(လန်ဒန်၊ မေလ ၁၃-ရက်)
မိမိအနေဖြင့် ချဲလ်ဆီးကို ကိုင်တွယ်သည့် ပထမနှစ်မှာပင် ဖလားဆွတ်ခူးပေးနိုင်ခဲ့သည့်အတွက် နောင်နှစ်များ စွာကြာအောင် ချဲလ်ဆီးနှင့်အတူ ဖလားများ ဆွတ်ခူးနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း နည်းပြ အန် ဆယ်လော့တီက ပြောကြားသည်။ အန်ဆယ်လော့တီသည် ပြီးခဲ့သော နွေရာသီက စီးရီးအေကလပ် အေစီမီလန်မှ ပြောင်းရွှေ့လာကာ ချဲလ်ဆီးနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုထားသည် မိမိ၏ ချဲလ်ဆီးအသင်းသည် ကစားသမား ၂၈- ဦးရှိကြောင်း၊ အများစုမှာ အသက် ၂၇-နှစ် ၀န်းကျင်ရှိကြကြောင်း အသက်ငယ်ရွယ် သေးသဖြင့် ကစားအား ကောင်း၍ ဖလားများ ထပ်မံရယူနိုင်လိမ့်မည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ (အင်တာနက်)
*** ပြင်သစ်နည်းပြဖြစ်လာရန် လောရင့်ဘလန့် အလားအလာကောင်း ***
တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲပြီးနောက် ပြင်သစ်အသင်း ဘော်ဒိုးနည်းပြ လောရင့်ဘလန့်သည် ပြင်သစ်လက်ရွေးစင်အသင်းနည်းပြဖြစ်လာရန် အလားအလာ အကောင်းဆုံးအနေအထားတွင် ရှိနေကြောင်း၊ လက်ရှိနည်းပြရေမွန်ဒိုမီနက်ခ်ျသည် တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်လက်ရွေးစင်အသင်းအား နည်းပြပြီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲပြီးလျှင် နည်းပြအဖြစ်မှ အနားယူဖွယ်ရှိကြောင်း ဖော်ပြသည်။ (အင်တာနက်)
*** လာမည့်ရာသီဖလား ပြန်ယူမည်ဟု မန်ယူနည်းပြ ဖာဂူဆန်ပြောကြား ***
(လန်ဒန်၊ မေလ ၁၃-ရက်)
လာမည့် ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူရန် သန္နိဌာန်ချထားကြောင်း မန်ယူနည်းပြဖာဂူဆန်က ပြောကြားသည်။ မန်ယူတို့ ပရီးမီးယားလိဂ်ရာသီ ပွဲသိမ်းကစားခဲ့ပြီးနောက် လေးနှစ်ဆက်တိုက် ဗိုလ်စွဲရန် ကြိုးစားမှုမှာ အဆုံးသတ်ခဲ့ရပြီဖြစ်သည်။ မိမိအသင်းသည် လာမည့်ရာသီအတွင် ပရီးမီးယားလိဂ်ဖလားအပါအ၀င် ဖလားများဆွတ်ခူးနိုင်သည့် ခြေစွမ်းရှိနေဆဲဖြစ်ကြောင်း နည်းပြဖာဂူဆန်က ပြောကြားသည်။ ချဲလ်ဆီးအသင်းသည် နောက်ဆုံးပွဲစဉ်တွင် ၀ီဂန်အသင်းကို ရှစ်ဂိုး- ဂိုးမရှိသွင်းယူပြီး ၂၀၀၆-ခုနှစ်နောက်ပိုင်း၌ ပထမဆုံးပရီးမီးယားလိဂ်ဖလားအဖြစ် ဆွတ်ခူးနိုင်ခဲ့သည်။ (အင်တာနက်)
*** ကြိုးဝိုင်းတွင် ဂျိုးပြန်လာမည့်သတင်း မမှန်ဟု အန်ဇိုပြောကြား ***
စူပါမစ်ဒယ်လ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ်ချန်ပီယံအဖြစ် ၁၁-နှစ်ကျော်မျှ လက်ဝှေ့လောကကို လွမ်းမိုးထားပြီး ၄၆-ပွဲစလုံး ရှုံးပွဲမရှိဘဲ လွန်ခဲ့သည့်နှစ်က လက်ဝှေ့လောကမှ အနားယူသွားသူ ဂျိုးကယ်လ်ဇာဂီ လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လာမည်ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ အကယ်၍ ပြန်လာမည်ဆိုပါက ဖခင် တစ်ယောက်အနေဖြင့် ဦးဆုံးသိရမည်ဖြစ်ကြောင်း ဂျိုး၏ ဖခင်လည်းဖြစ်ပြီး နည်းပြလည်းဖြစ်သူ အန်ဇိုကယ်လ်ဇာဂီက ပြောကြားသည်။ (အင်တာနက်)
*** အက်စ်တွန်ဗီလာအား အိုနေးလ် ဆက်လက်နည်းပြမည် ***
အက်စ်တွန်ဗီလာအသင်းနည်းပြ မြောက်အိုင်ယာလန်နိုင်ငံသား မာတင်အိုနေးလ်က ၄င်းအနေဖြင့် လာမည့် ဘောလုံးရာသီတွင် အက်စ်တွန်ဗီလာအသင်းကို ဆက်လက် ကိုင်တွယ်နည်းပြမည်ဖြစ်ကြောင်း ပြောကြားသည်။ (အင်တာနက်)
*** ဘော်လ်တန်မှ ထွက်ခွာချိန်တန်ပြီဟု ကာဟေးလ် ဖွင့်ဟ ***
ဘော်လ်တန်ခံစစ်မှူး ဂါရီကာဟေးလ်က ၄င်းအနေဖြင့် အသင်းမှ ထွက်ခွာချိန်တန်ပြီဟု ဖွင့်ဟပြောကြားခဲ့ကြောင်း ၄င်းအား မန်ယူ၊ မန်စီးတီး၊ အာဆင်နယ်နှင့် လီဗာပူးတို့က စာချုပ်ခေါ်ယူရန် စိတ်ဝင်စားနေကြသည်။ (အင်တာနက်)
*** ကမ္ဘာ့ဖလားကစားမည့် အင်္ဂလန်အသင်း၌ လီဗာပူးမှ ကာရေဂါ ပါဝင်နိုင်ဖွယ်ရှိ ***
(လန်ဒန်၊ မေလ ၁၃-ရက်)
လီဗာပူးနောက်တန်း ကစားသမားကာရေဂါသည် ဇွန်လအတွင်း တောင်အာဖရိကသို့ ကမ္ဘာ့ဖလားကစားရန် သွားရောက်မည် အင်္ဂလန်အသင်းတွင် ပါဝင်နိုင်ဖွယ်ရှိကြောင်း ကာပယ်လိုက ပြောကြားသည်။ အသက် ၃၂-နှစ်ရှိ ကာရေဂါသည် ယူရို ၂၀၀၄-ခုနှစ်တွင် လည်းကောင်း၊ ၂၀၀၆-ခုနှစ် ကမ္ဘာ့ဖလားတွင် လည်းကောင်း အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပေခဲ့သည်။ သို့သော် ၂၀၀၇-ခုနှစ်တွင် နိုင်ငံလက်ရွေးစင်အဖြစ်မှ အနားယူခဲ့သည်။ ကာပယ်လိုသည် ဖူလ်ဟမ်မှ ဇာမိုရာ၊ မန်စီးတီးမှ အဒမ်ဂျွန်ဆင်တို့ကိုလည်း အင်္ဂလန်အသင်းအတွက် ခေါ်ယူရန် ပြင်ဆင်လျက်ရှိသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ချစ်စိုးနိုင်***
** ချဲလ်ဆီးအသင်း၌ ကြာကြာနေဦးမည်ဟု နည်းပြ အန်ဆယ်လော့တီ ဖွင့်ဟပြောကြား ***

No comments:
Post a Comment