ကလိမ်ကကျစ်ကျမဲ့ ရွေးကောက်ပွဲ
လျော့ရဲရဲ ခြေလှမ်းများနဲ့ မဲရုံကို သွားနေပုံက
နွားသတ်ရုံကိုသွားနေတဲ့ နံပတ်တပ်နွားတွေလို
စစ်ကြွေးကြော်သံတွေက အညစ်အကြေးစော်နံနေတယ် ။
**အမှားကို ထောက်ပြရင် မကြိုက်တဲ့သူတွေက
မတရားမှုများ ဇောက်ချပြီး သိပ်မိုက်နေကြတယ် ၊
မလွတ်မလပ် ရှေး ကနည်းတူ မျက်နှာပြောင်တိုက် ထိပ်တိုက် လုပ်ချင်ရာလုပ်
မှောင်မှောင်မဲမဲ နောက်ကနေ မျက်နှာလွှဲခိုက် နောက်ယောင်ခံလိုက် ကြပြန်တယ် ၊
အကျဉ်းကျနေစဲ အမျိုးသားပြန်လည်သင့်မြတ်ရေး မယုံသင်္ကာ ရင်လေးနေတယ် ။
**ပစ်သတ်ကာ အာဏာထူမဲ့ ဖွဲ့စည်းပုံက
ညစ်ပတ်တာ မာယာတွေနဲ့ မယုံကြည်ရ
စစ်တပ်က ပါဝါယူရင် ဘ၀များရွဲ့ပြီး မလုံခြုံတော့
နာဂစ်ကြောင့် လူတွေ အစုလိုက်အပြုံလိုက် သေမင်းလက်ထဲကျနေချိန်
လူမကြိုက်တဲ့ စစ်ဖွဲ့စည်းပုံနဲ့ ပြည်သူကို သေတွင်းထဲ တွန်းပို့တော့မယ်။
**စီးပွားရေးသမားများ ပစ္စည်းတွေရောင်းအားကောင်းဖို့
ချစ်သူများနေ့ကို ဖန်တီးတယ် ၊
လက်နက်ပွဲစားများ စစ်လက်နက်တွေ အရောင်းသွက်ဖို့
အမုန်း စစ်ပွဲများကို ဖန်တီးတယ် ။
**နိုင်ငံတကာက လူထုကျန်းမာရေးကို အလေးထားနေချိန်
မြန်မာစစ်တပ်က ပြည်သူများအား ဘယ်လိုဖိနှိပ်ရမလဲ စဉ်းစားနေတယ် ။
**မလှမပ နိုင်ငံရေး အသွင်အပြင်က
စိတ်ငြိမ်ဆေးသောက်ထားတဲ့ အရူးတစ်ယောက် စိတ်မဖောက်ခင် ငြိမ်သက်နေသလိုမျိုး၊
အညတရ ဘ၀အရေး ခံနိုင်ရည်ကင်းမဲ့ကာ
အရင်လင်နဲ့ရထားတဲ့ကလေးတစ်ယောက် ပြဿနာမီးတောက် အိမ်ပေါ်ရောက်လာသလိုမျိုး ၊
စစ်ရေတိမ်နစ်နေတဲ့ အဖြစ်ကို အသံကုန်မြှင့်
အပြစ် အမှောင်တိမ်တွေ ဖယ်ရှားဖို့ အလံကို လွှင့်ခဲ့ပြီ ။
**ဖရိုဖရဲ အကြားအမြင်များကို ပြောလို့
နဂိုကတည်းက တအားပင်ပမ်းကာ အမောဆို့
နေ့စဉ်ရက်ဆက် အဆိုးများမြင် ဒေါသတွေထွက် ဝေဒနာဖက်
ထွက်စရာဒေါသများကုန်မှာစိုးလို့ မနက်ဖြန်အတွက် ချွေတာနေရတယ် ။
**ဖုန်တထောင်းထောင်းထ ပြီး ခေတ်နောက်ကြောင်း ပြန်မောင်းတဲ့လှည်းလို အမိမြေမှာ
မရှိမဲ့ ရှိမဲ့ ဒုက္ခသည် အိမ်ယာကို မီးလောင်သလို ၊
ဒဏ်ရာရထားတဲ့သူ တွေ မတရား ဒဏ်ရိုက်ခံရသလို ၊
လာဘ်လာဘတိုးဖို့ လာဘ်ထိုးနေကြ သလို ၊
သူခိုးကို ဓားရိုးကမ်းယုံမက အနုမြူဗုံးပါ ကမ်းချင်တဲ့ ခေတ်ဆိုး
ကိုယ်ယောင်ဖျောက်နေတဲ့ ငြိမ်းချမ်းရေးကိုပဲ
ခေါင်းမီးတောက်ကာ အာသာငမ်းငမ်းတက် ဖွေရှာနေတယ် ။
***အောင်ခိုင်မြင့်**
**မငြိမ်မသက်ဖြစ်မဲ့ အတွေးများ ပေါက်ကွဲ

No comments:
Post a Comment