အတူတကွ ရုံးဆင်း
ပုဂံခြံဝန်းမှာ အတူတကွ နေခဲ့တဲ့
မိတ်ဆွေကြီး ကိုညွှန့်ကြူး
စိတ်ကူးထဲမှာ သူ့ရုပ်ပုံတွေပေါ်လာ
လွမ်းစရာ ပါပဲဗျာ။
`ဖန်မီးအိမ် နန်းချည်ကျွမ်းအောင်´ဆိုတဲ့
အလွမ်းပြေ ဘာသာပြန်လက်ရာ
ဖတ်မိတဲ့အခါမှ
သူ့ခမျာ အသေစောလို့
နှမြော မိရတယ်။
ညွှန့်ကြူးဟာ စာသမားစစ်စစ်
စာကလွဲရင် ဘာကိုမှမချစ်
(အဲ… အဲ သူ့မိန်းမ မရီရီဌေးကိုတော့ ချစ်သပေါ့)
ချစ်ခါစ စုံတွဲကလေးလို
ဈေးမှာတွေ့၊ ကျောင်းမှာတွေ့
ရုံးမှာတွေ့ ရုပ်ရှင်ရုံမှာတွေ့
တောင်ရိုးဓလေ့ ကဗျာထဲကလို
`မိနှင့် မောင်မှာ
မနက်လဲဆုံ၊ ညလဲဆုံ
ဆုံနေရက်နဲ့ လွမ်းလေခြင်း´ ဆိုသလိုပါပဲ။
အခုတော့ ဇနီးခမျာ တကိုယ်တည်းသာ
စာအုပ်ကလေးတွေ အဖော်ပြုရင်း
ဥတုသုံးလီ ရာသီစက်ဝန်းတွေကို
အလွမ်းနဲ့ ဖြတ်သန်းနေရ ရှာပြီလေ။
တကသ လက်ဖက်ရည်ဆိုင်မှာ
အတူထိုင် အတူငြင်း
ပွင့်လင်းတဲ့ သူ့စိတ်ထား
ဘာသာစကား ပညာရပ်ကိုလဲ
စဉ်ဆက်မပြတ် စိတ်ဝင်စား
ရုရှားက သူပြန်လာတော့
ကဗျာရယ် ဘာသာစကားရယ် မျက်စိရယ်
လက်ဖက်ရည်နဲ့ အမြဲမြည်း
ဆေးပေါ့လိပ်မီး တငွေ့ငွေ့နဲ့
ချမ်းမြေ့စွာ နေခဲ့တယ်။
ကျေးလက်ထနောင်းရိပ်မှာ
အိပ်ပျော်နေတဲ့ မြန်မာကဗျာကို
နိုးထလာအောင် သူ့လှုံဆော်
ခေတ်ပေါ်ကဗျာ ထွန်းကားရေးအတွက်
တွန်းအားပေးခဲ့သူ တဦးပါ။
ကျေးလက်မှ မြို့ပြ၊ ပြောင်းလဲလာကြ ခံစားပုံ
အာရုံ ခံစားနိုင်စွမ်း၊ ယခင်နဲ့မတူ ဆန်းပြီမို့
ကဗျာလမ်း အသစ်ဖောက်
`ဒိတ်အောက်´နေတဲ့ အလင်္ကာတွေစွန့်
ကွန့်မြူးဆန်းသစ်တဲ့ နိမိတ်ပုံတွေနဲ့
ခေါ်ပေါ်ဂုဏ် မြောက်စေရမတဲ့။
ကဗျာချစ် စာချစ်
ခေတ်သစ်ကို ရည်မျှော်တဲ့
ကျနော်တို့ရဲ့ ညွှန့်ကြူး
ခေတ်လှိုင်းတွေ လိမ့်လိမ့်လူးနေတုန်း
အာရုဏ်ဦးမှာ ကြွေလွင့်ရှာပါပကော…။
နှမြောမိပါရဲ့ သူငယ်ချင်း…။ ။
*** တင်မိုး ***
(၁၆၊ ဇွန်၊ ၁၉၉၉၊ စနေနေ့ နံနက်ခင်း)
တက္ကသိုလ် ဘာသာပြန်ဌာနမှာ
အတူတကွ ရုံးဆင်း
ပုဂံခြံဝန်းမှာ အတူတကွ နေခဲ့တဲ့
မိတ်ဆွေကြီး ကိုညွှန့်ကြူး
စိတ်ကူးထဲမှာ သူ့ရုပ်ပုံတွေပေါ်လာ
လွမ်းစရာ ပါပဲဗျာ။
`ဖန်မီးအိမ် နန်းချည်ကျွမ်းအောင်´ဆိုတဲ့
အလွမ်းပြေ ဘာသာပြန်လက်ရာ
ဖတ်မိတဲ့အခါမှ
သူ့ခမျာ အသေစောလို့
နှမြော မိရတယ်။
ညွှန့်ကြူးဟာ စာသမားစစ်စစ်
စာကလွဲရင် ဘာကိုမှမချစ်
(အဲ… အဲ သူ့မိန်းမ မရီရီဌေးကိုတော့ ချစ်သပေါ့)
ချစ်ခါစ စုံတွဲကလေးလို
ဈေးမှာတွေ့၊ ကျောင်းမှာတွေ့
ရုံးမှာတွေ့ ရုပ်ရှင်ရုံမှာတွေ့
တောင်ရိုးဓလေ့ ကဗျာထဲကလို
`မိနှင့် မောင်မှာ
မနက်လဲဆုံ၊ ညလဲဆုံ
ဆုံနေရက်နဲ့ လွမ်းလေခြင်း´ ဆိုသလိုပါပဲ။
အခုတော့ ဇနီးခမျာ တကိုယ်တည်းသာ
စာအုပ်ကလေးတွေ အဖော်ပြုရင်း
ဥတုသုံးလီ ရာသီစက်ဝန်းတွေကို
အလွမ်းနဲ့ ဖြတ်သန်းနေရ ရှာပြီလေ။
တကသ လက်ဖက်ရည်ဆိုင်မှာ
အတူထိုင် အတူငြင်း
ပွင့်လင်းတဲ့ သူ့စိတ်ထား
ဘာသာစကား ပညာရပ်ကိုလဲ
စဉ်ဆက်မပြတ် စိတ်ဝင်စား
ရုရှားက သူပြန်လာတော့
ကဗျာရယ် ဘာသာစကားရယ် မျက်စိရယ်
လက်ဖက်ရည်နဲ့ အမြဲမြည်း
ဆေးပေါ့လိပ်မီး တငွေ့ငွေ့နဲ့
ချမ်းမြေ့စွာ နေခဲ့တယ်။
ကျေးလက်ထနောင်းရိပ်မှာ
အိပ်ပျော်နေတဲ့ မြန်မာကဗျာကို
နိုးထလာအောင် သူ့လှုံဆော်
ခေတ်ပေါ်ကဗျာ ထွန်းကားရေးအတွက်
တွန်းအားပေးခဲ့သူ တဦးပါ။
ကျေးလက်မှ မြို့ပြ၊ ပြောင်းလဲလာကြ ခံစားပုံ
အာရုံ ခံစားနိုင်စွမ်း၊ ယခင်နဲ့မတူ ဆန်းပြီမို့
ကဗျာလမ်း အသစ်ဖောက်
`ဒိတ်အောက်´နေတဲ့ အလင်္ကာတွေစွန့်
ကွန့်မြူးဆန်းသစ်တဲ့ နိမိတ်ပုံတွေနဲ့
ခေါ်ပေါ်ဂုဏ် မြောက်စေရမတဲ့။
ကဗျာချစ် စာချစ်
ခေတ်သစ်ကို ရည်မျှော်တဲ့
ကျနော်တို့ရဲ့ ညွှန့်ကြူး
ခေတ်လှိုင်းတွေ လိမ့်လိမ့်လူးနေတုန်း
အာရုဏ်ဦးမှာ ကြွေလွင့်ရှာပါပကော…။
နှမြောမိပါရဲ့ သူငယ်ချင်း…။ ။
*** တင်မိုး ***
(၁၆၊ ဇွန်၊ ၁၉၉၉၊ စနေနေ့ နံနက်ခင်း)
No comments:
Post a Comment