ဆွမ်းစားပြီးနောက် မွန်းလွဲပိုင်း စာဝါတက်ချိန်ဖြစ်သည်။ ဗန်းမော်ဆရာတော်ကိုယ်တိုင် စာချသည်။ ဆွမ်းစားပြီးစဖြစ်၍ အချို့သော ပဉ္စင်းငယ်တို့ အိပ်ငိုက်ကြသည်။ ဆရာတော်ကလည်း သိသည်။
ဆွမ်းစားပြီးချိန်ဆိုတော့ မောင်ပဉ္စင်းတို့ ငိုက်ကြသကိုး၊ ကိုင်း… သူ့အချိန်နဲ့သူ လုပ်ရတယ်ဆိုတာ သိအောင် ပုံပြင်လေးတစ်ပုဒ်တော့ ပြောဦးမှပဲ…။ ပုံပြင်ဆိုသည်နှင့် ပဉ္စင်းငယ်တို့ မျက်လုံးပြူးလာကြသည်။
ဟိုး… ရှေးရှေးတုန်းက ရွာတစ်ရွာမှာ ပစ္စည်းဥစ္စာချမ်းသာတဲ့ မုဆိုးမကြီးတစ်ယောက် ရှိတယ်။ မုဆိုးမကြီးဖြစ်ပေမယ့် အိမ်မှာ အဖော်အရွေရယ်လို့ တစ်ယောက်မှ မရှိဘူး။ ဥစ္စာပစ္စည်းကလဲ ချမ်းသာ၊ မုဆိုးမအိုကလဲဖြစ်၊ အဖော်အရွေကလဲမရှိတော့၊ အဲဒီအိမ်ကို သူခိုးတွေက မျက်စိကျတယ်…။
စာသင်သားအားလုံးမှာ ဆရာတော်၏ ပုံပြင်ကို စိတ်ဝင်စားစွာ နားထောင်နေကြသည်။
သူခိုးတွေထဲက တစ်ယောက်ကတော့ အခွင့်သာတာနဲ့ ခိုးဖို့စောင့်ရင်း မုဆိုးမကြီးကို အသေအချာ လေ့လာတယ်။ မုဆိုးမကြီးကလဲ ပါးနပ်တယ်။ အလုပ်ကလဲ ဇယ်ဆက်သလို မပြတ်လုပ်တယ်။ ညဉ့်နက်သန်းခေါင် တော်တော်နဲ့ မအိပ်ဘူး။ မီးခွက်တစ်ခွက်နဲ့ တချောက်ချောက်လုပ်ရင် လုပ်၊ ဘုရားအော်ရှိခိုးရင် ရှိခိုး၊ တစ်မျိုးမျိုး လုပ်နေတတ်တယ်။ နိုးနိုးကြားကြား နေတယ်။ ဒီတော့ သူခိုးမှာ ခိုးဖို့မဆိုထားနဲ့ အ၀င်တောင် ခက်နေတယ်။
သူခိုးတစ်ယောက်ကတော့ ဇွဲကောင်းတယ်။ မရရအောင်ခိုးမယ်လို့ စိတ်ပိုင်းဖြတ်ထားတယ်။ တစ်နေ့ အဘွားကြီးအလစ် နေ့ခင်းကတည်းက အိမ်ထဲဝင်၊ ထုတ်ပေါ်တက်ပြီး ကပ်နေတယ်။ ညဘက်အလစ်ကို စောင့်နေတယ်…။
နောက်တော့… အကင်းပါးတဲ့ အဘွားကြီးက ရိပ်မိတယ်။ ဒါပေမယ့် ချက်ချင်း မအော်ဘူး။ မတော်… မထူးဘူးဆိုပြီး သူခိုးက အတင်းဝင် ဓားနဲ့ထိုးရင် ဒုက္ခ၊ ဒီတော့ သူခိုးကပ်နေတာကို မသိချင်ယောင်ဆောင်နေလိုက်တယ်။
အဘွားကြီးက ဥာဏ်များတယ်။ လက်ဖက်တွေများများသုပ်တယ်။ ရေနွေးကြမ်းများများ တည်တယ်။ ပြီးတော့ အိမ်နီးနားချင်းတွေကို ရေနွေးကြမ်းသောက်ဖို့၊ လက်ဖက်စားကြဖို့ တကြော်ကြော်ခေါ်တယ်။
အိမ်နီးနားချင်းတွေလဲ လက်ဖက်သုပ်စားကြရင်း၊ ရေနွေးကြမ်းသောက်ရင်း စကားစမြီပြောကြဖို့ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြတယ်။
ကိုရင်ဖိုးသာတို့
ဗျာ… ကြီးတော်
သူခိုးဆိုတာမျိုးက ဘယ်အချိန်မှာ လာတတ် ခိုးတတ်သလဲကွယ့်
သြော်… ကြီးတော်ရယ်၊ သူခိုးဆိုတာ ညဉ့်နက်မှ လာတတ် ခိုးတတ်တာပေါ့ကြီးတော်ရဲ့
ညဉ့်နက်ဆိုတာ ဘယ်အချိန်လောက်များလဲကွယ့်
သန်းခေါင်၊ သန်းခေါင်ကျော်ပေါ့ ကြီးတော်၊ အိမ်ရှင်တွေ အိပ်မှ၊ အိပ်မောကျမှ ခိုးရတာကိုး၊ ဒါနဲ့… ဘာဖြစ်လို့ လဲ ကြီးတော်…။
ဘာဖြစ်ရမလဲကွယ့်၊ ငါ့အိမ်ထုတ်ပေါ်တက်နေတဲ့ မောင်ရင်ကတော့ အစောကြီး ရောက်နေလို့ကွယ့်…။
အဘွားကြီးမှာ အလွန်ပါးနပ် အကြံပိုင်သည်။ လူစုံမှ ထုတ်ပေါ်ကပ်နေသော သူခိုးကို ဖော်ထုတ်လိုက်သည်။ သူခိုးကလည်း ထိတ်လန့်သွားကာ ထုတ်ပေါ်မှ ခုန်ချကာ ပြေးသွားလေတော့သည်။
အဲဒီလိုပဲ မောင်ပဉ္စင်းတို့၊ အလုပ်ဆိုတာ အချိန်နဲ့ လုပ်ရတယ်။ အချိန်မကျဘဲ လုပ်တော့ ဘယ်မှာလာပြီး အကျိုးရှိပါ့မလဲ။ မောင်ပဉ္စင်းတို့လဲ ခုအစောကြီး ရှိသေးတယ်။ အချိန်မကျသေးဘဲ ငိုက်နေကြပြီကိုး…။
ဗန်းမော်ဆရာတော်ကြီးက နေ့ခင်းဘက် စာချနေစဉ် စာသင်သား တပည့်ဦးပဉ္စင်းများ ငိုက်နေသည်ကို တွေ့သဖြင့် အဆိုပါ ပုံပြင်ကို ပြောခြင်းဖြစ်သည်။
ပုံပြင်ဆုံးသည်တွင် အိပ်ငိုက်နေသော ဦးပဉ္စင်းများလည်း ၀ါးခနဲ ရယ်မောလိုက်ကြသည်။ အိပ်ချင်စိတ်လည်း ပျောက်သွားကြသည်။ ပညာဆိုသည်မှာ သူ့နေရာနှင့် သူအသုံးချရသည်။ စာသင်ရာ၊ ဟောပြောရာတွင်လည်း ဟာသပညာကို သူ့နေရာနှင့်သူ အသုံးချတတ်ရသည်။ ထောင်တန်သည့် စကားရယ်ပေါ့ မဖြစ်စေရသလို တစ်ဖက်သား စိတ်ဝင်စားမှန်းမသိ၊ စိတ်မ၀င်စားမှန်းမသိ၊ တစ်ပြေးတည်းပြောနေ၍ မဖြစ်ပေ။
ဗန်းမော်ဆရာတော်ကား တပည့်များ၏ အခြေအနေတုံ့ပြန်မှုကို အမြဲစိတ်ဝင်စားသည်။ အကဲခတ်သည်။ ရယ်စရာ၊ မှတ်စရာ ပုံပြင်များ၊ အကြောင်းအရာများကို ညှပ်သွင်းပြောဆိုခြင်းအားဖြင့် စိတ်ပြောင်းစေကာ စာပေပို့ချသည်။ ထို့ကြောင့် စာပေပို့ချရာတွင်လည်း ဗန်းမော်ဆရာတော်သည် အောင်မြင်ခြင်း ဖြစ်ပါသည်။
*** နေဘုန်းဝေ ***
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment