(ဒါရက်စလမ်၊ မေလ ၈-ရက်)
အာဖရိက ၂၆-နိုင်ငံမှ ခေါင်းဆောင်များသည် ခြင်ထောင်များ၊ ခြင်နိုင်ပိုးသတ်ဆေးများနှင့် ဆေးဝါးများကို အသုံးပြုကာ ငှက်ဖျားရောဂါ နှိမ်နင်းရေးလုပ်ငန်းပြုလုပ်သွားရန် အစီအစဉ်သစ်တစ်ရပ် ချမှတ်ဆောင်ရွက် နေပြီဖြစ်ကြောင်း တန်ဇန်းနီးယားသမ္မတ ဂျာကာယာကိဝိတ်က မေလ ၇-ရက်နေ့တွင် ပြောကြားလိုက်သည်။ အကယ်၍ မိမိတို့ အနေဖြင့် အာဖရိကတိုက်တွင် ယခုနှစ်ကုန်ပိုင်း၌ လူတိုင်းကို ခြင်ထောင်၊ ခြင်နိုင်ပိုးသတ် ဆေးနှင့် ဆေးဝါးများ ဖြန့်ဖြူးပေးနိုင်မည်ဆိုပါက အာဖရိကတိုက်တွင် ၂၀၁၅-ခုနှစ်၌ ငှက်ဖျားရောဂါကြောင့် သေဆုံးသူ လုံးဝနီး ပါးရှိမည်မဟုတ်ကြောင်း ငှက်ဖျားရောဂါကာကွယ်ကုသရေးဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ရေချမ်းဘစ်က ပြောကြားသည်။ (အင်တာနက်)
*** နိုင်ဂျီးရီးယားသမ္မတ ကွယ်လွန်ပြီးနောက် သမ္မတအဖြစ် ဂျွန်နသန် ကျမ်းသစ္စာကျိန်ဆို ***
(အဘူဂျာ၊ မေလ ၈-ရက်)
နိုင်ဂျီးရီးယားယာယီ သမ္မတ ဂွတ်လပ်ဂျွန်နသန်သည် သမ္မတအူမာရုယာအဒူယာ ကွယ်လွန်သွားပြီးနောက်ပိုင်း မေလ ၆-ရက်နေ့တွင် တရားဝင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုကြောင်း နိုင်ဂျီးရီးယားအစိုးရအဖွဲ့ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသည်။ ရုယာအဒူယာသည် နိုင်ဂျီးရီးယားနိုင်ငံ မြို့တော်အဘူဂျာမြို့ရှိ ၄င်း၏ အစိုးရနေအိမ်တွင် မေလ ၅-ရက်နေ့ ည ၉-နာရီခန့်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။ (ဆင်ဟွာ)
*** ရုရှား ဗဟိုအားကစားပြတိုက် ပြန်လည်ဖွင့်လှစ် ***
ရုရှားအစိုးရအနေဖြင့် ၁၀-နှစ်ကြာ ပိတ်ထားခဲ့သော ဗဟိုအားကစားပြတိုက်ကို မေလ ၇-ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ အဆိုပါပြတိုက်ကို ၁၉၈၇-ခုနှစ်အတွင်း စတင်ဖွင့်လှစ်ခဲ့ပြီး ရုရှားနိုင်ငံ၏ အားကစားဖွံ့ဖြိုးတိုးတက်လာပုံအဆင့်ဆင့်နှင့် အားကစားသမားများ၏ ကိုယ်ရေးဖြစ်စဉ် အကြောင်းအရာများကို ပြသထားကြောင်း ဆင်ဟွာသတင်း၌ ဖော်ပြသည်။ (ဆင်ဟွာ)
*** ယီမင်ငါးဖမ်းသင်္ဘော ဆိုမာလီပင်လယ်ဓားပြများ ဖမ်းဆီး ***
ဆိုမာလီပင်လယ်ဓားပြများက ယီမင်ကမ်းလွန်ပင်လယ်တွင် သင်္ဘောသား ၇-ဦးလိုက်ပါသည့် ယီမင်ငါးဖမ်းသင်္ဘောတစ်စင်းကို အပိုင်စီးလိုက်ကြောင်း ယီမင်ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၇-ရက်နေ့၌ ကြေညာသည်။ (အင်တာနက်)
*** ယီမင်နိုင်ငံ၌ မိုးသည်းထန် ရေလွှမ်း၍ ၇-ဦးသေဆုံး ***
ယီမင်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းသည့်အတွက် ဆာနားမြို့တော်တွင် ကလေးငယ် ၁-ဦးအပါအ၀င် ၇-ဦးသေဆုံးပြီး ၃-ဦးဒဏ်ရာ ရခဲ့ကြောင်း၊ မေလ ၇-ရက်နေ့က အရေးပေါ် အခြေအနေကြေညာလိုက်ကြောင်း သိရသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ငှက်ဖျားရောဂါတိုက်ဖျက်ရေး အာဖရိကတွင် အစီအစဉ်သစ် ချမှတ်ဆောင်ရွက် ***

No comments:
Post a Comment