***(ဧကနိပါတ် ၆၊ ဒေ၀ဓမ္မဇာတ်) ပစ္စုပ္ပန်ဝတ္ထု***
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်ထင်ရှားသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူသည်၊ သာဝတ္ထိပြည်မှ သူကြွယ်တစ်ယောက်သည် မယားသေ၍ ရဟန်းပြုသည်၊ ဇေတ၀န်ကျောင်းတော်၏ ကျောင်းဆောင်တစ်ခုတွင် အခြွေအရံများနှင့် တခမ်းတနားနေ၏။ အစားကောင်းစား၏။ ကျောင်းခန်းကိုလည်း လှပခန့်ငြားအောင် ပြင်ဆင်ထား၏။ သင်္ကန်းများစွာထား၍ အလဲအလှယ်ဝတ်၏။
ဘုရားရှင်က သိတော်မူလျှင် ခေါ်ယူဆုံးမ၏။ ရဟန်းသည် မြတ်စွာဘုရားကို စိတ်ဆိုးမာန်းဆိုးဖြင့် ပရိသတ်အလယ်၌ ရပ်ပြီး ဧကသိကိုချွတ်၍ချကာ သင်းပိုင် တစ်ထည်တည်းဖြင့် ရပ်ပြီး `ဒါဖြင့် ဒီလိုပဲနေတော့မယ်´ဟု ပြန်ပြော၏။ မြတ်စွာဘုရားသည် ထိုရဟန်းအား သနားတော်မူသောကြောင့်-
`ရဟန်း သင်သည် ရေစောင့်ဘီလူးဘ၀က တစ်ဆယ့်နှစ်နှစ်ပတ်လုံး ဟိရိသြတ္တပ္ပတည်းဟူသော အရှက်အကြောက်တရားနှစ်ပါးကို ရှာဖွေကြံစည်၍ ယခု ရဟန်းဘ၀ ရနေပါလျက် အဘယ်ကြောင့် ဟီရိသြတ္တပ္ပ ကင်းမဲ့နေရသနည်း´ဟု မိန့်တော်မူ၍
အတိတ်ဇာတ်ကို ဟောကြားတော်မူ၏။
***အတိတ်ဇာတ်***.
ဗာရာဏသီပြည်၌ မြဟ္မဒတ်မင်းပြုစဉ် ဗာရာဏသီမင်း၏ မိဘုရားကြီးတွင် မဟိံသမင်းသားနှင့် စန္ဒကုမာရမင်းသား တို့ကို ဖွားမြင်ပြီး နတ်ရွာစံ၏။ မိဖုရားသစ် တစ်ပါးတင်မြှောက်၏။ သားတော်တစ်ပါး ဖွားမြင်ပြန်သည်။ သူရိယကုမာရဟု အမည်မှည့်သည်။ များစွာမြတ်နိုး၍ မိဖုရားကြီးအား လိုရာဆုကိုတောင်းဟု ပေး၏။ မိဖုရားက ယခုမလိုပါ၊ လိုသော အချိန်တွင်မှ တောင်းပါမည်ဟု ကတိပြုထားသည်။
သူရိယကုမာရ အရွယ်ရောက်လျှင် မိဖုရားက အိမ်ရှေ့မင်းအရာကို တောင်းတော့၏။ မင်းကြီးက သားတော်ရှိသေးသည် အခြားဆုကို တောင်းပါဟုဆို၏။ မိဖုရားက သူ့သားတော်ကိုသာ အိမ်ရှေ့မင်းအဖြစ် ပေးပါဟု ထပ်တလဲလဲ လျှောက်ထား၏။ မင်းကြီးသည် မိန်းမတို့၏ စိတ်အကြံကား ကောက်ကျစ်၏။ သားတော်ကြီး အသက်အန္တရာယ်ကို စိုးရိမ်နေရပေပြီဟု သားတော်နှစ်ပါးအား အကျိုးအကြောင်း ပြောပြပြီး တောတွင်း၌ သွားနေကြ၊ ငါသေလွန်သောအခါ ပြန်လာ၍ မင်းပြုကြဟု မှားကြား၍ လွှတ်လိုက်၏။
သားတော်ကြီးနှစ်ပါး တောထဲသွားကြ၏။ သူရိယကုမာရမြင်၍ သူပါလိုက်မည်ဟု အတင်းလိုက်၏။ တားမြစ်သော်လည်း မရ၊ ဟိမ၀န္တာသို့ ရောက်ကြ၏။
ဘုရားလောင်း မဟိံသ မင်းသားသည် သစ်ပင်ရိပ်တွင်နားရင်း ရေဆာကြောင်း ပြော၏။ ညီအငယ်ဆုံး သူရိယမင်းသားကို ရေရှာလွှတ်၏။ ချိုးခဲ့၊ သုံးခဲ့ ယူဆောင်ခဲ့ရန် မှာလိုက်၏။
ထိုအနီးရှိ ရေအိုင်သည် ဒကရက္ခိုက် ဘီလူးသည် ဝေဿ၀ဏ်နတ်မင်းထံမှာ အပိုင်ရထား၏။ သို့သော် ကန်တွင်း ဆင်းလာမိသူသည် ဒေ၀ဓမ္မတရားကို မသိသူကိုသာ စားရမည်ဖြစ်၏။ သူရိယကုမာရမင်းသားသည် ရေကန်ထဲဆင်း၏။ ဘီလူးက ဖမ်း၍ ဒေ၀ဓမ္မတရားမေး၏။ သူရိယကုမာရလည်း မသိ၍ `ဒေ၀ဓမ္မ နေနှင့်လ´ဟု ဖြေ၏။ မမှန်၍ ဖမ်းဆီးထား၏။
သူရိယမင်းသား အချိန်ကြာ၍ စန္ဒကုမာရကို လွှတ်လိုက်၏။ ရေအိုင်အဆင်းတွင် ရေအိုင်စောင့် ဘီလူးကဖမ်းဆီး၍ ဒေ၀ဓမ္မတရားကိုမေး၏။ စန္ဒကုမာရက (ဒေ၀ဓမ္မသည် အရပ်လေးမျက်နှာ)ဟု ဖြေ၏။ မမှန်၍ ဖမ်းဆီးထား၏။
စန္ဒကုမာရ ပြန်မလာ၍ ဘုရားလောင်း မဟိံသမင်းသားသည် ရေအိုင်သို့လိုက်၏။ အန္တရာယ်ရှိနေပြီဟု သိ၏။ ညီတော်နှစ်ယောက်၏ ဆင်းခြေရာကိုသာတွေ့၍ တက်ခြေရာကိုမူ မတွေ.သဖြင့် ရေစောင့်ဘီလူးရှိသော ရေအိုင်ဟုသိ၏။
ဘီလူးသည် မင်းသား ရေအိုင်တွင်းမဆင်း၍ မုဆိုးယောင်ဆောင်ပြီး မဟိံသမင်းသားအား ရေချိုးရန်တိုက်တွန်း၏။ မဟိ့ သသည် ဤသူကား ရေစောင့်ဘီလူးပင် ဖြစ်မည်ထင်၍ မေး၏။ မုဆိုးက ရေစောင့်ဘီလူး ဖြစ်သည်။ ရေကန်တွင်း ဆင်းသော မင်းသားနှစ်ပါးကို ဒေ၀ဓမ္မတရားမသိ၍ ငါဖမ်းထားသည်ဟု ပြော၏။
မဟိံသမင်းသားက `ဒေ၀ဓမ္မကို ငါသိသည်၊ သင်နာကြားမည်လား၊ နာကြားလိုက ငါဟောမည်´ဟု ဆို၏။ ဘီလူးက နာကြားလိုပါသည်ဆိုလျှင် ငါ့ကိုယ်သည် ညစ်နွမ်းနေသည်။ ရေချိုးပြီးမှ ဟောမည်ဆို၍ ဒကရက္ခိုက်သည် ဘုရားလောင်းအား ရေချိုးစေပြီး ပလ္လင်ကို ခင်းပေး၏။ ဘုရားလောင်းသည် ရိုသေစွာ နာလော့ဟုဆို၍ (မကောင်းမှုကို ပြုရမှာ ရှက်သင့်ကြောက့်သင့်ကြောင်း) ဟောကြားပြီး-
လောက၌ ရှက်တတ်ခြင်း၊ ကြောက်တတ်ခြင်း တရားနှင့် ပြည့်စုံကြသော၊ စင်ကြယ်သော ကုသိုလ်တရားတို့နှင့် ပြည့်စုံကုန်သော၊ ငြိမ်သက်သော ကာယကံ အစရှိသည်တို့နှင့် ပြည့်စုံကုန်သော သူတော်ကောင်းတို့ကို ဒေ၀ဓမ္မဟူ၍ ဆိုအပ်ကုန်၏။
ထိုနောက် ကျယ်ဝန်းစွာ ဆက်လက်ဟောကြားသည်။ ဘီလူးသည် ဘုရားလောင်း မဟိံသမင်းသားအား ကြည်ညိုလှ၍ ညီတော်နှစ်ယောက်အနက် တစ်ယောက်ကိုပေးမည်။ ကြိုက်ရာညီကို ယူလော့ဟုဆို၏။ မဟိံသမင်းသားသည် ညီထွေးသူရိယကုမာရကို ရယူခဲ့ဟုဆို၏။ ဘီလူးက `သင်သည် ဒေ၀ဓမ္မတရားကိုကားသိ၏။ မလိုက်နာ၊ ညီအကြီးကိုထား၍ ညီထွေးကိုထား၍ ညီထွေးကို တောင်းသော သင်သည် ကြီးသူတို့အား ပူဇော်သမှုမပြု´ဟု ဆို၏။
`ဘီလူး ငါသည် ဒေ၀ဓမ္မ တရားကို သိလည်းသိ၏။ ကျင့်လည်းကျင့်၏။ ငါတို့ တောထဲလာရသည်မှာ ညီထွေးကြောင့်ဖြစ်သည်။ ညီထွေးက အတင်းလိုက်၍ ပါလာရသည်ကို မည်သူမျှမသိ၊ ညီထွေးမပါဘဲ မြို့သို့ပြန်လျှင် ညီထွေးကို ဘီလူးစားသည်ဟုဆိုလျှင် ဘယ်သူကမှ ယုံကြည့်မည်မဟုတ်၊ သို့ဖြစ်၍ သူတစ်ပါးတို့ ကဲ့ရဲ့ခြင်းဘေးမှ ကြောက်သဖြင့် ညီထွေး သူရိယကုမာရကိုသာ တောင်းခြင်းဖြစ်သည်ဟု ဘုရားလောင်းဆို၏။
ဘီလူးသည် ကြည်ညိုလွန်းလှ၍ ညီငယ်နှစ်ယောက်စလုံးလွှတ်ပေး၏။
မဟိံသမင်းသားသည် ဘီလူးအား သင်သည် ရှေးဘ၀ မကောင်းမှုကံကြောင့် သားစားဘီလူးဖြစ်ရသည်။ ယခုလည်း မကောင်းမှုပြုပြန်၏။ ငရဲအစရှိသည်တို့မှ မလွတ်၊ မကောင်းမှုကို ပယ်လော့ဟု ဆုံးမရာ ဘီလူးအကျွတ်တရားရ၍ မင်းသားသုံးပါးကို ကောင်းစွာစောင့်ရှောက် လုပ်ကျွေး၍ ထား၏။ ကာလကြာ၍ ဗာရာဏသီမင်းကြီး သေလွန်လျှင် ဘီလူးကိုပါခေါ်၍ မင်းအဖြစ် ယူပြီးနောက် စန္ဒကုမာရကို အိမ်ရှေ့မင်း၊ သူရိယကုမာရကို စစ်သူကြီးအရာထား၍ ဘီလူးအတွက် နေရာပြုပြင်စီမံထားပြီး ထမင်းဦး၊ ပန်းဦးပေးစေသည်။
ဤဓမ္မဒေသနာတွင် သစ္စာပြုလျှင် ထိုရဟန်း သောတာပတ္တိ ဖိုလ်၌ တည်လေ၏။
***ဇာတ်ပေါင်းသော်***
ဒကရက္ခိုက်ဘီလူးသည် - ပစ္စည်းပေါများသော ရဟန်း
သူရိယကုမာရသည် - အာနန္ဒာ
စန္ဒကုမာရသည် - သာရိပုတ္တရာ
မဟိံသမင်းသည် - ငါဘုရားဖြစ်သည်ဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင်- ဆန်းညွန့်ဦး ***
***ရှက်ကြပါ၊ ကြောက်ကြပါ***

No comments:
Post a Comment