တစ်ခါသော် ဗန်းမော်ဆရာတော် ခရီးထွက်ခိုက် ဦးပဉ္စင်းနှစ်ပါးတို့ စကားများရန်ဖြစ်ကြသည်။ ဗန်းမော်ဆရာ တော် ပြန်ကြွမလာမီပင် ခွင့်မရဘဲ ဦးဉ္စင်းတစ်ပါးက မိမိသဘောအလျောက် ကျောင်းမှ ထွက်သွားသည်။ အခြား ကျောင်းတစ်ကျောင်းတွင် သွားရောက်သီတင်းသုံးသည်။
ဗန်းမော်ဆရာတော်ခရီးမှ ပြန်ရောက်လာသည်။ အခြားဦးပဉ္စင်းများထံမှ သတင်းစုံကို သိရသည်။ သို့နှင့် စာသင် သားအားလုံးကို စုဝေးစေသည်။

“မောင်ပဉ္စင်းတို့ တော်တော် ခက်ကြပါလား၊ မောင်ပဉ္စင်းတို့ ဆွမ်း၊ သင်္ကန်းကစ လိုလေသေးမရှိအောင် ဘုန်းကြီးက ထောက်ပံ့တယ်။ စာပေပရိယတ္တိကို သင်ပေးရတယ်။ ဆံထုံးလဲ ထုံးပေးရ၊ ဆီလဲ စိုက်ရဆိုသလိုပဲ၊ ထွက်သွားတဲ့ မောင်ပဉ္စင်းကတော့ ပညာနဲ့ မနေတတ်လို့ပဲလို့ ဆိုရမှာပဲ”
ဗန်းမော်ဆရာတော်က ဆုံးမစကားဆိုသည်။
“အေး- ပညာဆိုတာလဲ သိဦးမှ”
ဆရာတော်က ပုံပြင်ဥပမာတင်ရင်း တပည့်စာသင်သားတို့ကို ဆုံးမစကား ဆိုပါသည်။ ဆရာတော်ပြောသည့်ပုံပြင်မှာ စိတ်ဝင်စားစရာလည်း ကောင်းသည်။ ရွှင်ပြုံးစရာလည်း ကောင်းလှပါသည်။
ရှေးက ရွာတစ်ရွာတွင် ရိုးသားသော လင်မယား နှစ်ယောက်ရှိသည်။ လင်ဖြစ်သူမှာ အရောင်းအ၀ယ်သမားဖြစ်သည်။ မယားကို အလွန်ချစ်သည်။ မယားဖြစ်သူကလည်း လင်ကိုချစ်သည်။ သို့တစေ- မယားဖြစ်သူသည် ရိုးအသည်။ ပညာဥာဏ်နည်းသည်။ အမြော်အမြင် နည်းသည်။
တစ်နေ့သော် လင်ဖြစ်သူမှာ အရောင်းအ၀ယ်ကိစ္စနှင့် ခရီးထွက်ရန် အကြောင်းပေါ်သည်။ ချစ်လေ စိတ်မချလေဖြစ်သော လင်ဖြစ်သူက မယားဖြစ်သူကို မှစရာရှိသည်များ သွန်သင်မှာကြားသည်။ မယားဖြစ်သူမှာ မှတ်ဥာဏ်နည်းသည်။ ရှေ့ပြောနောက်မေ့ ဖြစ်သည်။ ပြန်၍ စစ်ဆေးမေးမြန်းတိုင်း ကပေါက်တိ ကပေါက်ချာဖြစ်နေသည်။ မှာရင်းသာ လျှာထွက်သေရမတတ်ဖြစ်နေသည်။
“ကဲ- မိန်းမရေ၊ မှာတာများလေ မမှတ်မိလေ ဖြစ်တော့မှာပဲ။ အချိန်လဲ သိပ်မရတော့ဘူး။ တိုတိုပဲ မှာခဲ့မယ်။ ပညာနဲ့စား၊ ပညာနဲ့နေ၊ ပညာနဲ့အိပ်ပေတော့”
“စိတ်သာချသွားပါ။ ကျမ ကောင်းကောင်း မှတ်မိပါတယ်။ ရှင်မှာတဲ့အတိုင်း အတိအကျ လိုက်နာပါ့မယ်”
မိန်းမဖြစ်သူက ကတိပေးစကား ပြောလိုက်သည်။ ပြောသာ ပြောလိုက်ရသည်။ “ပညာ”ဆိုသည်ကို ဘာရယ်မသိ၊ မေးလျှင် ရှင်းကာမှ ပို၍ရှုပ်မည်ကိုလည်း စိုးရိမ်သည်။ ထို့ကြောင့် မမေး။
လင်ဖြစ်သူ ခရီးထွက်သွားသည်။
“ပညာ”ဆိုသည်ကို သူမ စဉ်းစားသည်။
နောက်ဆုံးတွင် သတိရတွေးမိသွားသည်။ တစ်လမ်းတည်းနေ ရှမ်းလူမျိုး ကိုပညာပဲ ဖြစ်မှာဟု တွေးမိသည်။ ထို့ကြောင့် ကိုပညာကို တောင်းပန်၍ သွားခေါ်သည်။ ကိုပညာနှင့် အတူစားသည်။ ကိုပညာနှင့် အတူနေသည်။ ကိုပညာနှင့် အတူအိပ်သည်။
ိလင်ဖြစ်သူ ခရီးထွက်ရာမှ ပြန်ရောက်လာသည်။ ကိုပညာနှင့် အတူနေသည်ကို တွေ့သည်။ ဖောက်ပြန်ရကောင်းလားဟုဆိုရာ မယားဖြစ်သူကို ရိုက်သည်။ ဤတွင် မယားဖြစ်သူက…
“ရှင်ပဲ ခရီးထွက်ခါနီးတုန်းက ပညာနဲ့စား၊ ပညာနဲ့နေ၊ ပညာနဲ့အိပ်ဆို၊ ကျမမှာ မနည်းတောင်းပန်ပြီး ခေါ်ခဲ့ရတာ”ဟူ၍ ဖြေသည်။
ကောင်းရော၊ လင်ဖြစ်သူမှာ ရင်ဆို့တော့သည်။
“ငါပြောတာက ဒီ ကိုပညာကို ပြောတာမဟုတ်ဘူး။ ဥာဏ်ပညာကို ပြောတာ”
အလွန်စဉ်းစားဥာဏ်နည်းပြီး အလွန်အသော မိန်းမကို ဆက်၍ ရိုက်လေတော့သည်။
“ကဲ မောင်ပဉ္စင်းတို့၊ ပညာဆိုတာ ဘာလဲလို့ သိအောင်ကြိုးစား၊ ပညာကြိုးစား၊ ထွက်သွားတဲ့ မောင်ပဉ္စင်းလဲ ပညာနဲ့ မနေတတ်လို့သာ မှတ်ကြပေရော့”
ဆရာတော်က ပုံပြင်နှင့် ပုံတင်ကာ ဆုံးမစကား ပြောကြားလေသည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment