မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေစဉ်- ဗကဗြဟ္မာကြီးအား သူ၏ အတိတ်ဘ၀ကို သတိရစေရန် ဤဇာတ်တော်ကို ဟောတော်မူ၏။
မြတ်စွာဘုရားသည် ဗကဗြဟ္မာကြီးကို ကယ်ချွတ်လိုသည်။ ဗကဗြဟ္မာကြီးရှိရာ အာဘဿရဘုံသို့ ကြွတော်မူသည်။ ဗကဗြဟ္မာကြီးသည် ၀မ်းမြောက်စွာ ကြိုဆိုသည်။ ဗကဗြဟ္မာကြီးသည် သဿတဒိဌိ အယူရှိသည်။ မိမိသည် မအို၊ မနာ၊ မသေ၊ အမြဲတည်နေမည်ဟု အယူရှိ၏။ မိမိဘုံသည် အမြဲနေရသော နိဗ္ဗာန်ဘုံဟု ဆို၏။
မြတ်စွာဘုရားက….
`ဗကဗြဟ္မာကြီးသည် အ၀ိဇ္ဇာအမှောင်ဖုံးလေစွ၊ ဖုံးလေစွ၊ မမြဲသော တရားကို မြဲသည်ဟု ဆို၏။
ဝဋ်ဆင်းရဲမှ လွှတ်မြောက်နိုင်သော တရားကို မသိပေ´ဟု မိန့်တော်မူလျှင် ဗကဗြဟ္မာက…..
`အရှင်ဂေါတမ- ကုသိုလ်ကောင်းမှုရှိသော ကျွန်ုပ်တို့ ခုနစ်ကျိပ် ရှစ်ယောက်သော အာဘဿရဘုံသား ဗြဟ္မာများတို့သည် အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ပဋိသန္ဓေ တစ်ဖန်နေခြင်း မရှိ၊ အဆုံးစွန်သော ဘ၀ဖြစ်သည်´ဟု ပြောသည်။ မြတ်စွာဘုရားက….
`ဗက၊ သင်သည် ဤဗြဟ္မာ့ဘုံ၌ အသက်ရှည်လှပြီ ထင်နေ၏။ သင်သည် နိရမ္ဗုဒ တစ်သိန်းမျှသာ အသက်ရှည်၏။ ဇာတိ၊ ဇရာ၊ မရဏတို့ကို သင်မလွန်မြောက်နိုင်သေး၊ အမှန်မုချ သင် သေရမည်သာတည်း။ သင်၏ အသက်ကြွင်းကိုမှ မမြင်အောင် ပညာကင်းလှ၏။´ဟု မိန့်တော်မူလျှင်
ဗကဗြဟ္မာက….
`အို…. အရှင်ဂေါတမ၊ သင်တို့သည် အဆုံးမရှိသော် တရားကို မြင်သော ဘုရားဖြစ်သည်။ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ စိုးရိမ်မှုပူဆွေးခြင်းတို့မှ လွှတ်မြောက်ပြီဟု ၀န်ခံသည် မှန်သော် အကျွန်ုပ်၏ ရှေးသီလကို ပြောကြားပါ´ဟု ဆိုသဖြင့် မြတ်စွာဘုရားသည် ဗက၏။ အတိတ်ဇာတ်ကို ဟောကြားတော်မူလေသည်။
***အတိတ်ဇာတ်**
`ဗက- သင်သည် တစ်ခုသော ကမ္ဘာ၌ ကေသ၀ရသေ့ဖြစ်ခဲ့၏။ တစ်နေ့၌ လှည်းကုန်သည်ငါးရာ သဲကန္တာရတွင် ခုနစ်ရက်ပတ်လုံး မျက်စိလည်၍ အစာငတ် ရေငတ်ဖြစ်ကာ ပူလွန်းလှသဖြင့် ငါတို့မုချသေရတော့မည်ဟု စိုးရိမ်ကြီးစွာဖြင့် လှည်းတို့ကို ချွတ်ပြီး လှည်းအောက်မှာ အိပ်နေကြသည်။
***ရေအလှူ***.
ကေသ၀ ရသေ့သည် လှည်းကုန်သည်တို့ကို မပျက်စီးစေရန် မိမိတန်ခိုးဖြင့် ဂင်္ဂါမြစ်ရေကို လှည်းကုန်သည်တို့အနီးသို့ စီးဝင်စေသည်။ အပွင့်အသီးများ တောအုပ်ကို ဖန်ဆင်းပေးသည်။ လှည်းသား ငါးရာ နွားရောလူပါ အသက်ချမ်းသာ ခဲ့ကြသည်။ ဤကား သင်၏ရှေးဦးစွာ ကုသိုလ်ဟောင်းတည်း။
`အို… ဗကဗြဟ္မာ၊ သင်၏ ရှေးကသီလကို ငါဘုရားသည် အိပ်မက်မြင်မက်ပြီး အိပ်ယာမှနိုးလာသူကဲ့သို့ အောက်မေ့ မှတ်မိနိုင်သည်´
***လူဆိုးရန်မှ ကယ်ခဲ့ပုံ***
တစ်ခါတွင် ကေသ၀ ရသေ့သည် ဇဏီမြစ်ကမ်းအနီး၌ နေသည်။ လူဆိုးများသည် ရွာကို လုယက် ဖျက်ဆီးပြီး လူနှင့် ကျွဲ နွားပါ မကျန် ခေါ်ဆောင်ကာ လမ်းခရီးတွင်ကင်းချပြီး တောင်ခေါင်း၌ ၀င်ထမင်းချက်ကြသည်။
ဖမ်းဆီးခေါ်ဆောင်ခံခဲ့ကြရသော လူသံ သူသံ၊ ကလေးသံ ကျွဲ နွား အသံတို့ဖြင့် ငိုသံ၊ ညည်းသံတို့ကို ကြား၍ အသက်ပေါင်းများစွာကို ကယ်တင်ရန် ကေသ၀ ရသေ့သည် စစ်အင်္ဂါအပြည့်အစုံနှင့် မိမိကိုယ်ကို မင်းအသွင် ဖန်ဆင်းကာ ထိုသူတို့နေရာ အနီးသို့ သွားသည်။
ကင်းစောင့်သည် မင်းနှင့်တကွ စစ်တပ်ကြီး ချီလာပြီဟု အကြောင်းကြားရာ ခိုးသူတို့သည် ချက်ပြီးထမင်းကိုပင် မစားနိုင်ဘဲ ထွက်ပြေးကြလေသည်။
ဤကား နှစ်ကြိမ်မြောက် သင်၏ ကုသိုလ်ဟောင်းတည်း။
`အို…. ဗကဗြဟ္မာ သင်၏ ရှေးကုသိုလ်အကျင့်ကို ငါဘုရားသည် အိပ်မက် မြင်မက်ပြီး အိပ်ရာမှ နိုးလာသူကဲ့သို့ အောက်မေ့မှတ်မိနိုင်သည်။´
**နဂါးရန်မှ ကယ်ခဲ့ပုံ***
နောက်တစ်ခါ ကေသ၀ ရသေ့သည် ဂင်္ဂါမြစ်အနီး၌ နေစဉ်- လူတို့သည် မူးယစ်သောက်စားကာ မြစ်ကြီးကို ဖြတ်၍ကူးကြသည်။ စားကြွင်း၊ သောက်ကြွင်းတို့ကို ဂင်္ဂါမြစ်တွင်း ပစ်ချကြရာ မြစ်တွင်းမှ နဂါးတို့၏ ဦးခေါင်းပေါ်ကျလေသည်။
ဂင်္ဂေယျနဂါးမင်းသည် စိတ်ဆိုး၏။ လူတို့ကို ရေ၌နှစ်သတ်ရန် သူ၏ ကိုယ်ကို ပိန်းကောလှေကြီးဟန် ဖန်ဆင်းပြီး ပါးပျဉ်းထောင်ကာ ရေထဲမှ ပေါ်လာ လေသည်။ လတို့သည် ကြောက်လန့် ငိုကြွေး အော်ဟစ်ကြသည်။ ကေသ၀ ရသေ့သည် လူတို့ကို ကယ်ဆယ်သည်။ ဈာန်ဝင်စား၍ ဂဠုန်သဏ္ဍာန် ဖန်ဆင်းသည်။ နဂါးမင်းမြင်လျှင် ရေထဲသို့ ငုတ်လျှိုးပြေးသည်။
ဤကား… `သင်၏ ကုသိုလ်ဟောင်းတည်း´
အို… ဗကဗြဟ္မာ သင်၏ ရှေးအကျင့်သီလကို ငါဘုရားသည် အိပ်မက်မြင်မက်ပြီး နိုးလာသူကဲ့သို့ အောက်မေ့မှတ်မိနေသည်´ဟု မိန့်တော်မူသည်။
ကေသ၀နှင့် ကပ္ပရသေ့ဘ၀….
သင်သည် ကေသ၀ ရသေ့ဘ၀။
ငါဘုရားသည် သင်၏ တပည့်ကြီး ကပ္ပ ရသေ့ဖြစ်သည်။ ဆရာကေသ၀၏ အမှုကြီးငယ်ကို ပြုစုသည်။ တစ်ချိန်တွင် ဗာရာဏသီသို့ ဆွမ်းခံကြွကြသည်။ ဗာရာဏသီမင်း ပင့်၍ ကေသ၀ ရသေ့သည် ဥယျာဉ်၌ နေခဲ့သည်။
**စိတ်လည်းချမ်းသာ ကိုယ်ကျန်းမာ***
ငါကပ္ပ ရသေ့နှင့် တပည့်ရသေ့များ ပြန်လာကြသည်။ သင် နားမကျန်း၍ နာရဒအမတ်က ဟိမ၀န္တာသို့ ပို့သည်။ နာရဒအမတ် နောက်တစ်ခေါက် ပြန်ရောက်လာသည်။ နာရဒအမတ် တအံ့တသြနှင့် လျှောက်ထားသည်။ `အရာရာနှင့် ပြည့်စုံသော လူမင်းထံ မနေနိုင်ဘဲ၊ အဘယ့်ကြောင့် ကပ္ပ ရသေ့၏ ကျောင်းသင်္ခမ်းကို ပိုမို နှစ်သက်ပါသနည်း´ ထိုအခါ ကေသ၀ ရသေ့က….
`နာရဒအမတ်၊ ကပ္ပရသေ့၏ ကျောင်းသင်္ခမ်း၌ မွေ့လျော်ဖွယ်သော သစ်ပင်တို့ရှိကြသည်။ ကပ္ပ ရသေ့၏ နှစ်သက်လိုဖွယ်သော ပြောဆိုမှုသည်လည်း ငါ့ကိုမွေ့လျော်စေသည်´ ဟုချစ်ခင်သူနှင့် အတူနေရခြင်းက စိတ်ချမ်းသာ၍ ကိုယ်ကျမ်းမာစေကြောင်းကို နာရဒအမတ်အား ပြောကြားခဲ့သည်။
့ဤသို့လျှင် မြတ်စွာဘုရားသည် ဗကဗြဟ္မာကြီးအား ကပ္ပရသေ့ဖြစ်စဉ်က ရောဂါပျောက်ငြိမ်းစေသည့်အဖြစ်ကို ဟောကြားတော်မူလေသည်။
**ဗကဗြဟ္မာကြီး အရှုံးပေးခြင်း***
ဗကဗြဟ္မာကြီးသည် မြတ်စွာဘုရား ဟောကြားစဉ်ကပင် ရှေးလူ့ပြည်၌ပြုခဲ့သည့် ကောင်းမှုအလုံးစုံကို သတိရလေသည်။
မိမိ၏ သဿတဒိဋ္ဌိ အယူဟောင်းကို စွန့်ပယ်၍ မြတ်စွာဘုရား၏ အဆုံးအမကို နာခံတော့မည်ဖြစ်ကြောင်း ၀န်ခံသည်။
မြတ်စွာဘုရားသည် တရားတော်ကို ဟောကြား၍ သစ္စာကိုပြ၏ အဆုံး၌ ဗကဗြဟ္မာကြီးနှင့်တကွ ဗြဟ္မာအများ အာသဝေါကုန်ခန်းကြသည်။
မြတ်စွာဘုရားသည် ဗြဟ္မာ့ပြည်မှ ဇေတ၀န် ကျောင်းတော်သို့ ပြန်လည်ကြွရောက်သောအခါ ရဟန်းတို့အား ဗကဇာတ်ကို ထပ်မံဟောကြားတော်မူသည်။
ဇာတ်ပေါင်းသော်….
ကေသ၀ရသေ့သည်…. ဗကဗြဟ္မာ။
ကပ္ပရသေ့သည်….ငါဘုရားဟု ဇာတ်တော်ကို ပေါင်း၏
*** ဦးလှခင်- ဆန်းညွန့်ဦး ***
***(သတ္တကနိပါတ်၊ ၄၀၅၊ ဗကဇာတ်)****

No comments:
Post a Comment