*** အီရန်၏ ညူကလီးယားကြေညာချက် အစ္စရေးဝန်ကြီးချုပ် ဝေဖန်ပြောကြား ***
(ဂျေရုဆလင်၊ မေလ ၂၇-ရက်)
အီရန်နိုင်ငံ၏ ညူကလီးယားကြေညာချက်မှာ နောက်ထပ်အရေးယူပိတ်ပင်လာမည့် အရေးကို ရှောင်လွှဲရန် အတွက် အီရန်အစိုးရ၏ လိမ်လည်လှည့်ဖြားမှု ပုံစံတစ်ရပ်သာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာ ဟုက မေလ ၂၅-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** အီရန်က ဂြိုဟ်တု ၃-လုံး လွှတ်တင်ရန် ပြင်ဆင် ***
(တီဟီရန်၊ မေလ ၂၇-ရက်)
အီရန်နိုင်ငံက အာကာသလုပ်ငန်းတွင် အောင်မြင်မှုများ ဆက်လက်ရရှိနေရာ ဂြိုဟ်တု ၃-လုံး ကမ္ဘာပတ်လမ်း ကြောင်းအတွင်းသို့ လွှတ်တင်ရန် စီစဉ်လျက်ရှိသည်။ (အင်တာနက်)

*** ပီရူးနိုင်ငံ အနောက်တောင်ပိုင်း၌ မုန်တိုင်းတိုက်ခတ် ***
ပီရူးနိုင်ငံ အနောက်တောင်ပိုင်း လီမာမြို့အရှေ့ဘက်ကမ်းရိုးတန်းသို့ မေလ ၂၆-ရက်နေ့က မုန်တိုင်းတိုက်ခတ်ခဲ့ရာ နေအိမ် ၅၀-ခန့် ပျက်စီးပြီး ၂-ဦးသေဆုံးခဲ့ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပီရူးအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာတန်ဖိုးတန့်နေ ***
ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးများ အတက်အကျမရှိဘဲ တန့်နေလျက်ရှိရာ ဂျပန်ငွေကြေးဈေးကွက်တွင် မေလ ၂၇-ရက်နေ့ ဈေးပိတ်ချိန်၌ ဂျပန်ယန်းငွေ ၈၉-ယန်းလျှင် တစ်ဒေါ်လာဖြစ်နေဆဲပင်ဖြစ်ကြောင်း ဂျပန်ငွေကြေးအရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** အင်ဒိုနီးရှားကမ်းလွန်၌ ငလျင်လှုပ် ***
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီပြည်နယ်ကမ်းလွန်၌ မေလ ၂၇-ရက်နေ့ နံနက်က ရစ်ခ်ျတာစကေး ၆-ရှိသည့် ငလျင်လှုပ်ခဲ့ကြောင်း၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း အင်ဒိုနီးရှားအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** တရုတ်နိုင်ငံ ယူလင်မြို့၌ စာသင်ကျောင်းပြိုကျ ***
တရုတ်နိုင်ငံ ယူလင်မြို့၌ မေလ ၂၇-ရက်နေ့ နံနက်က စာသင်ကျောင်း နံရံပြိုကျမှုဖြစ်ပွားရာ ကျောင်းသား ၁၈-ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူလင်မြို့ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်- မောင်ချစ်ကြည် ***

No comments:
Post a Comment