မောင်ဖြူဝင်းသည် ကွမ်းညှပ်စင်ရွာတွင်လည်း ကြာကြာမနေနိုင်၊ ကိုရင်ဝတ်ပြန်သည်။ နေပြည်တော်သို့ရောက်သည်။ စာပေကျမ်းဂန် လေ့လာဆည်းပူးသည်။
သာသနာပိုင် ဗားကရာဆရာတော်ထံတွင် ဖြတ်ထုံးရေး ရဟန်းအဖြစ်လည်း နေဖူးသည်။
ကြာလေ ရင့်လေ၊ အနှစ်ပြည့်လေဖြစ်သည်။
စာချိုးစာစပ် ၀ါသနာလည်း မစွန့်လွှတ်နိုင်ပါ။
ကဗျာဥာဏ်လည်း အမှန်ပင် ရှင်သန်လှသည်။
ပဉ္စင်းပျိုဘ၀က လက်တန်းစာချိုးတစ်ခုကလည်း ပြောစမှတ်ဖြစ်အောင် ကျန်ခဲ့သည်။
တစ်ခါသော် ရွှေတောင်မှ အလုံဘက်သို့ ခရီးထွက်ခဲ့သည်။ ခရီးခုလတ် `ကြမ်းပြဲ´ဟူသော ရွာသို့ ရောက်သည်။ ရွာထဲရှိ ကျောင်း၌ ၀င်၍ တည်းခိုလေသည်။
ကျောင်ထိုင်းဘုန်းတော်ကြီးက ဦးပဉ္စင်း ဦးပဏ္ဍိတ၏ သတင်းစကားကို တစ်စွန်းတစ်စကြားဖူးထားသည်။ ထို့ကြောင့် ကဗျာဥာဏ်ကို စမ်းလိုသည်။
ကြမ်းပြဲရွာအကြောင်း၊ ဘုန်းတော်ကြီး အမြဲစားနေသော ကွမ်းအစ်နီကြီးအကြောင်း၊ ဘုန်းကြီးတူအရင်း သာပေါ်အကြောင်း၊ အစားအသောက် မဆင်ခြင်သဖြင့် ငှက်ဖျားရောဂါစွဲကပ်နေသည့်အကြောင်း၊ ငယ်စဉ်ကတည်းက ထိုးထားသည့် ထိုးကွင်းမင်ကြောင်များ အကြောင်း စသည်တို့ အစုံပါအောင် ကဗျာစပ်ခိုင်းသည်။
ဦးပဉ္စင်း ဦးပဏ္ဍိတက အဆိုင်းမတွပင်-
ကွမ်းအစ်ကြီး နီတာရဲနှင့်
ကြမ်းပြဲမှာ သူပျော်
သာပေါ်တို့ တူဝရီး။ ။
ထိုးကွင်းမင်ကြောင်နှင့်
တွေ့မရှောင် အလွန်စားတယ်
ဖျားတဲ့ ခင်ကြီး။ ။ ဟူ၍ စပ်ဆိုလိုက်လေသည်။
ကြမ်းပြဲဘုန်းတော်ကြီးမှာ များစွာပင် သဘောတွေ့ခဲ့လေသည်။ ကြမ်းပြဲကျောင်းတွင် သီတင်းသုံးပါရန် ပင့်ဖိတ်လေသည်။
ဗန်မော်ဆရာတော်လောင်းက လက်မခံခဲ့ပါချေ။ ဆွမ်းစားအနားယူပြီးနောက် အလုံသို့ ခရီးဆက်ခဲ့လေသည်။
*** နေဘုန်းဝေ ***
မှတ်ချက်။ ။ စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များမှ ကူးယူဖော်ပြသည်။/span>
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment