***(ဇာ- ၃၅၊ သ၀ဋကဇာတ်) ပစ္စုပ္ပန် ၀တ္ထု***
မာဂဓတိုင်း၌ ဒေသစာရီကြွချီတော်မူစဉ် တောမီးကြီး အံ့သြဖွယ်ရာ ငြိမ်းခြင်းကို အကြောင်းပြု၍ ဟောကြားတော်မူ၏။ (အကျယ်ကိုဆိုရသော် မြတ်စွာဘုရားနှင့် သံဃာတော် ငါးရာတို့သည် မာဂဓတိုင်းသို့ ဒေသစာရီ ကြွချီတော်မူစဉ် တောလမ်းခရီးအကြား၌ တောမီးကြီး ပတ်ပတ်လည် လောင်သည်ကို ကြုံရလေ၏။ တောမီးကြီးသည် အလိပ်လိုက် ပြေးလာသကဲ့သို့ မြင်ကြရသော ပုထုဇဉ်ရဟန်းအချို့သည် ကြောက်လန့်၍ (မီးကို မီးနှင့်တိုက်ရသည်)ဟု ပြေးလာသော တောမီးကို မီးကြိုနှင့် တိုက်ရန် မီးခတ်ကျောက်နှင့် မီးခတ်ကြသည်။
***မြတ်စွာဘုရား၏ အစွမ်းကို မသိကြသလော***
ထိုအခါ အခြားရဟန်းများက…. `ငါ့အရှင်တို့- သင်တို့ ဘာတွေလုပ်နေကြသနည်း။ လမင်းကြီး ရှိပါလျက် လကိုမမြင်၊ နေမင်းကြီး ရှိပါလျက် နေကိုမမြင်၊ ကမ်းနားမှာ နေပါလျက်နှင့် သမုဒ္ဒရာကိုမမြင်၊ မြင်းမိုရ်တောင်ကို မှီနေပါလျက် မြင်းမိုရ်တောင်ကို မမြင်သူ ကဲ့သို့ ပြုမူနေကြသည်။ နတ်ထက်မြတ်လှသော မြတ်စွာဘုရား ရှေ့တော်မှောက်သို့ သွားကြပါအံ့´ ဟု မြတ်စွာဘုရားထံ ရဟန်းအပေါင်းတို့ ၀ိုင်း၍ နေကြ၏။
တောမီးသည် မြတ်စွာဘုရားရပ်တောမူရာ နေရာ၏ ပတ်လည် တစ်ဆယ့်ခြောက်ပယ်မျှသော နေရာရောက်လျှင် ရေနှင့် သတ်လိုက်သကဲ့သို့ ငြိမ်းသွား၏။
ရဟန်း အပေါင်းတို့သည် အံ့သြလှစွာ မြတ်စွာဘုရား၏။ ကျေးဇူးတော်ကို ပြောကြားနေကြရာ၊ မြတ်စွာဘုရားက….
`ရဟန်းတို့ ဤနေရာတွင် တောမီးငြိမ်း၏။ ငါဘုရား၏ အစွမ်းဟု မထင်ကြနှင့် ဤနေရာတွင် ဘဒ္ဒကမ္ဘာပတ်လုံး မီးမလောင်သောနေရာ ဖြစ်၏။´ဟု မိန့်တော်မူရာ….
အရှင်အာနန္ဒာ မထေရ်က မြတ်စွာဘုရား ထိုင်တော်မူရန် ဒုကုဋ်ကို လေးထပ်ပြု၍ ခင်း၏။
မြတ်စွာဘုရားသည် ထိုင်တော်မူ၍ အတိတ်ဇာတ်ကို ဟောကြားတော်မူ၏။
***အတိတ်ဇာတ်… ငုံးမင်းသစ္စာ မီးကွင်းဂါထာ***
ရှေးရှေးအခါက မာဂဓတိုင်း အရပ်မှာပင် ဘုရားလောင်းသည်ငုံးဘ၀၌ ဥမှပေါက်ဖွားစအရွယ် ဖြစ်လာ၏။ ထိုအချိန်တွင် နှစ်တိုင်း လောင်နေကျ တောမီးကြီးလောင်လာ၏။ တောမီးကြီး မြည်းဟီးလောင်လာမှုကြောင့် ငှက်အပေါင်းတို့ ထွက်ပြေးကြလေသည်။ ဘုရားလောင်း၏ မိဘတို့လည်း ဘုရားလောင်းကို စွန့်၍ ပြေးကြလေသည်။
ဘုရားလောင်းသည် အသိုက်တွင်းမှ လည်ကိုဆန့်၍ကြည့်လျှင် တောမီးကြီးကို မြင်၍…
`ငါမှာ ပျံစရာ အတောင်လည်း မပေါက်သေး၊ ပြေးစရာ ခြေနှစ်ချောင်းပေါ်တွင်ပင် မရပ်နိုင်သေး၊ ငါ၏ မိဘတို့သည်လည်း ငါ့ကိုပစ်၍ ပြေးကြလေပြီ၊ ငါ့တွင် မှီခိုအားထားစရာ မရှိတော့၊ အဘယ်သို့ လုပ်ရမည်နည်း´ဟု ကြံ၏။
ထိုနောက် ငုံးမင်းသည် အဝေးမှ မီးတောက်ကို ကြည့်၍ အောက်ပါ ဂါထာကို ရွတ်ဆို၏။ သီလနှင့် သစ္စာတို့၏ ဂုဏ်ကျေးဇူးကို အာရုံပြု၍ ရှေးဘုရားရှင်တို့၏ ကျေးဇူးတော်ကို ဆင်ခြင်၏။
ဂါထာတော်များ…
၁။ ။ အတ္ထိ လောကေ သီလဂုဏော။
သစ္စံ သောစေယျနုဒ္ဒယာ။
တေန သစ္စေန ကာဟာမိ။
သစ္စကိရိယ မနုတ္တရံ။
အာဝဇ္ဇေတွာ ဓမ္မဗလံ။
သရိတွာ ပုဗ္ဗကေ ဇိနေ။
သစ္စဗလ မ၀ဿာယ။
သစ္စကိရိယ မကာသဟံ။
သန္တိ ပက္ခာ အပတနာ။
သန္တိ ပါဒါ အ၀ဉ္စနာ။
မာတာပိတာ စ နိက္ခ န္တာ။
ဇာတဝေဒ ပဋိက္ကမ။ ။
၁။ လောကေ၊ လောက၌၊ သီလဂုဏော၊ သီလကျေးဇူးသည်။ သတ္တိ၊ ရှိ၏။ သစ္စံ၊ သစ္စာ၏ ကျေးဇူးသည်။ သတ္တိ၊ ရှိ၏။ သောစေယျ နဒ္ဒယာ၊ သီလ,မေတ္တာ, ကရုဏာ တည်းဟူသော တရားတို့သည်။ သတ္တိ၊ သန္တိ၊ ရှိကုန်၏။ တေန သစ္စေန၊ ထိုသစ္စာစကားဖြင့်။ အနတ္တရံ၊ အတုမရှိမြတ်သော၊ သစ္စကိရိယံ၊ သစ္စာပြုခြင်းကို၊ အဟံ ငါသည်။ ယာဟာမိ ပြုအံ့။
အဟံ၊ ငါသည်။ ဓမ္မဗလံ၊ တရားတော်၏ အစွမ်းကို။ အာ-၀ဇ္ဇေတွာ၊ ဆင်ခြင်၏။ ပုဗ္ဗကေ၊ ရှေးရှေးအခါ၌ ပရိနိဗ္ဗာန်ပြု တော် မူကုန်သော။ ဇိနေ၊ ဘုရားရှင်တို့ကို။ သရိတွာ၊ အာရုံပြု၍၊ သစ္စဗလံ၊ သစ္စာစွမ်းအားကို၊ အ၀ဿာယ၊ မှီ၍၊ သစ္စကိရိယံ၊ သစ္စာပြုခြင်းကို အကာသိံ၊ ပြုဖူးပြီ။
(ဤသို့ သီလ၏ ကျေးဇူး၊ ရှေးဘုရားရှင်တို့၏ ကျေးဇူးတော်တို့ကို ဆင်ခြင်၍ မိမိကိုယ်ကို အာရုံပြု၍ သစ္စာဆိုပြန်၏။)
၂။ ဇာဓာဝေဒ၊ တောမီး၊ မေ၊ ငါ့အား။ ပက္ခာ၊ အတောင်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေဟိ၊ ထိုအတောင်တို့ဖြင့် အပတနာ၊ ကောင်းကင်သို့ ပျံခြင်းငှာ မတတ်နိုင်ကုန်။
မေ၊ ငါအား။ ပါဒါ၊ ခြေတို့သည်။ သန္တိ၊ ရှိကုန်၏။ တေဟိ၊ ထိခြေတို့ဖြင့်။ အ၀ဉ္စနာ၊ မြေ၌သွားခြင်းငှာ မတတ်နိုင်ကုန်။
မေ၊ ငါ၏။ မာတာပိတာ စ၊ မိဘတို့သည်လည်း။ နိက္ခ န္တာ၊ ထွက်ပြေးခဲ့ကုန်၏။ တွံ၊ သင်တောမီးသည်။ ပဋိက္ကမ၊ ရှောင်လေ ဖဲလေတော့။
ဤသို့ ဘုရားလောင်းသည်…………
ငါ့အား အတောင်ရှိလျက် မပျံနိုင်သေး၊
ခြေထောက်ရှိလျက် မပြေးနိုင်သေး၊
ငါ့မိ၊ ငါ့ဖတို့သည် ငါ့ကို အသိုက်၌ ထားပြီး ပြေးကြပြီ၊
ဤမဖောက်မပြန်မှန်ကန်သစ္စာဆိုရသော သစ္စာစကားကြောင့် သင်တောမီးကြီးသည် ဤအရပ်တွင် ရပ်လေတော့။ ဟု အသိုက်မှာ အိပ်လျက်ပင်သစ္စာဆို၏။ ဤသို့သစ္စာဆိုသည်နှင့် တစ်ပြိုင်နက် တစ်ဆယ့်ခြောက်ပယ်သော အရပ်မှာပင် ရေဖြင့်လောင်းလိုက်သကဲ့သို့ ရပ်လေ၏။ ထိုအရပ်သည်၊ ဘဒ္ဒကပ် ကမ္ဘာပတ်လုံး မီးမလောင်နိုင်သော အရပ်၊ တန်ခိုး ရှိသောအရပ်ဖြစ်လာ၏။ (ငုံးမင်းသစ္စာ တည်ကမ္ဘာ)
`ရဟန်းတို့ ဤအရပ်၌ မီးမလောင်ခြင်းသည် ယခု ငါဘုရား၏ အစွမ်းမဟုတ်၊ ဘုရားလောင်းငုံးငယ်ဘ၀၌ ငါဘုရားလောင်း၏ သစ္စာအစွမ်းတည်း´ဟု ဟောတော်မူ၏။
ဇာတ်ပေါင်းသော်…
ထိုအခါက မိဘတို့သည် ယခုဘ၀ မိဘ။
ငုံးမင်းသည် ငါဘုရားဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင်- ဆန်းညွန့်ဦး ***
*** ငုံးမင်းသစ္စာ***

No comments:
Post a Comment