ဗန်းမော်ဆရာတော်အကြောင်းပြောလျှင် ဘိက္ခုနီ အာဇာနည်မယ်ကင်းအကြောင်း မပါလျှင် ပြည့်စုံမည်မဟုတ်ချေ။
သီလရှင်မယ်ကင်းသည် စာပေကျမ်းဂန်နှံ့စပ် ကျွမ်းကျင်သည်။ အဟောအပြောကောင်းသလို တရားပြလည်း ကောင်းသည်။ စစ်ကိုင်းဘက်တွင် တပည့်သီလရှင်များနှင့် အတူနေထိုင် သီတင်းသုံးသည်။ စာပေသင်ကြားပို့ချသည်။
မင်းတုန်းမင်းတရားကြီးသည် စာပေကျမ်းဂန်နှံ့စပ်သူများကို ချီးမြှောက်လေ့ရှိသည်။ သီလရှင် မယ်ကင်းကိုလည်း နေပြည်တော်သို့ ပင့်သည်။ သီလရှင်မယ်ကင်းက လက်မခံပါ။ ရွှေကျင်ဆရာတော်မှတစ်ဆင့် ပင့်သည်တွင်မှ နေပြည်တော်လိုက်ပြီး သီတင်းသုံးသည်။
ဤသည်ပင်လျှင် ခြွင်းချက်များနှင့် ဖြစ်သည်။ ဘွဲ့တံဆိပ်တော် မကပ်ရ၊ ပြာသာဒ်ဘုံဆင့်ပါသော ကျောင်းဇရပ် မလှူရ၊ ဆွမ်း၊ ဆွမ်းဟင်း မပို့ရ ဟူသော ကတိစကားကို တောင်းသည်။
“မန္တလေးသာသာနာဝင်ရေးမယ်ဆိုရင် ဘိက္ခုနီအာဇာနည် သီလရှင်မယ်ကင်းကို ချန်၍မရ”ဟု ဆိုစမှတ်ပြုလောက်အောင်ပင် တော်သည်။ တတ်သည်။
ဗန်းမော်ဆရာတော်နှင့် သီလရှင်ဆရာကင်းတို့သည် ငယ်စဉ်ကပင် သိကျွမ်းခဲ့ကြသည်။ ခေတ်ပြိုင်စာစပ်၊ အချိုးကောင်းသူများလည်း ဖြစ်သည်။ တစ်ဦးကိုတစ်ဦး မညှာတမ်း စာစပ်ကြ၊ စာချိုးကြသူများဖြစ်သည်။
ကိုရင်ကြီး ပဏ္ဍိတ စာပြန်ပွဲတွင် အောင်ပွဲခံသည်။ မိဖုရားခေါင်ကြီးကလည်း ပဉ္စင်းခံပေးမည် ဆိုသည်။ ထိုသောအခါတွင် ပဏ္ဍိတက “ပဉ္စင်းခံတော့မည်ဖြစ်ကြောင်း” သီလရှင်မယ်ကင်းထံ အကြောင်းကြားသည်။ ထိုအခါ ဆရာကင်းက အောက်ပါတေးထပ်ကို ရေး၍ စာပြန်သည်။ ဘိက္ခုနီဆရာကင်းက…….
တဏှာကွင်းပစ်ပယ်
ဗလာကျင်းခေတ်နှယ်၊ ချစ်စဖွယ်ဟန်နွဲ့
ဂူမွေ့လို့ လူတွေ့ရှောင်တယ်
မြူရွေ့တောင် အားသစ်လို့ခဲ။
ကမ္မဌာန်းနှင့် မဂ်လမ်းချတယ်
တက်လှမ်းမျှတနဲ…။ ။
မထိတ်သာ စိတ်ရဲလို့၊ မိတ်ဖော်လဲမပါ။
ဘာဝနာဘိညာဉ်ကွန့်တိမ်ယာဉ်ညွန့် စီးတော့မည်သာ
ပုတီးနဲ့ အပြီးပါတယ်
မငြီးရာဈာန်ရိပ်နှင့် ဖန်စိတ်တဲ့သီလသည်
ထူးတဲ့အံ့ဖွယ်။
တောစလို့ လောဘပယ်တယ်
မောဟကွယ် ရှိဘူးလင့်လေး…။ ။
ရှင်ပဏ္ဍိတသည် ထိုတေးထပ်ကို အသေအချာ ဖတ်သည်။ ထို့နောက် နောက်ထပ်တေးထပ်ကို ချက်ချင်းပင် အရွဲ့တိုက်စပ်ဆိုသည်။ သီလရှင်မယ်ကင်းထံ ချက်ချင်းပို့စေသည်။
ဘိက္ခုနီ ဆရာကင်းက တဏှာကွင်းစွပ်မယ်
ဗလာကျင်းဝတ်ထည်ကို ချွတ်မယ်လို့ကုန်ဖွင့်
ဂူမွေ့လို့ လူတွေ့ခံတယ်
မြူရွေ့ဟန် ဆိုတဲ့အကျင့်။
ပြာတစ်ဆုပ်နှင့် မင်္ဂသုတ်သင်တယ်
စက်ဆုပ်ချင်သထင့်။
မန်းသေလာတောင်မြင့်မှ ဖော်မလင့်ဧကစာ
လင်မျှော်ကာ ဖန်ရှည်ရိပ်ကယ်နှင့်
ကြံစည်စိတ် များလှတော့တာ။
ပုတီးသုဉ်းလို့ လူပန်းရှာတယ်
သူ့နှုန်းကာ ငြိမ်သက်နှင့်
ကြံရက်တဲ့သီလသည် ထူးပေ့အံ့ဖွယ်။
လောဘနှင့် မောဟတွယ်သည်
တောခတယ် မယ်ကင်းတဲ့လေး…။ ။
ဗန်းမော်ဆရာတော်သည် တစ်ဖက်သား မခံချိမခံသာ ဖြစ်အောင် စာစပ်သည်။ စာချိုးသည်။ တစ်ခါတစ်ရံလည်း အဓိပ္ပယ်နှစ်ခွထွက်သော သန်လျက်သွားစပ်နည်းမျိုးကို စပ်တတ်သည်။
သာသာပိုင် ဆရာတော်ဘုရားကြီးက ဗန်းမော်ဆရာတော်သည် ပစ်နှင့်တူသည်။ ရှင်စဉ်လည်း မျက်လုံးပြူးပြူး၊ သေသောအခါလည်း မျက်လုံးပြူးပြူး… ဟု မိန့်တော်မူဖူးသည်။
“ဗန်းမော်ဆရာတော်သည် အမူအကျင့်၊ အသွားအလာ၊ အပြောအဆို၊ အနေအထိုင်၊ အရေးအသားတို့္ပ ဣနြေ္ဒကို မစောင့်စည်း၊ ကြမ်းတမ်းသည်။ အထူးသဖြင့် ဂါမဒေါသစွန်းငြိသော စကားနှင့်စာများကို ပြောဆိုရေးသားမှု လွန်စွာ ခင်မင်စွဲလမ်းနှစ်သက်သည်ဟူသော ဆိုးသတင်းများဖြင့်သာ ထင်ရှားခဲ့၍ ဆရာတော်၏ ကောင်းသတင်းများကား မပေါ်လွင်လှချေ။ ဗန်းမော်ဆရာတော်ကား တရားရေအေး တိုက်ကျွေးပြီးလျှင် အဆုံးအမသြ၀ါဒပြုရန် မင်းတုန်းမင်းကြီးကိုယ်တိုင်ပင့်ဖိတ်ရသော ဆရာတော်ကြီးဖြစ်သည်။ အမှန်အားဖြင့် ဆရာတော်သည် ကြမ်းသည်ဟု ဆိုရမည်ထက် ထက်သည်ဟု ဆိုလျှင် ပို၍သင့်လျော်ပေမည်။”
ဗန်မော်ဆရာတော်ကား နုစဉ်ငယ်စဉ်မှသည် ပျံလွန်တော်မူသည်အထိ ထက်မြတ်သူပုဂိုလ်ကျော်ဟု ဆိုရပေမည်။ သူ့စာ၊ သူ့စကား၊ သူ့ဘ၀က သူ၏ ထူးခြားထက်မြတ်သော စိတ်စရိုက်ကို ဖော်ညွှန်းလျက်ရှိပါသည်။
*** နေဘုန်းဝေ ***
(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)
**(စာချိုးအကျော် ဗန်းမော်ဆရာတော် စွယ်စုံပုံပြင်များ)**

No comments:
Post a Comment