***အမေ့ကို သတိရ***
ဒီလိုကိစ္စတွေ ပေါ်လာတော့ မွေးမိခင်ကို သတိရမိတယ်။ အမေက ဆွေမျိုးတွေအကြောင်း ပြောပြောပြတတ်လေတော့ တချို့ဆို လူမမြင်ဖူးတာတောင် နာမည်တွေ ခုထိမှတ်မနေသေးတယ်။ စာရေးဆရာကြီးဂျိမ်းစ်လှကျော်ဆိုတာ အဖေ့ဘက်က အမျိုးဖြစ်တဲ့အကြောင်းလည်း အမေပြောလို့ သိခဲ့ရတာ။ ဆွေမျိုးတွေအကြောင်း အမေ့ထက်ပိုပြီး ပြောလေ့ရှိတာက အမေနဲ့အတူ
နေခဲ့တဲ့ အမေ့အစ်မ၀မ်းကွဲ၊ ဆရာကြီး ရွှေဥဒေါင်းရဲ့ နှမ၀မ်းကွဲ၊ `ကြီးဒေါ်ဇင်´ဖြစ်တယ်။ ကြီးတော်က အားနေတဲ့သူဆိုတော့ ရှေးဟောင်း နှောင်းဖြစ်တွေနဲ့ ဆွေမျိုးအကြောင်းတွေ အမြဲပြောနေတတ်တာကြောင့် ဘယ်သူက ဘယ်လိုတော်တယ်ဆိုတာတွေ ငယ်ငယ်က ကောင်းကောင်း သိခဲ့ရတယ်။ ကိုယ်တိုင် အသက်ကြီးလာတော့လည်း မေ့တာတွေ မေ့ကုန်ပြီပေါ့လေ။
***ဆွေဆက် မျိုးဆက်ပြတ်***
အခု သမီးတို့ လက်ထက်ကျတော့ ဆွေဆက်မျိုးဆက် တော်တော်ပြတ်သလောက် ဖြစ်သွားတယ်။ သူတို့ ဆွေမျိုးတွေချင်း မျက်နှာချင်းဆိုင် တွေ့တာတောင် ဆွေမျိုးမှန်း သိကြမှာ မဟုတ်တော့ဘူး။ မြို့ပြယဉ်ကျေးမှုနဲ့ မြို့နေလူသားများရဲ့ သဘာဝကြောင့်လို့ ဆိုရတော့မှာပဲ။ ရှေးကလို ဆွေတွေမျိုးတွေ သွားသွားလာလာ မလုပ်နိုင်ကြတော့ဘူးလေ။ ဒီလိုနဲ့ပဲ နောက်မျိုးဆက်တွေ ခေတ်ရောက်တော့ မမြင်ဖူး မတွေ့ဖူးကြတော့ဘူး။ တစိမ်းတွေ ဖြစ်ကုန်ကြတော့တယ်။ အမေနဲ့ ကြီးဒေါ်က တစ်သက်လုံး ဆရာကြီးရွှေဥဒေါင်းနဲ့ အနေနီးခဲ့ကြတယ်။ နှမတွေထဲမှာ ဆရာကြီးက အမေ့ကို အနေအထိုင် တည်ကြည်လို့ ဆိုပြီး အတော်ချစ်တယ်။ အမေတော့ `တနင်္ကသီ´ရွာ ဘယ်နားမှာလဲ သိလိမ့်မယ်ထင်တယ်။ ဒါကြောင့် အမေ့ကို သတိရမိတာဖြစ်မယ်။
***ဒေါ်ဒေါ့်ကို တမ်းတ***
အလားတူပဲ ရှေးဆရာကြီးတွေရေးတဲ့ စာတွေဖတ်ရင်း မသိတဲ့ စကားလုံး အသုံးအနှုန်းတွေ တွေ့ရတဲ့ အခါတိုင်းမှာ ဒေါ်ဒေါ် (လူထုဒေါ်အမာ)ကို တမ်းတမိတယ်။ ဒေါ်ဒေါ်ရှိနေစဉ်ကတော့ လွယ်လိုက်တာ။ မသိတာရှိရင်ဖ်ုနုးဆက်ပြီး ဒေါ်ဒေါ့်ကို လှမ်းမေးလိုက်ရုံပဲ။ ဒေါ်ဒေါ်က အမေစုရဲ့ သမီး ပီသတော့ စကားလုံး သိပ်ကြွယ်ဝတယ်။ အခိုင်းအနှိုင်းလေးတွေနဲ့ ပြောတတ်တယ်။ ဥပမာ- မောင်မိုးသူ ကွမ်းတဖေါင်ဖေါင် စားတာကို `အင်း ပါးစပ်က ရဲပတောင်း ထနေလိုက်တာ ထွေးခံကြီး ကျနေတာပဲ´ ဆိုတာမျိုး ပြောတတ်တယ်။ ရယ်လည်းရယ်ရ မှတ်သားစရာလည်းရတယ်။ အခုတော့ မေးစရာလူ မရှိတော့ဘူး။ သတိရလိုက်တာ ဒေါ်ဒေါ်ရယ်။ မသိတာတွေကို မသိတဲ့ အတိုင်းပဲ နေလိုက်ရတော့တယ်။ အခုတော့ ကိုယ်က လူကြီးတန်းရောက်နေပြီဖြစ်တော့ ဘယ်သူ့မှ မေးစရာ မရှိတော့ဘူးလေ။
***မိတ်ဆွေကြီး ဦးသန်းညွန့်***
ဒေါ်ဒေါ့်ကိုသာ မဟုတ်ဘူး။ တစ်ခါတလေကျတော့ မိတ်ဆွေကြီး မြန်မာ့အလင်း ဦးသန်းညွန့်ကိုတောင် ပြေးပြီး သတိရလိုက်သေးတာ။ သူက တစ်ပတ်တစ်ခါ မှန်မှန်လာနေကျ။ တစ်ခါတလေများ သူ့ရင်ထဲမှာ `ကျလိ ကျလိ´ဖြစ်နေတဲ့ ပြောစရာ တစ်ခုခုရှိလာရင် တစ်နေ့တည်းတောင် နှစ်ခေါက်ရောက်ချင် ရောက်လာလေ့ရှိတယ်။ သူက လုပ်ဖော်ကိုင်ဖက်ကို ရွယ်တူတန်းတူ တစ်ယောက်လို ပေါင်းတာဖြစ်ပေမယ့်။ အသက်အရွယ်အရရော သတင်းစာဝါအရရော အများကြီး ကွာသူဖြစ်ပါတယ်။ အတူတွဲပြီး အလုပ်ခဲ့ဖူးပေမယ့် ကြားဆရာတစ်ယောက်လို့ ပြောရမယ့်သူပါ။ သူလာရင် ကိုယ်မမီလိုက်တဲ့ မြန်မာ့အလင်းအကြောင်းတို့ ဂျာနယ်ကျော်အကြောင်းတို့ မေးရသလို မြန်မာ့အလင်း ဦးတင်တို့ ဆရာရွှေပိန်သောင်းတို့ ဆရာဂျာနယ်ကျော် ဦးချစ်မောင်တို့ အကြောင်းတွေကို စူးစမ်းမှတ်သားရပါတယ်။ သူကတော့ သမိုင်းကြောင်း ရေးသူတွေ သမိုင်းကိုလိမ်ပြီး ကိုယ်ရည်သွေးရေးတာတွေ ဖတ်ရရင် မခံမရပ်နိုင်ဖြစ်ပြီး အဖြစ်မှန်တွေကို ပြောပြလေ့ ရှိပါတယ်။ ခုတော့ သမိုင်းလိမ်ကို တွေ့တာတောင် မေးစရာလူ မရှိတော့ဘူး။ မိတ်ဆွေကြီးကိုပဲ တမ်းတနေရတော့တယ်။
***ဆရာလို ချစ်တယ်***
ကိုယ်တိုင်က အခုဆိုရင် လူငယ်စာနယ်ဇင်းသမားတွေ လာလာမေးနေကြတဲ့ အမေးခံအရွယ်ရောက်နေပြီလေ။ ကိုယ်ကမေးရမြန်းရမယ့်သူတော့ ဘယ်သူမှ မရှိတော့ဘူး။ အခုအချိန်မှာ အလိုချင်ဆုံး အတောင့်တဆုံး အရာကတော့ ကိုယ်က ဆရာနေရာထားပြီး မေးရမြန်းရမယ့် ပုဂ္ဂိုလ်မျိုးပဲဖြစ်တယ်။ စိတ်ထဲမှာ မတင်မကျဖြစ်နေတဲ့ ဆုံးဖြတ်စရာ တစ်ခုခု ရှိနေတဲ့ အခါမျိုးမှာ စိတ်ချယုံကြည်စွာနဲ့ အဆုံးအဖြတ် ပြုပေးပါလို့ ပြောနိုင်တဲ့ဆရာမျိုး သိပ်လိုချင်နေမိတယ်။ ရှေးကတော့ ဦးလေးလှတို့ ဒေါ်ဒေါ်မာတို့လို လူကြီးတွေက အမြဲတမ်း ဆုံးဖြတ်ပေးနေကြဆိုတော့ ဘာမှ ပူမနေရဘူး။ စိတ်မှာမှန်တယ်ထင်တဲ့ အတိုင်းသာရေးလိုက်။ ဦးလေး ဒေါ်ဒေါ်တို့က ဖတ်ကြည့်သေးတာဆိုတော့ မှားနေရင်တောင် စာမျက်နှာပေါ် ရောက်မသွားဘူးလေ။ ဒီတော့ ဘာအန္တရာယ်မှလည်း မရှိသလို ဘယ်သူ့ကိုမှလည်း ထိခိုက်နစ်နာစရာ ဖြစ်မသွားတော့ဘူးပေါ့။
***တာဝန်ကြီးတယ်***
အခုတော့ ကိုယ်တိုင်က အမေးခံနေရာ ရောက်နေတော့ တာဝန် သိပ်ကြီးတယ်။ ပြောတာမှားသွားရင် အဖတ်ဆယ်လို့ မရနိုင်အောင် ဖြစ်ချင်ဖြစ်သွားမှာ။ လူကြီးတစ်ယောက်က ပြောလိုက်တာဆိုတော့ လူငယ်တွေက ဆန်းစစ်တာတွေ ဘာတွေ သိပ်လုပ်နေကြမှာ မဟုတ်ဘူးလေ။ အရင်ကတော့ အမေမာကို မေးကြည့်ပါ။ မြန်မာ့အလင်း ဦးသန်းညွန့်ဆီ သွားလိုက်ပါလို့ လမ်းညွှန်လို့ ရသေးတယ်။ ခုတော့ အဲဒီလို ယုံကြည်စိတ်ချစွာ လမ်းညွှန်နိုင်သူ ဘယ်သူမှ မရှိတော့ဘူး။ ဒါကြောင့် ကိုယ်က ဆရာတင်ရမယ့်သူ သိပ်လိုချင်နေတာဖြစ်တယ်။
***အဆိပ်ရည်လောင်းသလို***
စာရေးတဲ့အခါမှာလည်း အလားတူပါပဲ။ ကိုယ်ရေးတာမှားသွားရင် လူငယ်တွေခေါင်းထဲ အဆိပ်ရည်တွေ လောင်းထည့်သလို ဖြစ်သွားမှာ။ တာဝန်သိပ်ကြီးလာပါတယ်။ ကိုယ်ရေးသမျှ စာတိုင်းက လူငယ်တွေအတွက် ပြောစရာ (message) တစ်ခုခုပေးဖို့ ရေးတာတွေဖြစ်လေတော့ ပိုပြီးတာဝန်ကြီးတယ်။ မနိုင်ဝန်ကြီး ထမ်းနေရသလို စိတ်ထဲမှာ ၀န်လေးနေမိတယ်။ အဲဒီလို ၀န်လေးလေလေ ဆရာတွေကို တောင့်တမိလေပါပဲ။ ဆရာတွေရှိနေရင် ကိုယ်က ရေသာခိုနေလို့ ရသေးတယ်။ ခုတော့ ဘာကိစ္စပဲရှိရှိ၊ ဘာပြဿနာပဲပေါ်ပေါ် ကိုယ်ကရှောင်နေလို့ မရတော့ဘူး။ တော်တော် စိတ်ပင်ပန်းရပါတယ်။ နဂိုကတည်းက ကျန်းမာရေး မကောင်းတဲ့သူဆိုတော့ ၀န်ထုတ်က ပိုပြီးလေးလံသလို ခံစားရပါတယ်။ ဒါပေမယ့် ဘာမှလည်း မတတ်နိုင်ဘူ။ ဒီအလုပ်ကို ကိုယ်တိုင်ရွေးချယ်လုပ်ခဲ့တာကိုး။ အိပ်ရာထဲ ဘုံးဘုံးလဲမကျ မသွားမချင်းတော့ ဆက်ပြီး လုပ်နေဦးမှာပဲ။ အခုအချိန်မှာ ကိုယ့်ကျန်းမာရေး ပြန်ကောင်းလာဖို့ မမျှော်လင့်ပါဘူး။ ကိုယ့်ဆရာနေရာက နေပေးမယ့် သူမျိုးကိုသာ အမျှော်လင့်ဆုံးဖြစ်နေပါတော့တယ်။
***လူထုစိန်ဝင်း***
မှတ်ချက်။ ။ လူထုရနံ့စာစုများမှ ကူးယူဖော်ပြသည်။
အခုတလော လူကြီးတွေကို မကြာခဏ သတိရနေမိတယ်။ တစ်လောက အိမ်လာလည်တဲ့ ဆွေမျိုးတစ်ယောက်နဲ့ ပတ်သတ်ပြီး `ဘယ်က ဘယ်လို စပ်တော်တာလဲ၊ ဘယ်နှဝမ်းကွဲလဲ´လို့ သမီးဖြစ်သူက မေးလိုက်တာက စလိုက်တာလို့ ထင်ပါတယ်။ ဆွေမျိုးတော်တာရယ်၊ အမေ့ဖက်ကရယ် ဆိုတာလွဲပြီး ဂဃနဏ ပြောမပြတတ်ဘူး။ အဲဒီနောက်တစ်ခါ စာရေးဆရာတစ်ယောက်က `ဆရာကြီး ရွှေဥဒေါင်းရဲ့ မိခင်ဟာအတွင်းတော်ကြီးက စာတော်ဖတ် တနင်္ကသီရွာစားလို့ ဖတ်ဖူးတယ်။ အဲဒါ ဘယ်နားမှာ ရှိတာလဲ´ လို့ လာမေးတော့လည်း ပြောမပြနိုင်ခဲ့ဘူး။

No comments:
Post a Comment