ဗန်းမော်ဆရာတော်ကား အသက်ဘေးနှင့် ကြုံနေခိုက်တွင်ပင် စာချိုးဖြစ်အောင် ချိုးလိုက်သေးသည်။ ထို့ကြောင့်လည်း ဗန်းမော်ဆရာတော်၏ အကြောင်းအရာအဖြစ် အပျက်များသည် ပြောစမှတ်တွင်နေခြင်း ဖြစ်သည်။
တစ်ခါသော် ဗန်းမော်ဆရာတော်၊ သင်္ဂဇာဆရာတော်၊ ဦးသောဘိတ၊ ဦးဂန္ဒာနှင့် ဦးသြဘာတို့သည် ပဉ္စင်းခံသိမ်တက်ပွဲတစ်ခုကို ဦးစီးကျင်းပရန် ရောက်ရှိခဲ့ကြသည်။ ဧရာဝတီမြစ်လယ်တွင် အသေအချာ ကျောက်ချထားသော ၀ါးဖောင်ကြီးတစ်ခုကို ရေသိမ်အဖြစ် အသုံးချမည်ဖြစ်ပါသည်။
ဗန်းမော်ဆရာတော်နှင့်တကွ အမေးဆရာတော်များ၊ ပဉ္စလောင်း၊ ပဉ္စင်းဒကာတို့သည် သင်္ကန်းပရိက္ခရာ ကမ္မ၀ါစာများနှင့်တကွ ရေသိမ်ဝါးဖောင်ကြီးပေါ်သို့ လှေဖြင့် ရောက်ရှိလာကြသည်။
ပထမအကြိမ် နမောတဿသုံးခေါက်ရွတ်အပြီးတွင် မမျှော်လင့်ဘဲ လေပြင်းမုန်းတိုင်းကြီးတိုင်းကြီးကျရောက်တော့သည်။ လေပြင်းမုန်းတိုင်းမှာ ပြင်းထန်လှသည်။ ၀ါးဖောင်ကြီးမှာ လေပြင်းဒဏ်မခံနိုင်ဘဲ ပျက်တော့သည်။
ဆရာတော်များနှင့်တကွ အားလုံးပင် အသက်ဘေးမှ လွတ်မြောက်ရန် ကူးခတ်ကြရတော့သည်။ လေမှာ ပြင်းလွန်းသဖြင့် ကမ်းသို့ ကူးခတ်ရန် မလွယ်ကြပါ။ ဤသို့ အသက်လုနေရစဉ်တွင်ပင် ဗန်းမော်ဆရာတော်က စာချိုးဖြစ်အောင် စာချိုးလိုက်လေသည်။
တို့သားအမိ ကံကောင်းဆိုး
ရေရိုးကိုတဲ့ မျောတော့မယ်
ကျန်ရစ်သူ မိတ်ဆွေများရယ်
တားကြနဲ့ကွယ်။
အက်၊ ဂံ၊ သောနှင့် သြဘာတစ်သွယ်
သည်ရေပြင်တွင်
သေဖြစ်ရှာတော့မယ်။
ကမ်းပေါ်ရှိလူများက ဖြစ်ပျက်မှုအားလုံးကို မြင်သည်။ ၀ိုင်းအော်ကြသည်။ တံငါးလှေများပင် ရောက်ရှိလာကြကာ လိုက်လံ ကူညီကယ်ဆယ်ကြသည်။ ထို့ကြောင့် အားလုံးပင် အသက်ဘေးမှ လွတ်မြောက်ကြသည်။
သေဘေးကိုပင်မမှု၊ ၀ါသနာအတိုင်း စာချိုးခဲ့သည့် ဗန်းမော်ဆရာတော်အကြောင်းကို ပြောစမှတ် ပြုကြသည်။
** နေဘုန်းဝေ **
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment