အလုပ်ရှင်က ဖြစ်စေ၊ မန်နေဂျာကဖြစ်စေ `အဖမ်းအဆီးရှိတယ်၊ ပြေးကြ`လို့ အချက်ပေးခေါင်းလောင်း တီးသလို ဟောဒီ စကား-နားမှာခါးပေမယ့် နောက်ဆုံးတော့ နောက်ကျတဲ့ခြေထောက်- သစ္စာဖောက် အဖြစ်ပြေးတော့ ပြေးလိုက်ရတာပါပဲဗျာ။ ကဲ… ဒီနေ့ပဲကြည့်လေ။ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့က စက်ရုံအလုပ်ရုံအချို့မှာ `ပုလိပ်ဖမ်းမယ်ဟေ့´လို့ အသံဗလံကြားတာနဲ့ ပုလိပ်ပြေးကြရတဲ့ မြန်မာအလုပ်သ မားတွေကို တွေ့ကြရပါတယ်။ ဟောဒီ ဓာတ်ပုံတွေက ဒီကနေ့အဖို့ ဒရောသောပါးရော၊ ဆင်မ ဆင်ထီးယဉ်သာ ခြေလှမ်းတွေနဲ့ ပြေးနေကြတဲ့ SD-Fashion Co.Ltd (မြန်မာတို့အခေါ်- ချန်ပီယံသိုးမွှေးးစက်ရုံ)က မြန်မာအလုပ်သမားတွေရဲ့ ပုလိပ်ပြေး ကြ ရပုံတွေကို တင်ပြထားပါတယ်။
အခုလို ပူပြင်းတဲ့ နွေရာသီက ရေငတ်တဲ့ဒုက္ခ၊ အစာငတ်တဲ့ ဒုက္ခအပြင် အပူကြောင့် နောက်ဆက်တွဲဖြစ်ရတဲ့ ကျန်းမာရေးချို့ယွင်းရမှုတွေ တွေ့ကြုံခံစားကြရမှာပါ။ သြော်… ဒါနဲ့၊ `သူတို့တတွေမှာ အလုပ်သမားလက်မှတ် မရှိပေမယ့် သူတို့ရဲ့ လုပ်ငန်းခွင်မှာ တစုံတရာ အထောက်အထားမရှိဘူးလား´ဆိုတော့ ရှိပါဗျာ။ အလုပ်ရှင်က ထုတ်ပေးထားတဲ့ လုပ်ငန်းခွင် ဆိုင်ရာ အထောက်အထား(၀ါ) လုပ်ငန်းခွင်ကဒ်ပြားတွေက ရင်ဘတ်မှာကိုယ်စီရှိနေသဗျ။ ကျ… ကျပါရဲ့ဗျာ။ လုပ်ငန်းခွင်ကဒ် ရှိနေရင် အလုပ်ရှင်ရဲ့ ထောက်ခံချက် မဟုတ်ပေ ဘူးလား။ ဒါဆိုရင် ဘာပြေးနေစရာလိုသေးလို့လဲ။ အလုပ်ရှင်ကို `လစဉ် ပုလိပ်ကြေး- ဘတ်(၁၀၀)´လဲ ပေးရသေးသတဲ့။ အခုလာဖမ်းတာကလည်း တာ့(ခ်)ခရိုင် အထူးရဲအဖွဲ့ဆိုတော့ မဲဆောက်ရဲကို ပုလိပ်ကြေး ပေးထားပြီး အခုလာဖမ်းတဲ့ ခရိုင်ရဲကိုရော ပုလိပ်ကြေးလိုင်းဝင်လိုက်ရင် မပြီးဘူးလား။ မနေ့က (မေလ ၉-ရက်)မှာ သောင်ရင်းမြစ်ကမ်းနဖူးဒေသ၊ မယ်တော်ကျေးရွာအုပ်စု၊ ဝှေ့မုတ်ကျေးရွာရှိ `နွားရုံ(ခ) တီကေ(၄)သိုးမွှေးစက်ရုံ´က မြန်မာအလုပ်သမား ၂၀၀-ယောက်ကို ဖမ်းသတဲ့။ အလုပ်ရှင်ဆီက ဘတ် (၅)သိန်းတောင်းသတဲ့။ ဖမ်းရင်လည်း မျှမျှတတ ဖမ်းမှပေါ့။ အလုပ်သမားကိုချည်း ဖမ်းပြီး အလုပ်ရှင်ကိုကျတော့ `ဒဏ်ငွေ´လောက်နဲ့ ပြေလည်မှုရသွားတာတော့ ဘယ်လာပြီး တရားမျှတပါ့မလဲ။ သြော်… ထိုင်းအလုပ်သမားဥပဒေ-ဘီအီး ၂၅၂၂ (၁၉၇၉)ခုနှစ်မှာတော့ `တရားမ၀င်အလုပ်သမားတစ်ဦးလျှင် ထောင်ဒဏ် (၄၅)ရက်၊ ၄င်းတို့ ခိုင်းစေသည့် အလုပ်ရှင်သည် ထောင်ဒဏ် (၃)လလို့´ ပြဌာန်းထားသဗျ။ မျှမျှတတ ဖမ်းကြမှပေါ့ဗျ။ အခုဟာက အလုပ်သမားတွေကချည်း ပြေးလွှားနေရတဲ့ မြင်ကွင်းက ကြည့်မကောင်းဘူးလေ။
*** သတင်းမှတ်တမ်း- မြန်မာပြည်သား ***

No comments:
Post a Comment