တစ်ခါသော် မင်းတုန်းမင်းတရားကြီးသည် ဗန်းမော်ဆရာတော်အား နန်းတော်သို့ပင့်၍ ဆွမ်းကပ်သည်။ ဆွမ်းကပ်ပြီးနောက် မင်းတုန်းမင်းကြီးက ဗန်းမော်ဆရာတော်ကို ဤသို့ မေးလျှောက်ခဲ့လေသည်။
“ဆရာတော်ဘုရား၊ တပည့်တော်လဲ လက်လှမ်းမီသမျှ စာပေကျမ်းဂန်တွေကို ဖတ်ရှုပါတယ်။ အဲဒီမှာ ကံ၊ ဥာဏ်၊ ၀ီရိယ သုံးပါးရှိတဲ့အနက် ဘယ်သင်းက ပိုပြီးအရေးကြီးတယ်ဆိုတာ မဝေခွဲတတ်အောင်ပါပဲ ဘုရား”
မင်းတုန်းမင်းတရားကြီးက လျှောက်ထားမေးမြန်းသည်။
“မှန်ပေတယ် ဒကာတော်ရေမြေ့ရှင်၊ ဒီသုံးခုအနက် ဘယ်ဟာ ပိုအရေးကြီးသလဲဆိုတာကို ပုံပြင်တစ်ပုဒ်နဲ့ ပမာတင်ပြောပြချင်တယ်။”
“မှန်လှပါဘုရား”
ရွာတစ်ရွာမှာ ငယ်သူငယ်ချင်း သုံးယောက်ရှိတယ်။ တစ်ဦးက ကံကိုသာ အားထားယုံကြည်တယ်။ တစ်ဦးကတော့ ဥာဏ်သည်သာ အဓိကလို့ ယုံကြည်တယ်။ နောက်တစ်ဦးကတော့ ၀ီရိယသာလျှင် ပဓာနလို့ ယုံကြည်တယ်။
“ငယ်ပေါင်းတွေဖြစ်ပေမယ့် ယုံကြည်ချက်ချင်းမတူညီဘူး၊ ဆုံတိုင်း ကြုံတိုင်း ကံသမားကလဲ ကံ၊ ဥာဏ်သမားကလဲ ဥာဏ်၊ ၀ီရိယသမားကလဲ ၀ီရိယသာလျှင် အဓိကဖြစ်ကြောင်း ပြောကြ ငြင်းကြတယ်။”
“လောကမှာ ကံသာလျှင် အမိ၊ ကံသာလျှင် အဖ၊ ဆိုတဲ့ စကားလိုပဲ အရာရာမှာ ကံသာအဓိကပဲ၊ ကံကောင်းရင် တစ်ချက်ဆိုတာလို ကံကောင်းပြီဆိုရင် ဘာမဟုတ်တာလေးပေမယ့်။ ချမ်းသာသွားနိုင်တယ်။ ကံမခိုင် သံတိုင် အိမ်ဆောက်ပေမယ့် ကံမှောက်ရင်လဲဆိုတာလိုပဲ ကံမကောင်းရင် ဘာလုပ်လုပ် ခံရမှာချည်းပဲ မှတ်ပေတော့ သူငယ်ချင်းတို့။”
ကံသမားက အခိုင်အမာ ပြောသည်။
“လောကမှာ ဥာဏ်သာလျှင် အဓိကပါ။ ဥာဏ်မရှိရင် ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။ မြတ်စွာဘုရားသခင်ကတောင် တရားရဖို့အဆင့်ကို ဥာဏ်စဉ်ဆယ်ပါးလို့ ဟောခဲ့တာပဲ။”
ဥာဏ်သမားကလည်း အကိုးအကားများနှင့် ပြောသည်။
“လောကမှာ ၀ီရိယသာ အရေးကြီးဆုံး သူငယ်ချင်းတို့။ မင်းတို့က ပျင်းတိုင်း ကံလွှဲချ၊ ဥာဏ်လွှဲချနဲ့၊ တကယ်တော့ လောကမှာ ဘာမဆို ၀ီရိယထားပြီး လုပ်မှ ကြီးပွားတိုးတက်မှာကွ။”
“ဒကာတော်ရေ၊ သူတို့ သုံးဦးသားဟာ တွေ့တိုင်း အဲသလိုပဲ ငြင်းခုံကြတယ်။ ဒါပေမယ့် အနိုင်အရှုံး မပေါ်ဘူး။ တစ်ယောက်ကမှလဲ အလျှော့မပေးဘူး။ ကြာတော့ ဘေးပတ်ဝန်းကျင်ကပါ စိတ်ရှုပ်လာကြတယ်။ ဒီတော့ ရွာခေါင်းဆီသွားပြီး အဆုံးအဖြတ်ခံဖို့ တိုက်တွန်းတယ်။”
“ဒါနဲ့ အဆုံးအဖြတ်ခံဖို့ ရွာခေါင်းဆီ ရောက်သွားကြတယ်။ ရွာခေါင်းဆီရောက်တော့လဲ ကိုယ်သန်ရာ သန်ရာအကိုးအကားတွေနဲ့ တင်ပြပြောဆိုကြတယ်။ ရွာခေါင်းလဲ မဆုံးဖြတ်တတ်တော့ဘူး။ သုတို့ သုံးယောက်ကို ရွာသူကြီးဆီ သွားဖို့ ညွှန်လိုက်တယ်။”
“ဒီလိုတင်ပြကြ၊ ငြင်းကြ၊ ခုံကြရင်းနဲ့ သူကြီးကနေ မြို့ဝန်၊ မြို့ဝန်မင်းရုံးကနေ လွှတ်တော်၊ လွှတ်တော်ကလဲ မဆုံးဖြတ်နိုင်တော့ မင်းကြီးဆီထိ ရောက်ကြတော့တယ်။”
“ဘုရင်မင်းတရားကြီးလဲ ပြိုင်ဆိုင် ငြင်းခုံကြတဲ့ သူငယ်ချင်းသုံးယောက်ကိုခေါ်ယူတွေ့ဆုံတယ်။ တင်ပြချက်၊ လျှောက်ထားချက်တွေကို သေသေချာချာ ကြားနာတယ်။”
“မောင်မင်းတို့ လျှောက်တင်တဲ့ အချက်တွေကို ကြားနာလို့တော့ ပြီးပြီ။ ဒါပေမယ့် ဆုံးဖြတ်စီရင်ချက်ကို ချက်ချင်း မချသေးဘူး။ မောင်မင်းတို့ သုံးယောက်စလုံး နေပြည်တော်ရဲ့ တောင်ဘက်မှာရှိတဲ့ တောအုပ်ထဲမှာ သွားပြီး နေကြရမယ်။ နန်းတော်က အမိန့် တစ်စုံတစ်ရာမရမချင်း ဘယ်ရွာနားကိုမှမသွားရ၊ မကပ်ရဘူး။ သွားရင် သေဒဏ်ပဲ။”
“ဘုရင်ကြီးက အဲသလို အမိန့်တော်မှတ်ပြီး နယ်နှင်ဒဏ်ပေးထားလိုက်တယ်။”
“ဘုရင့်အမိန့်တော်နဲ့ ချက်ချင်း ထွက်လာကြရတော့ သုံးဦးသားမှာ ဘာရိက္ခာမှ ပါမလာကြဘူး။ သည်လိုနဲ့ တောထဲမှာ ဆာဆာနဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာ နားရင်း အပန်းဖြေ အိပ်စက်ကြတယ်။”
“ကံသမားကတော့ ကံကောင်းရင် စားရမှာပဲလို့ ကံအားကိုးနဲ့ အိပ်တော့တာပဲ။”
“ဥာဏ်သမားကတော့ အစာရအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ တွေးနေလိုက်တာ မိုးသာလင်းရော အိပ်မပျော်ဘူးတဲ့။”
“အရုဏ်တက်ချိန်ရောက် သူတို့အိပ်နေတဲ့နေရာရဲ့ တောင်ဘက်ဆီက ကျီးအော်သံကြားရသတဲ့။ ဥာဏ်သမားက စဉ်းစားတယ်။ ဒါဟာ အစာတွေ့လို့ အစာလုရင်းအော်တဲ့ ကျီးအော်သံဖြစ်မှာပဲလို့ စဉ်းစားပြီး အိပ်နေတဲ့ သူငယ်ချင်းတွေကို နှိုးလိုက်တယ်။”
“အစာရဖို့ လမ်းစရပြီ။ တောက်ဘက်က ကျီးအော်သံတွေ ကြားတယ်မဟုတ်လား သူငယ်ချင်းတို့။”
“ဘာ… အစာရဖို့ လမ်းစရပြီ၊ ဟုတ်လား။ ဒါဆို လာသွားမယ်။ ၀ီရိယဆိုတာ ထားနိုင်မှ တန်ကာကျတယ်။”
ဝီရိယသမားက ချက်ချင်းပင် ထိုသို့ပြောသည်။
“ဘာ… အစာရဖို့ လမ်းစရပြီ၊ ဟုတ်လား။ လုပ်မနေပါနဲ့ကွာ။ ကံကောင်းရင် စားရမှာပေါ့။”
ကံသမားက ထိုသို့ပြောပြီး ပြန်လှဲနေသည်။
“ဒီလိုနဲ့ ဥာဏ်သမားနဲ့ ၀ီရိယသမားတို့ဟာ ကျီးအော်သံတွေ ကြားတဲ့ဘက် ထွက်ခဲ့ကြတယ်။ ဥာဏ်သမားစဉ်းစားထားတဲ့အတိုင်းပဲ။ တောထဲက စေတီတစ်ဆူရဲ့ဘေးသင်ပုတ်ပလ္လင်မှာ ရွာသားတွေက ဆွမ်းစွန့်ထားတာ တွေ့ရတယ်။ သူတို့နှစ်ဦး ထမင်းဟင်းတွေ တစ်ဝစားလိုက်ကြတယ်။ ပိုတဲ့ ထမင်းတွေကိုလဲ နောက်စားရအောင်ဆိုပြီး ဖက်နဲ့ထုပ်ပြီး ယူခဲ့ကြတယ်။”
“သူတို့ နားတဲ့ သစ်ပင်ကြီးဆီ ပြန်ရောက်တယ်။ အိပ်နေတဲ့ ကံသမားကို နှိုးပြီး ထမင်းကျွေးတယ်။ အဲဒီမှာ ကံသမားက ဘာပြောသလဲဆိုတော့။”
“တွေ့လား၊ ဥာဏ်လဲ မလိုဘူး။ ၀ီရိယလဲ မလိုဘူး။ ကံကောင်းတော့ စားရတာပဲ မဟုတ်လား။”
“သူငယ်ချင်း ဒီလို ကျေးဇူးကန်းစကား မပြောနဲ့ ။ငါသာ စဉ်းစားဥာဏ်မကောင်းရင် မင်းခုလို စားရမှာ မဟုတ်ဘူး။”
“ဒါလဲ မဟုတ်သေးဘူးကွ။ ၀ီရိယထားပြီး သွားမရှာရင် ဘယ်ရမလဲ။ နောက်ကျသွားရင် ကျီးတွေ စားတာနဲ့ ကုန်မှာ။ ၀ီရိယအကျိုးကြောင့် စားရတာ။”
“သူတို့ ငြင်းနေတုန်း အမတ်ငယ်တစ်ယောက်နဲ့ မင်းချင်းတွေရောက်တဲ့အခါမှာ အမတ်ငယ်က တောတွင်းအဖြစ်အပျက်အားလုံးကို သေသေချာချာ လျှောက်ထားတယ်။ ”
“ဒီတော့မှ သူတို့ သုံးယောက်နောက်ကို လိုက်စုံစမ်းတာ သိတယ်။ အမတ်ငယ်ရဲ့ လျှောက်ထားချက်ဆုံးတော့မှ ဘုရင်ကြီးက…။”
“ကံချည်းပဲ အားကိုးနေလို့မရသလို ဥာဏ်ချည်းပဲလဲ အားကိုးလို့မရဘူး။ အဲသလိုပဲ ၀ီရိယချည်းပဲလဲ အားကိုးလို့ မရနိုင်ဘူး။ ကံ၊ ဥာဏ်၊ ၀ီရိယ မျှတကြမှသာလျှင် သူ့နေရာနဲ့သူ အောင်မြင်နိုင်တယ်။ မောင်မင်းတို့ သုံးယောက်လဲ ပြိုင်ဆိုင်မာနထားမယ့်အစား ညီညွတ်ကြရမယ်။”
“အဲသလို ဘုရင်မင်းမြတ်က ကံသမားကို အိမ်ရှေ့အရာ၊ ဥာဏ်သမားကို ခုံသမာဓိ မင်း၊ ၀ီရိယသမားကိုတော့ စစ်သေနာပတိ အသီးသီး ချီးမြှင့်မြှောက်စားလိုက်သတဲ့ ဒကာတော်ရေမြေ့ရှင်”
“ဒါကြောင့် ကံရယ်၊ ဥာဏ်ရယ်၊ ၀ီရိယရယ် ဘယ်သင်းကမှ ဦးဆောင်တယ်မဟုတ်ဘူး။ အားလုံးညီညွတ်မျှတတယ်လို့ မှတ်ယူရမယ်။”
“ရှင်းလင်း သဘောပေါက်ကြောင်းပါဘုရား”
မင်းတုန်းမင်းတရားကြီးက ဗန်းမော်ဆရာတော်အား လျှောက်ထားပြီး ရိုသေစွာ ကန်တော့လေသည်။
*** နေဘုန်းဝေ ***
(စာချိုးအကျေုာ် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျေုာ် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment