ပြင်သစ်နိုင်ငံ ကင်းနက်စ်မြို့တွင် (၆၃)ကြိမ်မြောက် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ကျင်းပလျက်ရှိရာ ပညာရှင် များနှင့်အတူ ဧည့်သည်တော်များ၊ နိုင်ငံတကာမှ ရုပ်ရှင်လုပ်ငန်းဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက်ကြကြောင်း ပြင်သစ်အရာရှိများက မေလ ၁၃-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** အင်ဒိုနီးရှား၌ အကြမ်းဖက်သမားများအား နှိမ်နင်း ***
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့နှင့် အနီးဝန်းကျင်မြို့များတွင် အင်ဒိုနီးရှားရဲတပ်ဖွဲ့က အကြမ်းဖက်သမားများအား နှိမ်နင်းရေးစစ်ဆင်မှုပြုလုပ်ခဲ့ရာ အကြမ်းဖက်သမား ၅-ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က မေလ ၁၃-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** အိုမန်ကမ်းလွန်၌ ဂရိကုန်တင်သင်္ဘောအပိုင်စီးခံရ ***
အိုမန်နိုင်ငံကမ်းလွန်တွင် မေလ ၁၃-ရက်နေ့ နံနက်က ဂရိကုန်တင်သင်္ဘောတစ်စင်းကို ပင်လယ်ဓားပြများက အပိုင်စီးသွားခဲ့ကြောင်း၊ ၄င်းသင်္ဘောပေါ်တွင် သင်္ဘောသား ၂၆-ဦးနှင့် ကုန်ပစ္စည်းများပါရှိကြောင်း အိုမန်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** တရုတ်တောင်ပိုင်း၌ မိုးသည်းထန်၊ မြေပြိုမှုကြောင့် ပြည်သူ ၁၀-သန်း အိုးအဲ့အိမ်မဲ့ဖြစ်ကြရ ***
(ပေကျင်း၊ မေလ ၁၃-ရက်)
တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်အတွင်း မေလ ၁၂-ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရေကြီးမှုများဖြစ်ပွားလျက်ရှိကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ အဆိုပါ ပြည်နယ်ရှိ ၀မ်ကျွမ်းစီရင်စု၌ ရေကြီးမှုအဆိုးရွားဆုံးဖြစ်ပွားလျက်ရှိပြီး ရေကြီးမှုနှင့် မြေပြိုမှုတို့ကြောင့် နေအိမ် ၁၀၀၀၀-ကျော် ပြိုကျပျက်စီးခဲ့ရပြီး ပြည်သူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သတင်းတွင် ဖော်ပြသည်။ (ဆင်ဟွာ)
*** မီးတောင်ပြာတိမ်တိုက် ထပ်မံပေါ်ပေါက် လေကြောင်းအစီအစဉ်အချို့ ရပ်ဆိုင်းထား ***
(ရေကျူဗစ်၊ မေလ ၁၃-ရက်)
အိုက်စလန်နိုင်ငံမှ မီးတောင်သည် နောက်ထပ်ပြာများ မှုတ်ထုတ်သဖြင့် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ပြတ်တောက်သွားခဲ့ပြီး ဥရောပနှင့် အခြားဒေသရှိ လေဆိပ်များတွင် လေယာဉ်များ သောင်တင်နေကြောင်း အင်တာနက်သတင်း၌ မေလ ၁၂-ရက်နေ့၌ ဖော်ပြသည်။ မီးတောင်ပြာတိမ်တိုက်သည် တောင်ပိုင်းဒေသသို့ ဦးတည်ပြီး အတ္တလန္တိတ်ဒေသတစ်ဝန်းနှင့် အနောက်တောင်ပိုင်းဒေသရှိ စပိန်နိုင်ငံသို့ လွင့်မျောသွားရာ နိုင်ငံတောင်ပိုင်းရှိ လေဆိပ်သုံးခု ပိတ်ထားရပြီး ကနေရီကျွန်းမှ လေဆိပ်လေးခုတွင် လေကြောင်းသွားလာရေးအစီအစဉ်များ ရပ်ဆိုင်းထားခဲ့သည်။ အိုက်စလန်းမီးတောင်ပြာ နောက်ထပ်ပေါ်ပေါက်မှုကြောင့် လေဆိပ်များတွင် ခရီးသည်အချို့ သောင်တင်နေပြီး လေဆိပ်ပြန်လည်ဖွင့်မည့် လတ်တလော အစီအစဉ် လည်းမရှိသေးဟု သိရသည်။ (အင်တာနက်)
*** ဆိုမာလီဓားပြများက ဘာမြူဒါနိုင်ငံသင်္ဘောအား ပြန်လွှတ်ပေးခဲ့ ***
(မိုဂါဒစ်ရှူး၊ မေလ ၁၃-ရက်)
ဆိုမာလီဓားပြများက ခြိမ်းခြောက်တောင်းခံငွေဒေါ်လာ ၂ ဒသမ ၅-သန်းရရှိပြီးနောက် ဘာမြူဒါ အလံလွှင့်ထူထားသည့် သင်္ဘောတစ်စင်းကို လွှတ်ပေးခဲ့သည်။ ယင်းသင်္ဘောသည် မတ်လ ၂၃-ရက်နေ့က အီဂျစ်နိုင်ငံမှ အီရန်နိုင်ငံသို့ လာရာလမ်းတွင် အဖမ်းခံရကြောင်း အင်တာနက်သတင်း၌ ဖော်ပြသည်။ တယ်လကာအမည်ရှိ ယင်းသင်္ဘောမှာ လိမ္မော်သီးတန်ချိန် ၅၀၀၀-ခန့် သယ်ယူလာခဲ့ခြင်းဖြစ်သည်။ ယင်းသင်္ဘော၌ လွန်ခဲ့သည့် ရက်သတ္တ ပတ်က ပြန်လည်လွတ်မြောက်လာသည်ဟု အီရန်တာဝန်ရှိပုဂ္ဂိုလ်က ဖားစ်သတင်းဌာနသို့ ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ကိန်း(စ်) နိုင်ငံတကာရုပ်ရှင်ပွဲတော်ကျင်းပ ***

No comments:
Post a Comment