စာရေးသူသည် လွမ်းမိပါသေးသည်- ဒီမိုကရေစီခေတ်ဆီ အခန်းဆက်များကိုရေးသားရာ၌ ရည်ရွယ်ချက်များ ရှိခဲ့ပါ၏။ အချို့သော ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းများမှာ ဒီမိုကရေစီဆိုသည့် အဓိပ္ပါယ်ကို မသိကြသူများ ပါသည်။ သူများ ဒီမိုကရေစီဆိုလို့သာ ဒီမိုကရေစီလိုက်ရသည်။ ဒီမိုကရေစီအဓိပ္ပါယ် (Definition)ကို မသိကြ သူများပါသည်။ လွန်ခဲ့သော တစ်ပတ်က စက်ရုံအလုပ်သမားလူငယ်တစ်ယောာက် စာရေးသူနေအိမ်သို့ ဆိုက် ဆိုက်မြိုက်မြိုက် ရောက်လာ၏။ ဟိုအကြောင်း၊ ဒီအကြောင်း စပ်မိစပ်ရာ ပြောကြရာမှ ဒီမိုကရေစီ အကြောင်း၊ ရောက်သွား၍ ရှင်းပြရ၏။ စာရေးသူက “မင်း ဒေါ်အောင်ဆန်းစုကြည် ကိုသိလား”ဟုမေးရာ “ဟာ ဆရာကလဲ ဒေါ်အောင်ဆန်းစုကြည်ကိုမှ မသိရင် သေဖို့တာကောင်းတော့တယ်´ဟု ပြန်ပြောလိုက်ရာ စာရေးသူက “အေး… ဒါဆို မင်းသိပ် “ဒုံး”မဝေးသေးဘူးကွ´ `ဒါနဲ့ မေးရအုံးမယ်၊ သူ့အဖေနဲ့ အမေက ကောဘယ်သူတွေတုန်းကွ”ဟု ဆက်မေးလိုက်ရာ “ဟာ ဆရာကလဲ အဲသလောက်ဆွေစဉ်မျိုးဆက်တော့ ဘယ်သိပါ့မတုန်း”တဲ့။
စာရေးသူ အလွန်စိတ်မကောင်း ဖြစ်ရုံမက ဒေါသလဲထွက်သွားပါသည်။ စာဖတ်သူများ စဉ်းစားကြည့်ပါ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်. သမီးဆိုတာ ကမ္ဘာတဝှမ်းလုံးသိကြပါသည်။ ဒီအထဲ ဒီနေ့တွေ့ရတဲ့ လူငယ်က မသိဘူးဆိုလာတော့၊ စာရေးသူမှာ မည်သို့ဖြေရှင်းရမလဲ။ သည်တော့ သူ့ကိုလဲ စကားဆက်မပြောဖြစ်တော့ဘဲ ရေးလက်စဝတ္ထုတိုလေး တစ်ပုဒ်ကို ရေးနေမိရာမှ “ဆရာပြန်ပါအုံးမယ်”ဆိုတဲ့ အသံကြားမိတော့ “အေး… အေး”လို့ဘဲ ပြန်ပြောလိုက်တော မောင်မင်းကြီးသား ပြန်သွားလေတော့၏။ ဆိုလိုသည်မှာ စာရေးသူတို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများထဲ၌ ဤသို့ ဤနှယ် ပုဂ္ဂိုလ်များလည်း ဒုနဲ့ဒေးရှိနေသေးသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်ရမည်ဖြစ်ပါ၏။**သတင်းစာလွတ်လပ်ခွင့်များ**.
အမေက ခုတောင်ကကြားတဲ့အသံကြီးက ဘာသံကြီးတုံးဆိုတော့ ကျနော် မီးရxားလမ်းဘက်ကို တစ်ချိုးတည်း ကလေးပီပီဟန်ချီချီ ပြေးခဲ့ပါ၏။ ဟော… တွေ့ပါပြီ မီးရထားကြီးက ချောင်းကူးတံတားကြီးပေါ် ဖြတ်မောင်းနေတဲ့ အသံကြီးပါ။ တောင်တွင်းကြီးဘက်က လာတဲ့ရထားကြီး ကျောက်ပန်းတောင်းထိအောင် သွားမှာပါ။ မီးရထားစက်ခေါင်းမဲမဲကြီးနဲ့ မီးခိုး မဲမဲတွေကို မြင်ရပြ ဆိုတော့ ကျနော် ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း၊ (ကျနော်တို့ခေတ်မှာ ဒီဇယ် စက်ခေါင်း မပေါ်သေးပါ။ ကျောက်မီးသွေးရထားစက်ခေါင်းမဲမဲကြီးပါ။ ကျောက်မီးသွေးနဲ့ မောင်းရပါတယ်။ ဒီခေတ်မှာလို ဒီဇယ်ဆီတွေ ဓါတ်ဆီတွေ မကုန်ပါဘူး။ အိန္ဒိယနိုင်ငံလုပ်တဲ့ စက်ခေါင်းတွေပါ၊ စက်ခေါင်းရဲ့ဘေးမှာ BR လို့ ရေးထားပါတယ်။ အဓိပ္ပါယ်က Burma Railway ဗမာ့မီးရထားလို့ခေါ်ပါတယ်။ အလွန်ဆွဲအားကောင်းပါတယ်။ ရထားကြီး ဥသြသံက အဝေးကြီးကနေကြား ရပါတယ်)
ကျနော် ရထားကြီးလာတာကို ကြည့်ပြီး အလွန်ပျော်နေမိပါ၏။ ဘာ့ကြောင့်ပါလိမ့်၊ အကြောင်းရှိပါသည်။ ဒီနေ့ အဖေလစာထုတ်ပြီး မြို့ကပြန်လာမှာပါ။ ရထားကြီး ကျနော်တို့ရွာ ဘူတာကိုစက်ရှိန်လျှော့ပြီးဝင်လာနေပါပြီ၊ ရထားတွဲများ ဖြည်းဖြည်း လိမ့် လိမ့်နေတာလိုက်ကြည့်ရင်းနဲ့ တွေ့ရပါပြီ၊ “အဖေ” အဖေ့ထုံးစံအတိုင်း၊ သတင်းစာလိပ်ကြီး တလိပ် ဂျိုင်းမှာညှပ်၊ ဖျင်လွယ်အိတ်ကြီးလွယ်၊ ဇာမဏီ ထီးကောက်ကြီးနဲ့ ပါးစပ်မှာ “ရွှေနှင်းဆီ”သနပ်ဖက်ဆေးပေါလိပ်ကို ကိုက်လို့၊ အဖေ ဆင်းမဲ့တွဲပေါက်အထိ ကျနော် ပြေးသွားပြီး။ အဖေ့ကို ကြိုပါသည်။ သတင်းစာလိပ်ကြီးထမ်းပြီး သားအဖ နှစ်ယောက် အိမ်ကိုဝင်ခဲ့ပါ၏။
အဖေက “ငါ့သားတွေ ဖတ်ရအောင်၊ သတင်းစာ အဟောင်းတွေရော၊ အသစ်တွေရော၊ စာရေးကြီးဆီကတောင်းလာတာကွ နေ့လည်ကျ မင်းတို့ ဖတ်ကြ၊ သတင်းထူး တစ်ပုဒ်ပါလိမ့်မယ်။ အဲဒီသတင်းထူးကို အရင် ဦးအောင် ပြောနိုင်တဲ့သူကို အဖေ… သကြားကမ္ဘာလုံး ချိုချင် တစ်ထုပ် ဆုချမယ်ကွ” ဟန်ကြလိုက်တာ။ ကျနော် သတင်းစာထုပ်ကြီးကိုဖြေပြီး တစ်စောင်ချင်း စန့်အောင်ဖြန့်လိုက်ပါတော့သည်။
ဒီမိုကရေစီ ခေတ်သတင်းစာများ၊ ဂျာနယ်၊ မဂ္ဂဇင်းများရေးသားပုံနှိပ်ထုတ်ဝေသည်မှာ၊ ခုခေတ် (စစ်ခွေးဘီလူးများခေတ်)လို မဟုတ်ပါ။ အလွန်လွတ်လပ်မှုရှိပြီး ဖတ်ရတာလဲ အလွန်မတန်မှ အဆီအနှစ်ပါ ပါသည်။ ထိုခေတ်က သတင်းစာများကိုလည်း မှတ်မိသလောက် ရေတွက်ပြပါမည်။
မဏ္ဍိုင်သတင်းစာ၊ အိုးဝေသတင်းစာ(ဦးညိုမြပိုင်)၊ မိုးကြိုးသတင်းစာ (ဦးအုန်းခင်)၊ အထောက်တော်သတင်းစာ၊ ထွန်းနေ့စဉ် (ဘကြီးထွန်းဖေပိုင်)၊ လူထုသတင်းစာ (ဆရာဦးလှနှင့် အမေဒေါ်အမာပိုင်)၊ ဟံသာဝတီသတင်းစာ (ဆရာဦးဝင်းတင်)၊ ရန်ကုန်သတင်းစာ (ဦးအောင်မြင့်)၊ မြန်မာ့အလင်း (ဦးတင်)၊ ကြေးမုံ (ဦးသောင်း(ခေါ်) ဆရာအောင်ဗလ)၊ နေးရှင်း (ဦးလောရုံ)၊ သမာဓိ၊ ဗိုလ်တစ်ထောင်၊ စာရေးသူ မမှတ်မိတာများ ကျန်ပါသေးသည်။ သတင်းစာများမှာ အနဲဆုံး စာမျက်နှာ ၂ဝ-ပါဝင်ပါသည်။ တစ်စောင်ရောင်းဈေးကိုကြည့်ပါ။ စာဖတ်သူများ အံ့သြသွားပါလိမ့်မည်။ ပြားနှစ်ဆယ် (၂ဝ)ပြားပါတဲ့ ခင်ဗျား…..။
ထိုခေတ်က သတင်းစာဆရာကြီးများမှာ ယခုခေတ်လို “စစ်ဖိနပ်အောက်- ကြောက်စာရေးသူများ”မဟုတ်ပါ။ အစိုးရကိုသော်လည်းကောင်း၊ ပါလီမန်ကို သော်လည်းကောင်း၊ မဟုတ်တာလုပ်လျှင် လုပ်သလို၊ ဝေဖန်ရေးသားဝံ့ကြ၏။ ဘာမှမကြောက်ပါဘူး။ သတင်းဦး၊ သတင်းထူးကို အစောဆုံးဖေါ်ပြနိုင်သော သတင်းစာမှ ထိုနေ့အဖို့စောင်ရေ အမြင့်ဆုံး ရိုက်နှိပ်ဖြန့်ဝေရပါ၏။
သတင်းစာများကို အနက်အဓိပ္ပါယ်ဖွင့်ဆိုရာ၌ စာချိုးကလေးများ၊ စာရေးသူ ယခုထိတောင်မှတ်မိနေသေးတော့ “သတင်းစာများကပြောတဲ့ ယနေ့ဗမာပြည်” “သတင်းစာဟူသည် ပြည်သူ့နားမျက်စေ့”တဲ့ ဘယ်လောက်မှန်ကန်ပါသနည်း။
ဤနေရာ၌ စာရေးသူ ကုန်းဘောင်ခေတ်ကို ပြန်ပြောင်းသတိရမိသေး၏။ ရတနာပုံ နေပြည်တော်သတင်းစာထုတ်ဝေရာ၌ ကျနော်တို့. ဘုရင်“မစ္စတာ မောင်လွင်(ခေါ်) မင်းတုန်းမင်းကြီး”က မည်သို့ပြောခဲ့ပါသနည်း။ စာဖတ်သူများ သိကြပါလိမ့်မည်။ “ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဖုရားမကောင်းလျှင် မိဖုရားကိုရေး၊ လွှတ်တော်ဝန်ကြီး မကောင်းလျှင် ဝန်ကြီးကိုရေး၊ မင်းတို့ကို အပြစ်မရှိစေရဘူး။ နန်းတော်ထဲကို အချိန်မရွေးဝင်စေ၊ ထွက်စေတဲ့” ဘယ်လောက်သဘောထားပြည့်ဝတဲ့ ကျနော်တို့ ဘုရင်ကြီးပါနည်း။
ယခု (စစ်ခွေးခေတ်)မှာ ရေးကြည့်ပါ။ “အောင်စိန်ထင်း”ကို အရှိန်ပြင်းပြင်းနဲ့ ပို့ခံရမှာမလွဲပါ။ (အောင်စိန်ထင်းဆိုတာ အင်းစိန်ထောင်ကို ပြောတာပါ။)
**အမှတ်တရ ခေါင်းကြီးပိုင်းသတင်းများ**.
ဒီမိုကရေစီခေတ် သတင်းစာ ဆရာကြီးများမှာ ပညာရှိကြီးများပီပီ၊ ခေါင်းစဉ်ကအစ စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးတတ်ကြပါ၏။ ဥပမာ… တစ်ခုကို တင်ပြလိုပါ၏။ ကေအင်န်ယူ ထိုခေတ်က အခေါ် ကေအင်န်ဒီအို ဥက္ကဌ စောဘဦးကြီးမှာ မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပြီး တိုက်ပွဲ၌ ကျဆုံးသွား၏။ အလောင်းကို ဖားအံ့ဆေးရုံရင်ခွဲရုံသို့ သယ်လာရာ ရန်ကုန်မှ သတင်းစာ ဆရာကြီးများ လေယာဉ်နှင့် ကြိုတင်ရောက်လာပြီး သူ့ထက်ငါ အလုပ်အယက် အလောင်းကို ဓာတ်ပုံရိုက်ကြ၏။ စောဘဦးကြီး အလောင်းမှာ မုတ်ဆိပ်မွေး ဖါးဖါးကြီးများရှိနေပြီး၊ တကိုယ်လုံးတွင်လည်း တိုက်ပွဲအတွင်း ရွှံ့တွေ ဗွက်တွေပေနေလေရာ ဆရာအောင်ဗလအလှည့်၌ ဆရာအောင်ဗလက အလောင်းကို တည့်တည့်ကင်မရာ ချိန်၍ ဓါတ်ပုံရိုက်မည်လုပ်တုန်း နောက်က တစ်ယောက်က တိုးလိုက်သဖြင့် တမံတလင်းနဲ့ ဖိနပ်နှစ်ပါးသွားချော်ပြီး စောဘဦးကြီး အလောင်းပေါ်မှောက်လျက်လဲတော့ရာ ဆရာအောင်ဗလ ခဗျာ၊ အလောင်းမှ အညစ်ကြေးတွေပေကုန်ပါလေရော…။
ငိုအားထက်၊ ရယ်အားသန်၊ နောက်နေ့ တခြားသတင်းစာများက အောက်ပါခေါင်းစဉ်ကြီးဖြင့် ဓာတ်ပုံပါထည့်၍ ဝေဝေဆာဆာ ရေးထည့်လိုက်ပုံက…။ ဆရာအေင်ဗလရဲ့ အဖြစ်၊ ရယ်ချင်လိုက်တာ ဖတ်ဖတ်မော၊ ရင်ဘတ်နောက်ကကျောပါတဲ့ခင်ဗျာ”
**ရန်ကုန်တိရစ္ဆာန်ရုံက ဇာတ်လမ်းလေး**
ထိုစဉ်က ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ခြင်္သေ့ရုံ၌ ခြင်္သေ့အထီးကြီးတစ်ကောင်သာရှိရာ မျိုးပွားပေးရန် လိုအပ်သဖြင့် သြစတြေးလျမှ ခြင်္သေ့မလေးတစ်ကောင်ကို သက်ဆိုင်ရာမှ ၀ယ်ယူပြီး လေယာဉ်နှင့်တင်၍ ခြင်္သေ့ရုံ၌ ခြင်္သေ့ထီးကြီးနှင့် အတူတူထား၏။ သတင်းထောက်များ ဝိုင်းအုံကာ စောင့်ကြည်ပြီး သတင်းယူ ဓာတ်ပုံရိုက်ကြ၏။ ခြင်္သေ့မလေးမှာ အရွယ်မရောက်သေး (အပျိုဖေါ်မဝင်သေး)သဖြင့် ခြင်္သေ့ထီးကြီးက မိတ်လိုက်လို၍ ကပ်လာလိုက်၊ အမလေးကခွာလိုက်၊ ကပ်လိုက်ခွာလိုက်ဖြစ်နေသဖြင့်၊ လိုရာမရောက်သောအခါ သတင်းစာဆရာကြီးများ သတင်းဖော်ပြရန် အခက်တွေ့နေလေရာ နောက်နေ့ “ကြေးမုံ”သတင်းစာ၌ ဆယ်ပွိုင့်စာလုံးမဲကြီးဖြင့်၊ အထင်သားပေါ်လာသော ခေါင်းစဉ်ကြီးကို ပြည်သူများဖတ်ပြီး သကာလ၊ အမှတ်တရရယ်မောကြရသည်မှာ တပြည်လုံး အနှံ့ ဖြစ်သွားပါတော့သည်။ဆရာ အောင်ဗလ၏ ခေါင်းစဉ်မှာ “လက်ထပ်လို့ မဖြစ်သေးပါဘူးမောင်ရယ်၊ ခင်ဟာငယ်သေးတယ်”ပါတဲ့။
ဒါမေမဲ့ ဆရာအောင်ဗလ၏ ခေါင်းစဉ်ကို စာစီဆရာ ဦးပြုံးက တနေရာမှာ အောက်ကမျှင့်ကလေးတလုံးဖြစ်အောင် မှင်လေးတစက် ချလိုက်ရာ၊ အဓိပ္ပါယ်အကြီးအကျယ် ပြောင်းလဲသွားလိုက်ပုံက “လက်ထပ်လို့ မဖြစ်သေးပါဘူးမောင်ရယ်၊ ခင့်ဟာငယ်သေးတယ်” ပါတဲ့ခင်ဗျာ။ စာဖတ်သူများ “ပေါက်”လောက်မယ်ထင်ပါရဲ့…။
မြန်မာစာ၏ အဓိပ္ပါယ် ကျယ်ပြန့်ပုံနှင့် မြန်မာစာရေးနည်းကျွမ်းကျင်ပုံတို့ကိုလည်း ထိုခေတ် ထိုအခါက မှတ်သားစရာ နည်းယူစရာတွေ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ၌ တပုံတပင်ကြီးရှိခဲ့ပါ၏။
သတင်းစာများ. အထိနာစေသော ရေးသားချက်များကြောင့်၊ အမှန်ကို ဝန်ခံကြရသူများ ပြည်သူကို ဝန်ချတောင်းပန်မှုများလည်း ထိုခေတ်က ပေါ်ပေါက်ခဲ့ပါ၏။
ဥပမာ… ပျူစောထီးများ ဓားပြတိုက်ခြင်း၊ လယ်ဝေးမြို့နယ်ပထစ အမတ-်သခင် ကြည်ရှိန် ဆိုသူမှာ (ကန်တော့ပါရဲ့) ကိုယ်ဝန်ဆောင်(၂-လ ၃-လ)ရှိသော အမျိုးသမီးများကိုသာ ရွေး၍ မုဒိမ်းကျင့်ခြင်း စသည် စသည်များကို သတင်းစာဆရာကြီးများက အားမနာတမ်းရေးလေတော့ရာ၊ ကာယကံရှင်များမှာ အပြစ်ပေးခံရခြင်း၊ ပါလီမန် အမတ်အဖြစ်ကနှုတ်ထွက်ပေးရခြင်း၊ စသည်များမှာ စာပေလွတ်လပ်ခွင်. အကျိုးရလာဒ်များပင်မဟုတ်ပါလော…။ ။
**မဟာဇော်-(မကွေး)**
**(သတင်းစာ၊ ဂျာနယ်လွတ်လပ်ခွင့်များ)**

No comments:
Post a Comment