထောက်ပြီး ရပ်ကာ-
`ရှင်က ပဲဝက်မှမတန်တဲ့ခွက်စုတ်ဆိုတာကို နောက်လာတဲ့ ရွဲကုန်သည်က တစ်သိန်းတန်တဲ့ရွှေခွက်ဆိုပြီး ရှိသမျှအကုန်ပုံပေးပြီး သွားလေရဲ့၊ ရှင်နဲ့မထိုက်လို့ မရတာပေါ့´ဟု ငေါ့တော့တော့ ပြောလေ၏။
ဒေ၀ဒတ်အလောင်း လောဘကြီးသော ရွဲကုန်သည်သည် ထိုအခါမှ မျက်လုံးပြူး၍ ငါ့လက်ထဲကရွှေခွက်ကို လုယူသွားပြီဟု အထုပ်ကိုထမ်းကာ မြစ်ဆိပ်သို့ အပြေးလိုက်လေ၏။
မြစ်ဆိပ်သို့ ရောက်လျှင် တစ်စီးတည်းသောလှေသည် မြစ်လယ်သို့ရောက်နေပေပြီ။ ဒေ၀ဒတ်အလောင်း ရွဲကုန်သည်က လှေကို ပြန်လှည့်ရန် ဟစ်၍ခေါ်သည်။ လှေဆရာက ပြန်လှည့်မည်ပြုသည်။ ဘုရာလောင်းရွဲကုန်သည်က-
`သင့်ကို ခရီးအလျင်လို၍ ရှစ်အသပြာပေးပြီး ငှားခဲ့သည်။ စင်းလုံးငှားခြင်းဖြစ်၍ ငါ့ကိုသာ အမြန်ပို့´ဟု ပြော၏။ လှေသမားသည် အမှန်စကားကိုကြားရ၍ လှေကိုဟိုမှာဘက်ကမ်းသို့ ဦးတည်၍ လှော်ခတ်သွားလေတော့သည်။
ဒေ၀ဒတ်ရွဲကုန်သည်-
သံကုန်အော်၍ ခေါ်ပြန်၏။
သံကုန်အော်၍ ခေါ်ပြန်၏။
သံကုန်အော်၍ ခေါ်ပြန်၏။
လှေသည် ပြန်လှည့်မလာ။ ဟိုမှာဘက်ကမ်းသို့ ရောက်၍ ဘုရားလောင်းရွဲကုန်သည် ကုန်းပေါ်သို့ တက်သွားသည်ကိုမြင်ရသောအခါ ဒေ၀ဒတ် ရွဲကုန်သည်က `ဒီတစ်ခါ ငါတော့ ရှုံးပါပြီ´ဟု ၀မ်းနည်းကြေကွဲကာ ထိုင်နေစဉ်ပင် လဲခွေကျပြီး သေဆုံးရရှာလေသည်။
ဒေ၀ဒတ်သည် ဤဇာတ်မှစ၍ ဘုရားလောင်းကိုရန်ငြိုးဖွဲ့ခဲ့လေသည်။
မြတ်စွာဘုရားသည် အတိတ်ဇာတ်ကို ဟောကြားတော်မူပြီးနောက်-
`ဤသာသနာတော်၌ သူတော်ကောင်းတရားကို ကျင့်ကြံအားထုတ်နိုင်ရန် ပေးအပ်ပါလျက် ရတုန်းရခိုက် မယူလိုက်လျှင် ချစ်သားရဟန်းသည် သေရိဝရွဲကုန်သည်မိုက်ကဲ့သို့ အချိန်ကြာမြင့်စွာ ပူပန်ရလိမ့်မည်သာတည်း´ဟု ဟောတော်မူသည်။
ဇာတ်ပေါင်းသော်………….
လောဘသား ရွဲကုန်သည် - ဒေ၀ဒတ်
ပညာရှိ ရွဲကုန်သည် - ငါဘုရားဖြစ်လာ၏ဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင် - ဆန်းညွန့်ဦး ***
*** ကျင့်ဆောင်ဖွယ်ရာ လောကမှာ ရသာခိုက် ယူလိုက်ကြ ***

No comments:
Post a Comment