(ဂျီနီဗာ၊ မေလ ၆-ရက်)
ဗဟိုအာရှ ညူကလီးယားလက်နက်ကင်းမဲ့ရေးဇုန်ထူထောင်ရေးစာချုပ် အာဏာတည်လာခြင်းကို ၀မ်းမြောက်စွာ ကြိုဆိုပါကြောင်း အရှေ့အောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ)က မေလ ၄-ရက်နေ့တွင် တရားဝင်ထုတ်ဖော်ပြောကြားသည်။ ထို့အပြင် အရှေ့အလယ်ပိုင်းဒေသအတွင်း ညူကလီးယား လက်နက်ကင်းမဲ့ရေးဇုန် တည်ထာင်ရေးကိုလည်း ထောက်ခံသွားမည်ဖြစ်ကြောင်း အာဆီယံအဖွဲ့ကိုယ်စား ဗီယက်နမ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖန်ဘင်မင်က ပြောကြားသည်။ ဗဟိုအာရှ၌ ကာဂျစ်စတန်၊ ကာဇက်စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံများ ပါဝင်ပြီး ညူကလီးယားလက်နက်ကင်းမဲ့ဇုန်အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ကတိပြုကြသည်။ (ဆင်ဟွာ)
*** ပီကာဆို၏ ပန်းချီကား ဒေါ်လာ ၁၀၆-သန်းဖြင့် စံချိန်တင်ရောင်းချရ ***
(နယူးယောက်၊ မေလ ၆-ရက်)
ပီကာဆို၏ ပန်းချီကားကို နယူးယောက်မြို့၌ အမေရိကန်ဒေါ်လာ ၁၀၆-သန်းဖြင့် စံချိန်တင်ရောင်းချနိုင်ခဲ့ရကြောင်း မေလ ၄-ရက်နေ့တွင် ပြည်နယ်မီဒီယာများက သတင်းထုတ်ပြန်သည်။ အဆိုပါပန်းချီကားကို ၁၉၅၀-ခုနှစ်ကတည်းက လော့အိန်ဂျလိစ်မြို့ရှိ ပန်းချီကားစုဆောင်းသူ ဆစ်ဒ်နီဘရွန်ဆိုသူက ပိုင်ဆိုင်ခဲ့ပြီး ယင်းပန်းချီကားတန်ဖိုးကို အမေရိကန်ဒေါ်လာ သန်း ၇၀-မှ ဒေါ်လာ သန်း ၉၀-အကြား မျှော်မှန်းထားရှိရာမှ စံချိန်သစ်တင်ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီလအတွင်း၌ အမည်မသိသူတစ်ဦးက တယ်လီဖုန်းဖြင့် ပီကာဆို၏ ပန်းချီကားကို လေလံတင်ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ ၁၀၄ ဒသမ ၃-သန်းရရှိသည်။ ပီကာဆို၏ အခြားသော ပန်းချီကားကိုလည်း အမေရိကန်ဒေါ်လာ ၁၀၄ ဒသမ ၁-သန်းဖြင့် ၂၀၀၄-ခုနှစ်က စံချိန်တင်ရောင်းချခဲ့ရကြောင်း အဆိုပါသတင်း၌ ဖော်ပြသည်။ (အင်တာနက်)
*** တရုတ်နိုင်ငံ ချုံကျင်း၌ လေဆင်နှာမောင်းမွှေနှောက် ဒေသခံ ၂၃-ဦးသေဆုံး၊ ၁၆၀-ဒဏ်ရာရရှိ ***
(ချုံကျင်း၊ မေလ ၆-ရက်)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်းမြို့၌ မေလ ၅-ရက်နေ့က အားပြင်းလေဆင်နှာမောင်း မွှေနှောက်တိုက်ခတ်ခဲ့ရာ ဒေသခံ ၂၃-ဦးသေဆုံးပြီး ၁၆၀-ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသတင်းတွင် မေလ ၆-ရက်နေ့က ဖော်ပြသည်။ ယင်းလေဆင်နှာမောင်း မွှေနှောက်တိုက်ခတ်မှုကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ရကြောင်း၊ ကောက်ပဲသီးနှံစိုက်ခင်းများလည်း ပျက်စီးခဲ့ရကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်း၌ ဖော်ပြသည်။ (ဆင်ဟွာ)
*** နိုင်ဂျီးရီးယားသမ္မတ ကွယ်လွန် ***
(လေဂို့စ်၊ မေလ ၆-ရက်)
နိုင်ဂျီးရီးယားသမ္မတ အူမာရုယာအဒူယာသည် မေလ ၅-ရက်နေ့က သမ္မတအိမ်တော်၌ ကွယ်လွန်ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားက သတင်းထုတ်လွှင့်ခဲ့သည်။ အဆိုပါ သမ္မတ ကွယ်လွန်သွားခဲ့ခြင်းကို ၄င်း၏ လက်ထောက်နှင့် ပြန်ကြားရေးဝန်ကြီးက အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၄င်းသည် ၂၀၀၇-ခုနှစ်က သမ္မတဖြစ်လာခဲ့သည်။ အသက် ၅၈-နှစ်ရှိ သမ္မတအဒူယာသည် နာမကျန်းရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ဗဟိုအာရှ ညူလက်နက်ကင်းမဲ့ရေးဇုန် ထူထောင်မှု အာဆီယံနိုင်ငံများ ၀မ်းမြောက်စွာ ကြိုဆို ***

No comments:
Post a Comment