ဆွေမျိုးအရင်းအချာလို ဖြစ်နေတဲ့ အစ်မကြီးတစ်ယောက် တစ်ရက်မှာ အိမ်ရောက်လာပြီး တိုင်ပင်ပါတယ်။ ဆုံးပါး သွားတာ နှစ်အနည်းပဲ ရှိသေးတဲ့ ခင်ပွန်းသည်နဲ့ အယူအဆရေးရာမှာ ပြဒါးတစ်လမ်း သံတစ်လင်း ဖြစ်နေတဲ့ ပုဂိုလ်တစ်ယောက်က ခင်ပွန်းသည် နှစ်လည်နေ့မှာ လာကန်တော့တာနဲ့ ပတ်သက်ပြီး၊ မိတ်ဆွေ တချို့က ဝေဖန် ပြောကြားတာတွေ ရှိနေတာ ဘယ်လိုလုပ်ရမလဲ မသိလို့ စိတ်ရှုတ်နေရကြောင်း ရှင်းပြ ပါတယ်။
မိဘနဲ့ သားသမီးတောင်အမြင်မတူ…
လာကန်တော့တဲ့ ပုဂိုလ်နဲ့က လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်ငါးဆယ်လောက်ကတည်းက ခင်မင်ရင်းနှီးခဲ့ကြတာဖြစ်လို့၊ သူက ပုဂိုလ်ရေးအရ ၀တ္တရားမပျက် လာတာဖြစ်တယ်။ ခင်ပွန်းသည်နဲ့ အယူအဆ ကွဲလွဲပေမယ့် ခင်ပွန်းသည်ကို ခင်မင်လေးစားမှု ရှိပါတယ်။ ခင်ပွန်းရှိစဉ်က အကြောင်းကြောင်းတွေကြောင့် အလာအသွား မရှိခဲ့ပေမယ့် ခင်ပွန်းကွယ်လွန်သွားတဲ့အခါ အားမငယ်ရအောင်ဆိုပြီး အားပေးရင်း ရောက်လာတတ်တာဖြစ်တယ်။ အဲဒါကို ခင်ပွန်းရဲ့ မိတ်ဆွေတချို့က အမြင်စောင်းပြီး ပြောကြဆိုကြတာရှိကြောင်း ပြန်ကြားရပါတယ်။ ဒီကိစ္စ ဘယ်လိုဖြေရှင်းရမလဲလို့ မေးပါတယ်။ရှင်းဖို့ မလိုပါဘူး။ ဘာမှ စိတ်ရှုတ်ခံ မနေပါနဲ့ တိုတိုတုတ်တုတ်ပဲ ပြန်ပြောလိုက်ပါတယ်။ ပြီးတော့မှ ကိုယ်နဲ့ မတူတိုင်း ရန်သူလို သဘောတားလို့ မဖြစ်တဲ့ အကြောင်း၊ မိဘနဲ့ သားသမီး ညီအစ်ကို မောင်နှမများမှာတောင်၊ တစ်ယောက်နဲ့ တစ်ယောက် အယူအဆ ထပ်တူမကျတာတွေ ရှိတဲ့အကြောင်း ရှင်းပြလိုက်ပါတယ်။ တစ်ဆက်တည်းပဲ အစ်မကြီးလည်း သိနေတဲ့ ညီအကိုရင်းချာ သုံးယောက်ရဲ့ အဖြစ်လေးကို ထောက်ပြလိုက်ပါတယ်။ အဲဒီညီအစ်ကို သုံးယောက်ဟာ နိုင်ငံရေး ခေတ်တစ်ခေတ်ရဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် တစ်ခုတည်းက ၀င်ပြိုင်ကြပါတယ်။ တစ်ဦးက သန့်ရှင်း၊ တစ်ဦးက တည်မြဲ၊ တစ်ဦးက ပမညတပါ။
သူက ပုဂိုလ်ရေး သံယောဇဉ်နဲ့ ရိုးရိုးသားသား လာကန်တော့တာပဲ၊ စိတ်ထဲ သန့်သန့်ရှင်းရှင်းနဲ့သာ ကန်တော့ခံလိုက်ပါလို့လည်း အကြံပေးလိုက်ပါတယ်။
လေယူရာတိမ်း ယိမ်းနွဲ့သူ…
ဒီစကားကြားတော့မှ အစ်မကြီး ရင်ထဲက အလုံးကြီးကျသွားပြီး စိတ်လက်ပေါ့ပါး သွားပုံရပါတယ်။ တစ်ဆက်တည်း သူက တစ်လက်စတည်း တိုင်ရဦးမယ်။ အိမ်က သမီးလေ၊ ကျမကို အပြစ်တင်နေတာ မဆုံးနိုင်တော့ဘူး။ တစ်လောက ဆွမ်းကျွေးတစ်ခုမှာ ကျမက (…….)ကို သွားပြီး နှုတ်ဆက်လို့ဆိုပြီး စိတ်ဆိုး အပြစ်တင်လိုက်တာ ဒီနေ့ထိပဲ၊ လို့ ဆက်ပြောလိုက်ပါတယ်။ ဆရာက ကိုယ်နဲ့ မတူတိုင်း ရန်သူလို့ သဘောမထားရဘူးလို့ ပြောတဲ့အကြောင်း သမီးကို ပြန်ပြောရမယ်။ နှုတ်ဆက်တာ ကျမ မမှားဘူး။ မဟုတ်လားလို့လည်း အဖေါ်ညှိပါတယ်။ဒါတော့ မှားပါတယ်။ ဒီလူမျိုးကတော့ မဆက်ဆံအပ်ပါဘူး။ ရှင်၊ ဘယ်လို- စောစောက တစ်ယောက်တော့ ဆက်ဆံ၊ ဒီတစ်ယောက်တော့ မဆက်ဆံရဘူး ဆိုတော့ ….။ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးလေ အစ်မကြီးရဲ့ ကိုယ်နဲ့ မတူတိုင်း ရန်သူလို သဘောမထားရဘူးဆို။ အစ်မကြီးက ကိုယ့်စကားနဲ့ ကိုယ့်ပြန်ချည်တုပ်နေပြန်တာကြောင့်၊ ကိုယ်နဲ့ မတူတိုင်း ရန်သူလို သဘောမထားရဘူး ဆိုတာဟာ၊ ရန်သူလုံးဝ မရှိဘူးဆိုတဲ့ အဓိပ္ပါယ် မဟုတ်တဲ့အကြောင်း၊ အယူအဆ မတူကွဲပြားခြားနားပေမယ့်လည်း၊ သိက္ခာကို ရိက္ခာနဲ့ လဲမစားဘဲ အများအကျိုး တိုင်းကျိုးပြည်ကျိုးကို ကိုယ်နဲ့မတူတဲ့ နည်းလမ်းနဲ့ သူ့ဟာသူ သည်ပိုးဆောင်ရွက် နေသူများကိုသာ ဆိုလိုတဲ့အကြောင်း၊ တချို့သော ပုဂိုလ်များကတော့ လူအထင်ကြီးခံရအောင် တိုင်းကျိုး ပြည်ကျိုးဆောင် စကားတွေ ကျယ်ကျယ် လောင်လောင် ပြောဆိုနေပြီး၊ တကယ်တမ်းကျတော့ ကိုယ်ကျိုးစီးပွားအတွက် လေယူရာတိမ်း ယိမ်းနွဲ့ နေကြတာမျိုးတွေရှိကြောင်း ကိုယ်ကျိုးအတွက် ခြစားလောက်ကိုက် ဖြစ်နေတဲ့ သိက္ခာကိုတောင် အရောင်တင်ပြီး လိမ်ညာရောင်းစား နေသူမျိုးကိုတော့ ပြတ်ပြတ်သားသား သဘောထား ဆက်ဆံရ မည်သာဖြစ်ကြောင်း အကျယ်တ၀င့် ရှင်းပြလိုက်ရပါတယ်။ အစ်မကြီးတော့ တော်တော် ခေါင်းရှုပ်သွားပုံရပါတယ်။
တာဝန်ကျေချင်လို့ပါ…
တချို့သော မိတ်ဆွေသင်္ဂဟတွေနဲ့ ဆွေမျိုးသားချင်းများကတော့ သူဌေးဖြစ်မယ့် အလုပ်လဲ မဟုတ်ဘဲနဲ့၊ အမုန်းခံပြီး ရေးရေးနေတယ်။ တော်တော်သတ္တိ ကောင်းတာပဲလို့ ဂရုဏာဒေါသော ပြောတတ်ကြပါတယ်။ သူတို့ကတော့ ကျန်းမာရေးအတွက် စိုးရိမ်ပြီး ပြောကြတာပါ။ အလုပ်ရဲ့ သဘာဝကို နားမလည်ရှာကြပဲကိုး၊ ဆရာဝန်က ဆေးကု၊ ကျောင်းဆရာက စာသင်၊ စစ်သားက စစ်တိုက် စသဖြင့် သူ့သဘာဝနဲ့သူ လုပ်ကြရသလိုပဲ၊ သတင်စာသမားဆိုတာလည်း သတင်းတွေရေးရ၊ ပိုင်းခြားဝေဖန်ပြရ လုပ်ကြရတာသာဖြစ်တယ်။ မှတ်ာကို ရေးတယ်။ ပြောတယ်။ သုံးသပ်ဝေဖန်ပြတယ်ဆိုတဲ့ အခါမှာ၊ မကြိုက်သူ၊ မုန်းသူလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဘယ်တတ်နိုင်မှာလဲ၊ အလုပ်ရဲ့ သဘာဝကိုက အမှန်တရားကလွဲပြီး မှန်တဲ့အရာ ဘာမှမရှိ။ ဆိုတာမျိုး မဟုတ်လား။ တကယ်တော့ ဘယ်သူက လူမုန်းခံချင်မှာလဲ။ သတ္တိကောင်းလို့ လုပ်နေတာလည်း မဟုတ်ပါဘူး။ မှန်တာပြောရရင် ကြောက်ကြောက်နဲ့ လုပ်နေရတာပါ။ ရဲက ပစ်တဲ့ မျက်ရည်ယို ဗုံးဒဏ်ခံခဲ့ဘူးသလို လူအုပ်ကြီးက ပစ်လိုက်တဲ့ အုတ်ခဲကျိုးလည်း နဖူးတည့်တည့် မှန်ခဲ့ဘူးတာကြောင့် ကြောက်ပါတယ်။ ဒါပေမယ့် ကိုယ်ရွေးချယ်တဲ့ အလုပ်ကိုတော့ တာဝန်ကျေအောင် လုပ်ရမှာပဲလေ။ မကြောက်လို့ မဟုတ်ပါဘူး။ တာဝန်ကျေချင်တာကြောင့်ပါ။ ဒီအတွက် ဂုဏ်ပြုချီးကျူးခံချင်စိတ် မျိုးလည်း မရှိပါဘူး။ ကိုယ်ထမ်းဆောာင်ရမယ့် တာဝန်တစ်ခုကို ကျေပွန်အောင် ထမ်းဆောင်တာကို အထူးတလည် ဂုဏ်ပြုချီးကျူးစရာလည်း မဟုတ်ပါဘူး။လောကကြီးများ ရယ်စရာ…
သူဌေးဖြစ်မယ့် အလုပ်မဟုတ်ဘူးဆိုတာလည်း သတင်းစာသမားတိုင်း သိကြပါတယ်။ သတင်းစာ အလုပ်သက်သက်နဲ့ သူဌေးဖြစ်တဲ့သူ ဘယ်ခေတ်က ရှိဘူးလို့လဲ။ သူဌေးဖြစ်ချင်ရင် စီးပွားရေးသမား လုပ်မှာပေါ့။ ၀ါသနာပါလွန်းလို့သာ ဒီအလုပ်ကို လုပ်ကြတာပါ။ ဒါမှမဟုတ်လည်း လူမိုက်တွေသာ သတင်းစာ အလုပ်လုပ်ကြတာလို့ ပြောချင်ပြောပါ။ ကိုယ်တိုင်လည်း ဒီလိုပြောတာမျိုးတွေ ခံခဲ့ရဘူးလို့ အရေထူးနေပါပြီ။ တခြားလူဆိုထား။ ဦးကြီးလည်းတော်၊ သတင်းစာ ဆရာကြီးလည်းဖြစ်တဲ့ ဆရာကြီး ရွှေဥဒေါင်းကတောင် ဟိုလူမိုက် ခုထိ ပြန်မလာသေး ဘူးလား လို့ ပြောထဲ့ဘူးသေးတာပဲ။ မှတ်တာပြောမှ ကြိုက်တယ် လို့တော့ လူတိုင်း နှုတ်က တစ်ဖွဖွ ပြောတတ်ကြတယ်။ ဒါပေမယ့် မှန်တာကို မှန်တဲ့အတိုင်း ပြောတဲ့သူတွေ ကျတော့လည်း လူမိုက် လို့ ပြောချင်ပြောကြသေးတာ။ လောကကြီးများ တော်တော် ရယ်စရာ ကောင်းတယ်နော်…။*** လူထုစိန်ဝင်း ***
(လူထုရနံ့ စာစုများမှ ကူးယူဖော်ပြသည်)

No comments:
Post a Comment