`မင်းက ခု ဘာလုပ်စားနေသလဲ´
တပည့်ဒကာတစ်ဦးကို ဆရာတော်က မေးသည်။
`တပည့်တော်ကတော့ မျိုးစုံပါပဲ ဘုရား´
တပည့်ဒကာက လျှောက်ထားသည်။
`မင်း မျိုးစုံဆိုတာ ရှင်းစမ်းပါဦးကွယ့်´
`ဒီလိုပါဘုရား တပည့်တော်က ပွဲစားလဲလုပ်တယ်။ ဆေးလဲ ကုတယ်။ ဗေဒင်လဲ ဟောတယ်။ လက်သမားလဲ လုပ်တယ်။ ကြုံရင်၊ ကြုံသလို မျိုးစုံလုပ်တာကို ပြောတာပါ ဘုရား´
`မင်းဟာ ယောင်သုံးတယ်သမားကိုးကွ´
`မိန့်တော်မူပါဦး ဘုရား´
`အင်း- တစ်ခါတုန်းက ရွာတစ်ရွာမှာ လင်မယားနှစ်ယောက် ရှိတယ်။ လင်ဖြစ်သူက ဘာမှ မည်မည်ရရ မလုပ်ဘူး။ ဟိုစပ်စပ် ဒီစပ်စပ်နဲပ။ ဘာမှတော့ မကျွမ်းကျင်ဘူး။ တီးမိခေါက်မိတော့ သိတယ်။ မိန်းမက ဈေးရောင်းပြီး ကျွေးရတယ်။´
တစ်နေ့ လင်မယားနှစ်ဦး ခရီးထွက်ခဲ့ကြလေသည်။ လမ်းတွင် မြစ်တစ်ခုကိုအဖြတ် လင်ဖြစ်သူသည် မြစ်ထဲလိမ့်ကျလေသည်။ ထိုသူမှာ အလုပ်မျိုးစုံသာ လုပ်နေပါသည်ဟု ဆိုသော်လည်း ရေမှာမူ ကောင်းစွာ မကူးတတ်ချေ။
`ကယ်ကြပါဦးရှင်၊ ကျမလင် ယောင်သုံးတယ်ရေနစ်နေလို့ပါ၊ ကယ်တော်မူကြပါ´
မိန်းမဖြစ်သူက ကြောက်အားလန့်အားနှင့် အော်သည်။
ငါးဖမ်းနေသော တံငါသည်များက ကြားသည်။ ခေါင်းတစ်လုံးတည်းတွင် သျှောင်သုံးဆယ် ထုံးထားသည်လား၊ ခေါင်းသုံးဆယ်ပင်ရှိသော သူလေလား။ တစ်ခုခုတော့ ထူးဆန်းသည်ပင်။ ဤသို့ တွေးမိကြရင်း ၀ိုင်းဝန်းကယ်ဆယ်ကြလေသည်။ ဆယ်ပြီးနောက် ကြည့်ကြသည်။ ခေါင်းတစ်လုံးသျှောင်တစ်လုံးသာ ပါသောသူဖြစ်နေသည်။ ဘာမျှ မထူးဆန်း။
`ခင်ဗျား အော်တုန်းက သျှောင်သုံးဆယ်ဆို၊ ခုသျှောင်တစ်ထုံးတည်းပါလား။ ဘာကြောင့်ညာအော်ရတာလဲ´
`မညာပါဘူး ရှင်တို့ရယ်။ ကျမယောင်္ကျားက ဘာမှ မည်မည်ရရမလုပ်ဘဲ ဟိုစပ်စပ် ဒီစပ်စပ် လုပ်လို့ သူ့ကို ယောင်သုံးဆယ်လို့ ခေါ်ကြတာပါ။ ကျမလဲ အဲဒါ စွဲပြီး အော်မိတာပါ မောင်ကြီးတို့ရယ်။´
`ဒီလို ယပက်လက်နဲ့ ယောင်သုံးဆယ်သမားမှန်း သိရင် ကျုပ်တို့ မကယ်ပါဘူးဗျာ´ တံငါသည်များက ညည်းညူပြောဆိုကြလေသည်။
`ဒီလိုပဲ၊ ငါ့တပည့် မင်းရေနစ်ရင်တောင် ကယ်မယ့်သူမရှိ ဖြစ်နေဦးမယ်။ တစ်ခုခုတော့ စွဲစွဲမြဲမြဲ ဇောက်ချလုပ်တပည့်ရဲ့´
`မှန်လှပါအရှင်ဘုရား၊ တပည့်တော် တစ်ခုခုကို တရားသဖြင့် စွဲစွဲမြဲမြဲ ဇောက်ချလုပ်ပါတော့မယ် ဘုရား´
`သာဓု သာဓု သာဓု´
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
** စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ **

No comments:
Post a Comment